အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၃၀) ရေးဆွဲရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် Max Myanmar Holdings Co., Ltd နှင့် ဧရာဝတီဘဏ်၊  Loi Hein Group of Companies၊ CB Bank၊ ကမ္ဘောဇဘဏ်လီမိတက်၊ Shwe Taung Group of Companies၊ မြန်မာပြည်လုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများအသင်းတို့မှ နာယက၊ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေနံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာပြည်လုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်၊ Max Myanmar Holdings Co., Ltd နှင့် ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ Loi Hein Group of Companies ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ကမ္ဘောဇဘဏ်လီမိတက် နာယကကြီး ဦးအောင်ကိုဝင်း ကိုယ်စား Senior MD ဦးဇော်လင်းအောင်၊ Shwe Taung Group of Companies ဥက္ကဋ္ဌ ဦးအိုက်ထွန်း ကိုယ်စား MD ဦးအောင်ဇော်နိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးပြုပြင်ပြောင်းလဲမှုများကို ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိဆောင်ရွက်နေသည့်အခြေအနေနှင့် ရှေ့ဆောင်ရွက်မည့် အခြေအနေများတွင် လူကြီးမင်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု စုပေါင်းအင်အားသည် အလွန် အရေးကြီးပါကြောင်း၊ နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း။ 

ယနေ့ အားလုံးသိကြသည့်အတိုင်း နည်းပညာဖွံဖြိုးတိုးတက်လာမှုကြောင့် ပညာရေးကို ပုံဖော်သည့် လမ်းကြောင်းများ (Trends Shaping Education, 2019, OECD)၊ ပညာရေး၏ ရှေ့အနာဂတ် ဆောင်ရွက်ရမည့်ပုံစံများတွင် Globalization အနေဖြင့် ယနေ့ ကမ္ဘာ၏ စီးပွားရေးအရွေ့က အင်မတန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကိုယ့်နိုင်ငံတည်ရှိနေသည့် နေရာဝန်းကျင်တွင် Economic Power ၏ Gravity ရောက်လာမှုနှင့် လိုက်လျောညီထွေဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ Globalization တွင် ချမ်းသာဆင်းရဲ စသည့် မညီမျှမှုများ၊ ဆန်းသစ်တီထွင်မှုအသစ်များ၊ ငွေကြေးရွှေ့ပြောင်း နိုင်ခြင်းများ စသည်ဖြင့် များပြားပါကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဒသမ ၅ ဘီလီယံရှိရာတွင်  ၃ ဘီလီယံကျော်သည် လေကြောင်းနှင့်ခရီးသွားလာမှုရှိနေသည်အထိ Mobilities များ အားကောင်း လာပါကြောင်း၊ ဒီမိုကရေစီတွင်လည်း မညီမျှမှု၊ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှု၊ အစုအဖွဲ့အခွင့်အရေးများ၊ ကျေးလက်ဒေသများ ပါဝင်လာသကဲ့သို့ Voting ကလည်း ကမ္ဘာ့နိုင်ငံအများစုတွင် မဲပေးသည့် အရေအတွက် များနေပါကြောင်း၊ အခွန်အခကောက်ခံရာတွင် တရားမျှတမှုမရှိခြင်း၊ ကမ္ဘာ့နိုင်အသီးသီး တွင် ၁၀ ရာခိုင်နှုန်းသော လူဦးရေ၏ အပေါ်တွင်သာ Tax များ မှီခိုနေခြင်းဖြစ်ပါကြောင်း၊ ၉၀ ရာခိုင်နှုန်း သည် အလုပ်လုပ်ကိုင်ရန် ဂုဏ်သိက္ခာရှိသော လခ၊ ဝင်ငွေများကို ရရှိပြီး လူနေမှုအဆင့်အတန်း မြင့်မား ရန်အတွက် ရုန်းကန်နေရပါကြောင်း။

လုံခြုံရေးဟု ပြောပါက ကျန်းမာရေးအတွက်လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ အမျိုးသားအဆင့် လုံခြုံရေး၊ ရာသီဥတုပြောင်းလဲခြင်း စသည်များကို သတိထားရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ (ageing people) များလာသည့်အတွက် စောင့်ရှောက်ပြုစုရန်နှင့် အငြိမ်းစား (retired men) များအတွက် ပိုပြီးဂရုစိုက်ဖို့လိုအပ်လာပါကြောင်း။

ခေတ်မီယဉ်ကျေးမှုတွင်လည်း အွန်လိုင်းသည် အမှန်တကယ်လုပ်ငန်းတွင်လာခြင်း ဖြစ်လာပါကြောင်း၊ လုပ်ငန်းချိန်အတိုးအလျှော့လုပ်နိုင်ခြင်း၊ (flexible work) တွေဖြစ်လာပါကြောင်း၊ ခေတ်သစ် မိသားစုများ ဖြစ်လာပါကြောင်း၊ ရေရှည်တည်တံ့သည့် သယ်ယူပို့ဆောင်မှုများ (green mobility) များ ဖြစ်လာပါကြောင်း၊ ဖခင်တွေက မိခင်တွေလိုပဲ ပိုပြီးတော့ ကလေးများကို ပြုစုပျိုးထောင်လာပြီး လှုပ်ရှားတက်ကြွလာသည့် ဖခင်များ ဖြစ်လာပါကြောင်း။

ယနေ့  ကိုဗစ်ကာလ ကြုံတွေ့ရပြီး ကျောင်းများပိတ်လိုက်သည့်အခါ ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက် နစ်နာမှုများသာမက ပညာရေး၏ ထိခိုက်နစ်နာမှု၊ မမြင်ရသည့် အကျိုးသက်ရောက်မှုများ အများကြီး ရှိနေသည်ကို တွေ့ရပါကြောင်း။

နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ၂၁ ရာစုနှင့် လိုက်လျောညီထွေရှိသော အရည်အသွေးရှိ သည့် ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လက်ရှိဆောင်ရွက်နေသည့် NESP (2016-2021)၏ တွေ့ရှိချက်နဲ့ အကြံပြုချက်များပေါ်တွင် အခြေခံ၍ ဆောင်ရွက်နေပါကြောင်း၊ ပြည်သူများကို ကတိပေး ထားသည့် ဦးစားပေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ မျှော်မှန်းရလဒ်အနေဖြင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများဖြစ်ရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သူများဖြစ်ရန်၊ တာဝန်ယူတာဝန်ခံပြီး အကောင်းဆုံးတာဝန်ကျေပွန်အောင် လုပ်တတ် ရန်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်ရာတွင် Hard Skill နှင့် Soft Skill များကို မျှမျှတတဆောင်ရွက်နေပါကြောင်း။

တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် ပညာရေးပြုပြင် ပြောင်းလဲမှုဆောင်ရွက်ရာတွင် တိုင်းရင်းသားဒေသများကို ဦးစားပေးသလို ဖွံဖြိုးမှုအားနည်းသော ဒေသများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်သူများကို ဦးစားပေးပါကြောင်း၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများကို စွမ်းရည်မြှင့်ပေးခြင်းများ၊ သုတေသနလက်တွေ့လုပ်ငန်းများကို လုပ်ငန်းခွင်တွင် ကျွမ်းကျွမ်းကျင်ကျင်နှင့် အကောင်းဆုံးဆန်းသစ်တီထွင် ဖန်တီးနိုင်သည့် စွမ်းရည်များရအောင် ဆောင်ရွက်ပေးနိုင်သော အသုံးချသုတေသနများ၊ သင်ရိုးများ၊ ယင်းအချက်များပေါ်တွင် အခြေခံ ဆောင်ရွက်သည့် သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားသင်ယူမှု နည်းစနစ်များကလည်း အရေးကြီးကြောင်း။

ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်သင်ကြားသင်ယူမှုများ အရေးကြီးပါကြောင်း၊ သို့သော် ဒစ်ဂျစ်တယ် သင်ကြားသင်ယူမှု အဆင့်မြင့်နည်းပညာဖြင့် သင်ယူမှုများသည် ကျောင်းသားကျောင်းသူများနှင့် သင်ယူ သူများကို မှတ်မိနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းများကိုသာ မြှင့်တင်ပေးနိုင်ပါကြောင်း၊

စာသင်ခန်းတွင်းသင်ကြားသင်ယူမှုသည် လက်တွေ့လက်ဆင့်ကမ်းသင်တန်းပေးခြင်း  ဖြစ်သောကြောင့် Robotics များ၊ Artificial Intelligence စသည်များ အားကောင်းလာသော်လည်း ယနေ့အထိ စာသင်ခန်းတွင်းသင်ကြားသင်ယူမှု (Face-to-Face Teaching Learning) အား အစားထိုးလို့မရသေးပါ ကြောင်း၊ Face-to-Face Teaching Learning ၊ High-Touch Learning များကသာ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများနှင့် ပြည်သူများ၏ အသုံးချခြင်း ၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ အကဲဖြတ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်း (Innovation) နှင့် ဖန်တီးခြင်း (Creation) များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း။

ယနေ့ ကိုဗစ်ကာလအခြေအနေနှင့် ကြုံတွေ့ရာတွင် နည်းပညာကိုလည်း အသုံးပြုရမည်ဖြစ်သကဲ့သို့ ရရင်ရသလို  စာသင်ခန်းတွင်းသင်ကြားသင်ယူမှုများကိုလည်း သုံးရမည်ဖြစ်သည့်အတွက် High-Tech Learning နှင့် High-Touch Learning ပေါင်းစပ်ပြီးသုံးသည့် Blended Learning  အသုံးပြု ဆောင်ရွက်ရန်လိုပါကြောင်း၊ ကျောင်းများတွင်လည်း ကွန်ပျူတာနည်းပညာများ အရေးကြီးပါကြောင်း၊ ယနေ့ခေတ်တွင် Digital Economy အားကောင်းလာပြီး စက်ရုံများ၊ အလုပ်ရုံများ၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်ကွန်ပျူတာနည်းပညာကို အခြေပြုထားကြပါကြောင်း၊ စီမံခန့်ခွဲမှုများ၊ ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းများပူးပေါင်းကာ အပြန်အလှန်အကျိုးပြုပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ သည်လည်း အရေးကြီးပါကြောင်း။

ဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနေသကဲ့သို့ လိုအပ်သည့် နည်းပညာနှင့် အခြေခံအဆောက်အအုံများဖြစ်သော စာသင်ခန်း၊ စာကြည့်တိုက်၊ ရေနှင့် မိလ္လာစနစ်၊ ဝန်ထမ်းအိမ်ရာ စသည်များ ဖြည့်ဆည်းပေးနေရာတွင် ပုဂ္ဂလိက၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း။

ပညာရေးကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်၍  အဆင့်လိုက်အကောင်အထည်ဖော်နိုင်ရန်  အမျိုးသား အရည်အချင်းမူဘောင်ကို သတ်မှတ်၍ ဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုများသည် အရေးကြီးပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် High-Tech Learning ၊ High-Touch Learning ၊ Blended Learning များဖြင့် ကျောင်းသားကျောင်းသူတွေ သင်ယူသူတွေကို တစ်သက်တာသင်ယူမှုအခွင့်အလမ်းများဖြင့် ပြည်ထောင် စုကြီးတွင် ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် နေထိုင်နိုင်ရန်အတွက် ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် အရည်အသွေးများ ရရှိလာစေရန် Learning Objectives များ၊ Learning Outcomes များနှင့် Learning  Competencies များ  သတ်မှတ်၍  ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိသလို မအောင်မြင်သည့်အရာများလည်း ရှိပါ ကြောင်း၊ အတော်ဆုံး အထူးချွန်ဆုံးသူများ ဆရာဆရာမဖြစ်လာလျှင် ပညာရေးကို အရည်အသွေး ကောင်းအောင် မြန်မြန်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ဆရာဆရာမများကို ပြုစုပျိုးထောင် နေသည့် ပညာရေးဒီဂရီကောလိပ်များရှိ Student Teachers များနှင့် Teacher Educators များကို ပညာရေးပြုပြင်ပြောင်းလဲမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် စီးပွားရေးပြောင်းလဲမှုများ အကြောင်း ကို အသိပေးရန်နှင့် ကောင်းသောသဘောထားအမြင်ကို မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ မိဘအုပ်ထိန်းသူ ပြည်သူများ၏ ရင်သွေးငယ် ကျောင်းသားကျောင်းသူများအား သင်ယူတတ်မြောက်မှု အရည်အသွေး ပိုကောင်းလာအောင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အားနည်းနေကြောင်းကို South-East Asia Primary Learning Matric သုတေသနအစီရင်ခံစာတွင် တွေ့ရပါကြောင်း။

အဓိကမှာ ဆရာဆရာမများ၏ အရည်အသွေး အရေးကြီးသကဲ့သို့ မိဘများလည်း အရေးကြီးပါကြောင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက် မှုသည် အင်မတန်အရေးကြီးပါကြောင်း၊ စုပေါင်းအင်အားနှင့် လုပ်ဆောင်ပါက နိုင်ငံ၏ အရည်အသွေး ရှိသော ပညာရေးကို လက်တွေ့ကျကျ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း။

ယနေ့ တက်ရောက်ချီးမြှင့်ပေးသည့် လူကြီးမင်းများ၏ အကြံဉာဏ်များ၊ ဝေဖန်မှုများ၊ ဆွေးနွေး ချက်များသည် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် တန်ဖိုးမဖြတ်နိုင်သော ဆွေးနွေးအကြံပြုချက်များ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း     (၂၀၂၁-၂၀၃၀) ရေးဆွဲရေး၊ ပညာရေးပြုပြင်ပြောင်းလဲမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၊ အကြံပေး ခဲ့ကြကြောင်း သိရသည်။ 

ဆက်စပ်ဖတ်ရှုရန်  >>> အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၃၀) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းဆွေးနွေး

By Myanmar Education Guide (EDGE) 

Latest Post Read 531 times