အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက်ဝန်ကြီးရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင် ဆွေးနွေးကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆောင်ရွက် လျက်ရှိသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် ပညာရေးကဏ္ဍလေ့လာသုံးသပ်မှု (Education Sector Analysis – ESA) မှ လေ့လာတွေ့ရှိချက်များအရ မည်မျှအောင်မြင်သည်၊ မည်မျှအကောင် အထည်ဖော်နိုင်သည်၊ မည်သည့်လုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းကာ ဖြည့်ဆည်းပေးရမည်ကို ပြန်လည်သုံးသပ်ပြီး ပညာရေးဝန်ကြီးဌာနအပါအဝင် ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ကျောင်းများ နှင့် သိပ္ပံများသည် မိသားစုဝင်များအဖြစ် တစ်ဦးနှင့်တစ်ဦး ကူညီပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်သည် အရေးကြီးပါကြောင်း၊ အဆိုပါစိတ်ဓာတ်များကိုအခြေခံပြီး ပူးပေါင်းဆောင်ရွက် မှုနှင့် စုပေါင်းအင်အားဖြင့်သာ ပညာရေးပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးသည် နှစ်ပေါင်းများစွာအားနည်း ခဲ့သည့်အတွက် အရည်အသွေးရှိသည့်ပညာရေးကိုဦးတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေရပါကြောင်း၊ ထို့ကြောင့် မိသားစုစိတ်ဓာတ်ဖြင့် စုပေါင်းပြီးပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုပါက အောင်မြင်နေ သည့်လုပ်ငန်းများကို ဆက်လက် အရှိန် အဟုန်မြှင့်ကာ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ် သကဲ့သို့ အခက်အခဲများ၊ စိန်ခေါ်မှုများရှိသည့်၊ ဖြည့်ဆည်းပေး ရန်ရှိသည့် လုပ်ငန်းများကို ပြန်လည်စိ စစ်ပြီး တစ်ဦးနှင့်တစ်ဦးကူညီပြီး စုပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန် ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေး ဟူသော မူဝါဒများအပေါ် အခြေခံကာ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်လာစေရေး၊ ပူးပေါင်းဆောင်ရွက် တတ်ရေး၊ တာဝန်ယူမှုတာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုစသည့်  Core Values of Objectives များရရှိစေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းကို အားပေးလျက် ဘဏ္ဍာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိ ပါကြောင်း၊ သူငယ်တန်း+၁၂ တန်း အခြေခံပညာရေးသင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ ပြုစုပြီး အခမဲ့ဖြန့်ဝေခဲ့ပါကြောင်း၊ ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် (Teacher Compentency Standard Framework – TCSF) အပေါ်အခြေခံ၍ သင်ကြားသင်ယူမှု နည်းစနစ်သစ်များဖြင့် သင်ကြားသင်ယူကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ လုပ်ငန်းသစ်အတွက် ကျွမ်းကျင်မှုဖြည့်ဆည်းခြင်း ၊ ကျွမ်းကျင်မှုမြှင့် တင်ခြင်း ၊ စဉ်ဆက်မပြတ် အတတ်ပညာဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရရှိရန် သင်တန်း ပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ပညာသင်စရိတ်ချီးမြှင့်ခြင်း၊ စီမံခန့်ခွဲမှုလေ့ကျင့် ပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားဒေသများကို ဦးစားပေး၍ လိုအပ်ချက် များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊


မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပြီးမြောက်သူ ကျောင်းသားဦးရေ တိုးတက်လာပါ ကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ပထမဆုံးအကြိမ် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိလာပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း ၉ ဒသမ ၇၁၆ သန်းအထိ ရှိလာပါကြောင်း၊ စစ်ဆေး အကဲဖြတ်မှုအပိုင်းတွင်လည်း စဉ်းစားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ်ခြင်းများကို စတင်အသုံးပြုလာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက်    ၇ ချက်ကို ပြည့်မီသဖြင့် အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ဦးရေ (၅၆၆၂၇၄) ရှိပါကြောင်း၊

 


အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှုဆန်းစစ်ချက် ၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်အကဲဖြတ်မှု ၊ မူလတန်း အဆင့် သင်္ချာစွမ်းရည်အကဲဖြတ်မှု  အစီရင်ခံစာများအရ မြန်မာနိုင်ငံ မူလတန်းကလေးငယ်များ သည် စာဖတ်ခြင်း၊ ရေးသားခြင်း နှင့် သင်္ချာစွမ်းရည်များ အားကောင်းသည်ဟု တွေ့ရှိရပါကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့  တွင် အထက်တန်းကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention (၆)ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်မှု ၊ ကောင်းမွန်သော သဘောထားအမြင်နှင့် တန်ဘိုးများ အားကောင်းရန် လိုအပ်ပါကြောင်း၊ မိဘများက ကျောင်းသား ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှုအရည်အသွေး ကောင်းမွန်လာစေရေး မိဘဆရာအသင်း များနှင့် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် လက်ဆောင်ပေးခြင်း၊ ယူခြင်း၊ အုပ်စုဖွဲ့၍ ဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများကို ခွင့်မပြုပါကြောင်း၊  


အမျိုးသားပညာအရည်အချင်းမူဘောင် သတ်မှတ်ချက်အရ အခြေခံပညာသင်ယူပြီး မြောက်ကြောင်း လက်မှတ်ရရှိသူများ အနေဖြင့် Level 4 အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် Level 5 အသက်မွေးဝမ်းကျောင်း Diploma နှင့် Advanced Diploma သင်တန်းများအပြင် Open University တို့ကို အဆင့်ဆင့်တက်ရောက်နိုင်မည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်အတတ် ပညာဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါကြောင်း၊


အရည်အသွေးရှိသောပညာရေးအတွက် ဆရာများ၏ပညာရပ်ဆိုင်ရာစွမ်းဆောင်မှုနှင့်စိတ် ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူ ကို စာနာပေးနိုင်မှုအတွက် အရေးကြီးသကဲ့သို့ စီမံဝန်ထမ်း များ၏ စွမ်းဆောင်ရည်ရှိစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီ နည်းပညာ စွမ်းရည်နှင့် ရုံးစီမံခန့်ခွဲ မှုစွမ်းဆောင်ရည်တို့သည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားဒေသများ၏လိုအပ်ချက် နှင့် စိန်ခေါ်မှုများကို ဦးစားပေး၍ ထောက်ပံ့သွားရန်လည်း လိုအပ်သကဲ့သို့ အခြားဒေသများ၏ လိုအပ်ချက်နှင့် ဦးစားပေး လုပ်ငန်းများကို ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၊ ဆရာများ၊ ကျောင်းသားများ၏ လိုအပ်ချက်ကို ဦးစားပေး အစီအစဉ်ဖြင့် ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာငွေသုံးစွဲ ထောက်ပံ့သွားရန် အရေးကြီးပါကြောင်း၊ အမျိုးသား ပညာအရည်အချင်းအညွှန်းဘောင် ၊ ခရက်ဒစ်လွှဲပြောင်းမှု၊ အရည်အသွေးအာမခံမှု များကို မူဝါဒ လုပ်ငန်းစဉ်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အားပေးဆောင်ရွက်သွားကြရရန် လိုအပ်ပါ ကြောင်း၊ တိုင်းရင်းသားဒေသများကို ဦးစားပေး၍ တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်း များ ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း ၉ ကြိမ်၊ အိုင်စီတီနည်းပညာဆိုင်ရာသင်တန်း ၇ ကြိမ်နှင့် စီမံခန့် ခွဲမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုသင်တန်းများကို ပို့ချလေ့ကျင့်ခဲ့ပါကြောင်း၊


အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများ ဖြစ်ထွန်းစေရေးအတွက် အရည်အသွေး မြှင့်တင်ပေးရမည်ဖြစ်သကဲ့သို့ စီမံခန့်ခွဲရေးဝန်ထမ်းများကိုလည်း အရည်အသွေးမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ သင်ကြားသင်ယူမှုစနစ် မြှင့်တင်ရန်နှင့် စီမံခန့်ခွဲမှုနစ် မြှင့်တင်နိုင်ရန်အတွက် လိုအပ်သောနည်းပညာနှင့် အခြေခံအဆောက်အအုံ များကို ပံ့ပိုးဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်နှင့် ကျောင်းများတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်း ခြင်း၊ အောင်လက်မှတ်ထုတ်ခြင်းတို့အတွက် ဒီဂျစ်တယ်/ အွန်လိုင်းစနစ်နှင့် ဒီဂျစ်တယ်ဘဏ်စနစ် တို့ကို အားပေးဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊


နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီ သည့် ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိ သကဲ့သို့ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစပ်သင်ယူမှု အားပေးခြင်းတို့ကို ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊


တက္ကသိုလ်များတွင် မဟာစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ တက္ကသိုလ် များ လွတ်လပ်စွာစီမံခန့်ခွဲမှုကို အားပေးရ မည်ဖြစ်သကဲ့သို့ တက္ကသိုလ်ကောင်စီ၊  တက္ကသိုလ်ပညာ ရေးအဖွဲ့ ၊ တက္ကသိုလ်စီမံခန့်ခွဲမှုအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သုတေသန၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သီအိုရီ ၊လက်တွေ့တို့ကို အားပေးဆောင်ရွက်ကာ အလုပ်အကိုင်ရရှိရေးကို ဦးတည်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မူဝါဒလမ်းညွှန် စံသတ်မှတ် ချက်များနှင့်အညီ ဒေသလိုအပ်ချက်နှင့်ကိုက်ညီ သည့် ဒီပလိုမာသင်တန်းများ၊ ရိုးရိုးဘွဲ့သင်တန်းများ၊ မဟာဘွဲ့သင် တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ရိုးညွှန်းတမ်း များအဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်နည်း ပညာဖြင့် သင်ယူ မှုနှင့် ထိတွေ့သင်ယူမှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှုကို ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Credit Transfer System ဆောင်ရွက်မှုကို အားပေးရမည်ဖြစ်သကဲ့သို့ သုတေသန ဆောင်ရွက်မှုကိုလည်း အားပေးရ မည်ဖြစ်ပါကြောင်း၊ အရည်အသွေးအာမခံမှုနှင့် အရည်အသွေးအ သိအမှတ်ပြုမှုစနစ်တို့ကို ထူထောင်ရမည်ဖြစ်သကဲ့သို့ ပညာသင်ထောက်ပံ့မှုကိုလည်း အားပေးရ မည်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်နှင့် ပူးပေါင်း ဆောင်ရွက်မှုအရည်အချင်းတို့ကို အခြေခံ၍ ဆရာ၊ ဝန်ထမ်း ခန့်/ပြောင်း/တိုး အားပေးခြင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့် ပူးပေါင်း၍ တက္ကသိုလ် အရည်အသွေးမြင့်မားရေး အားပေး ဆောင်ရွက်ခြင်း၊ ကျောင်းသားဟောင်းများ၊ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အားပေးခြင်း၊ နိုင်ငံတကာနှင့်ပူး ပေါင်းဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပညာဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထား အမြင်၊ တန်ဘိုးထားမှုကဲ့သို့သော ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်သွားရန် နှင့် ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြဿနာကိုဖြေရှင်းမှုကဲ့သို့သော Higher-order Thinking Skills များရရှိရန် သဘောပေါက်နားလည်ခြင်း၊ မှတ်မိခြင်း၊ အသုံးချခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပြန်လည်သုံး သပ်ခြင်း ၊ ဖန်တီးခြင်း၊ ဆန်းသစ်တီထွင်ခြင်း အလေ့အထများကို အားပေး ဆောင်ရွက်ရ မည်ဖြစ်ပါ ကြောင်း၊
အရည်အသွေးရှိသည့် အခြေခံပညာအထက်တန်းအဆင့်ကို လူတိုင်းပြီးမြောက်ရေးဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာပေါင်းစပ်  သင်ယူမှုအခွင့်အလမ်းရှိရေးအတွက် စုပေါင်းအင်အားဖြင့် ညီညီ ညွတ်ညွတ် အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ UNESCO IIEP က ဆောင်ရွက်ထားသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ချက် (Education Sector Analysis – ESA) အစီရင်ခံစာကို ဆက်လက်ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး က နည်းပညာနှင့် သက်မွေးပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းက အဆင့်မြင့် ပညာကဏ္ဍ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည် အသွေးမြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း     (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ မေးမြန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

By Myanmar Education Guide (EDGE) 
 

Latest Post Read 915 times