မြန်မာကျောင်းသားတွေကို သီးသန့် ပေးအပ်ချီးမြှင့်တဲ့ DISP ပညာသင်ဆု ရပ်ဆိုင်းခံရ

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ မြန်မာနိုင်ငံအတွက် ထောက်ပံ့ပေးအပ်တဲ့ Diversity and Inclusion Scholarship Program (DISP) ပညာသင်ဆုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီလ (၂၉) ရက်နေ့၊ ဗုဒ္ဓဟူးနေ့က Department of Government Efficiency (DOGE) ကြေညာချက်အရ သိရပါတယ်။

Elon Musk ဦးဆောင်တဲ့ Department of Government Efficiency (DOGE) ဟာ Donald Trump အစိုးရတက်လာတဲ့အချိန်မှာ အစိုးရရဲ့ အသုံးစရိတ် ထိရောက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်ဖို့ သမ္မတအမိန့်နဲ့ ဖွဲ့စည်းလိုက်တဲ့ အစိုးရဌာနအသစ်တစ်ခု ဖြစ်ပါတယ်။

ဒီပညာသင်ဆုကို ရပ်ဆိုင်းဖို့ Department of Government Efficiency က ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်ကတည်းက စာရင်းတင်ပြခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ (၂၉) ရက်နေ့မှာ သမ္မတ Donald Trump က အတည်ပြု ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပါတယ်။

သမ္မတ Donald Trump က ယခု ရပ်ဆိုင်းလိုက်တဲ့ ပညာသင်ဆု အစီအစဉ်ကနေ မြန်မာကို ကူညီမှုဟာ အလွန်များပြားတဲ့ ငွေကြေးပမာဏ ဖြစ်နေတယ်လို့ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြောခဲ့ပါသေးတယ်။

USAID ကနေ ဦးစီးတဲ့ Diversity Inclusion ပရိုဂရမ်တွေကို ချက်ချင်းရပ်နားထားဖို့ ညွှန်ကြားစာတွေ ထုတ်ပြန်ထားတဲ့အတွက် ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုရေး ထောက်ပံ့မှု အစီအစဉ်များစွာ ရပ်တန့်ထားရပြီး ရက် (၉၀) အတွင်း ပြန်လည်သုံးသပ်စီစစ်ကာ အပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ အသိပေးထားပါတယ်။

DISP ပညာသင်ဆုက မြန်မာ ကျောင်းသား၊ ကျောင်းသူပေါင်း (၁,၀၀၀) ခန့်ကို ပညာသင်ကာလ (၅) နှစ်တာအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ (၄၅) သန်း ထောက်ပံ့ပေးတဲ့ အစီအစဉ်ဖြစ်ပြီး ၂၀၂၄ ပညာသင်နှစ်မှာမှ စတင်ခဲ့တဲ့ ပညာသင်ဆုဖြစ်ပါတယ်။

Cohort 1 မှာ ကျောင်းသား (၂၀၀) ခန့်အထိ ပညာသင်ဆု ပေးအပ်နိုင်ခဲ့ပြီး ၂၀၂၅ ပညာသင်နှစ် Cohort 2 အတွက် ပညာသင်ဆု ပေးအပ်မယ့် ကျောင်းသားတွေကို စီစစ်ရွေးချယ်နေဆဲ ကာလမှ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

အခုလက်ရှိ DISP ပညာသင်ဆုနဲ့ ကျောင်းတက်နေဆဲ မြန်မာကျောင်းသားတွေနဲ့ Cohort 2 မှာ ပညာသင်ဆု အင်တာဗျူး ဖြေဆိုဖို့ ‌စောင့်ဆိုင်းနေသူတွေအနေနဲ့ ပယ်ဖျက်ခံရမလားဆိုတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေကြပြီး တာဝန်ရှိသူတွေဘက်မှ ဘယ်လို ဆက်လက်စီမံသွားမလဲဆိုတာကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရပါတယ်။

ဒီပညာသင်ဆု ရရှိသူတွေဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနိုင်ငံတို့က ထိပ်တန်းတက္ကသိုလ်၊ ကောလိပ်တွေမှာ လူကိုယ်တိုင် တက်ရောက်နိုင်သလို အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်မှာလည်း အွန်လိုင်းမှတဆင့် ပညာသင်ကြားခွင့် ရှိပါတယ်။

DISP ပညာသင်ဆု ပရိုဂရမ်မှာ အထက်တန်းပြီးရင် လျှောက်လို့ရတဲ့ Associate Degree Programs ၊ Certificate Programs ၊ Diploma Programs နှင့် Master’s Degree Programs ဆိုပြီး မတူညီတဲ့ ပညာရေးအစီအစဉ်တွေကို ထောက်ပံ့ပေးပြီး မြန်မာလူငယ်တွေအတွက် အားကိုးအားထားရာ ပညာသင်ဆုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

International News Latest Post Local News Read 223 times