၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယားကျောင်းများ၌ AI ဖတ်စာအုပ်များ စတင်မိတ်ဆက်မည်

 

LG Electronics၊ Samsung Electronics နှင့် အခြား တောင်ကိုရီးယား နည်းပညာကုမ္ပဏီများသည် လျင်မြန်စွာ ကြီးထွားလာသော ပညာရေးနည်းပညာ (edtech) စျေးကွက်သို့ ဝင်ရောက်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။  ၎င်းတို့သည် ဉာဏ်ရည်တု (AI) ကို စာသင်ခန်းများအတွင်း ထည့်သွင်းအသုံးပြုခြင်းကို အာရုံစိုက်ကာ လုပ်ဆောင်လျက်ရှိပါသည်။ 

 

LG သည် ၂၀၂၃ ခုနှစ်မှစတင်၍ တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ ကျောင်း (၁၈) ကျောင်းတွင် "Future Classrooms" များကို တပ်ဆင်ပေးခဲ့ပါသည်။ ထိုစာသင်ခန်းများတွင် AI-powered CLOi စက်ရုပ်များနှင့် ချိတ်ဆက်ထားသော Digital whiteboards များ ပါရှိပါသည်။ ဤစက်ရုပ်များသည် ကျောင်းသားများနှင့် အပြန်အလှန် ဆက်ဆံပြောဆိုနိုင်ပြီး ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြားကာ Beethoven ၏ တေးဂီတကိုလည်း တီးခတ်နိုင်သည်။ 

 

LG သည် တောင်ကိုးရီးယားနိုင်ငံရှိ မူလတန်းမှ အထက်တန်းကျောင်းအထိ ကျောင်းသား ၅ သန်းအတွက် ၂၀၂၅ ခုနှစ်၊ မတ်လ စာသင်နှစ်တွင် AI-powered ဒစ်ဂျစ်တယ် ဖတ်စာအုပ်များကိုလည်း စတင်မိတ်ဆက်ပေးမည်ဖြစ်သည်။

 

ဤအစီအစဉ်ကို  ကမ္ဘာတစ်ဝှမ်းတွင် တောင်ကိုရီးယားနိုင်ငံမှ ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး LG သည် အဆိုပါ AI ဖတ်စာအုပ်များကို ဖန်တီးရာတွင် ပါဝင်သည့် ကုမ္ပဏီ (၆၀) ထဲမှ တစ်ခုဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ 

 

 

တောင်ကိုရီးယားတွင် AI ဖတ်စာအုပ်များကို မိတ်ဆက်ခြင်းဖြင့် AI သည် ကျောင်းသားတစ်ဦးစီ၏ ကျွမ်းကျင်မှုအဆင့်ကို အကဲဖြတ်ပေးနိုင်မည်ဖြစ်သည်။ သင်ခန်းစာများတွင် လေ့လာသင်ယူမှုကို ပိုမိုဆွဲဆောင်မှုရှိစေရန်အတွက် Virtual Reality (VR) ဖြင့်လည်း ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

AI ဖတ်စာအုပ်များကို မိတ်ဆက်သည့်အခါ LG ၏ AI စက်ရုပ် CLOi သည် စာသင်ခန်းအတွင်းရှိ ဆရာများကို ကူညီပေးပါမည်။ "ငါတို့သည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အဆင်ပြေပြီးသား ကျောင်းသားများအတွက် ပျော်စရာကောင်းပြီး အပြန်အလှန် အကျိုးပြုသော စာသင်ခန်းတစ်ခု ဖန်တီးရန် ရည်ရွယ်ပါသည်" ဟု LG ၏ ပညာရေးပိုင်းမှ အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။

 

Samsung သည် ကျောင်းများအတွက် ဒီဇိုင်းထုတ်ထားသော AI-equipped Display ကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် မိတ်ဆက်ခဲ့ပါသည်။ ဆရာများသည် အခန်းအတွင်းရှိ မည်သည့်နေရာတွင်မဆို အသံဖြင့် အမိန့်ပေးပြီး သင်ခန်းစာများကို စာသားဖြင့် ဖော်ပြနိုင်ခြင်း၊ အနှစ်ချုပ်နိုင်ခြင်းတို့ကို အလိုအလျောက် ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဆရာများသည် Whiteboard ရှေ့တွင် ရပ်ရန်မလိုအပ်ဘဲ အခန်းအတွင်း လှည့်ပတ်သွားလာနေပြီး ကျောင်းသားများကို ပိုမိုအာရုံစူးစိုက်နိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ 

 

 

တောင်ကိုရီးယားအင်တာနက်ကုမ္ပဏီကြီး Naver သည် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပေးခြင်းအတွက် အက်ပ်တစ်ခုကို တီထွင်ခဲ့ပြီး အလားတူ Kakao ကုမ္ပဏီတွင်လည်း ကျောင်းသားများ၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများကို ဆက်သွယ်ရန်အတွက် အက်ပ်တစ်ခု ရှိပါသည်။

 
ဒစ်ဂျစ်တယ်နည်းပညာသည် စာသင်ခန်းထဲတွင် ရှေ့သို့ ဦးဆောင်နေသော်လည်း ရေရှည်တိုးတက်မှုအတွက် သွားရမည့်ခရီးမှာ လိုအပ်နေပါသေးသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ edtech စျေးကွက်သည် ၂၀၂၅ ခုနှစ်တွင် $404 ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် $800 ဘီလီယံသို့ နှစ်ဆရှိလာလိမ့်မည်ဟု တောင်ကိုရီးယားနိုင်ငံ၏ အခွန်အကြံပေးကုမ္ပဏီ Samil PwC မှ ပြောကြားခဲ့သည်။

 

အထူးသဖြင့် ကလေးမွေးဖွားနှုန်း နည်းသော တောင်ကိုရီးယားတွင် နိုင်ငံ၏ကျောင်းနေအရွယ်လူဦးရေ - အသက် ၆ နှစ်မှ ၂၁ နှစ်ကြားရှိသူများသည် ၂၀၂၀ ခုနှစ်တွင် ၇.၈၉ သန်းမှ ၂၀၃၀ ခုနှစ်တွင် ၆ သန်းဝန်းကျင်သို့ ကျဆင်းသွားလိမ့်မည်ဟု Samil PwC မှ ခန့်မှန်းထားသည်။ ထို့ကြောင့် နည်းပညာကုမ္ပဏီများသည် ပြိုင်ဘက်များထက် နိုင်ငံရပ်ခြားကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြပါသည်။ 

 

LG သည် ၂၀၂၄ ခုနှစ်တွင် ၎င်း၏ "Future Classrooms" များကို ဂျပန်နိုင်ငံတွင် မိတ်ဆက်ရန် စီစဉ်ထားပါသည်။ ဂျပန်နိုင်ငံသည် မူလတန်းနှင့် အလယ်တန်းကျောင်းရှိ ကျောင်းသားတိုင်းအတွက် စက်ပစ္စည်းတစ်မျိုးကို ထောက်ပံ့ပေးရန် ရည်ရွယ်၍ Giga School Program ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည်။ ထို့ကြောင့် LG အတွက် ဂျပန်နိုင်ငံကို တားဂတ်ထားမည်ဆိုလျှင် ပိုမိုလွယ်ကူစေသည်ဟု ပညာရေးအဖွဲ့ခေါင်းဆောင်များက သုံးသပ်ထားသည်။ 


LG ကုမ္ပဏီသည် Odisha ပြည်နယ်အရှေ့ပိုင်းရှိ အစိုးရကျောင်း ၂,၉၀၀ သို့ စုစုပေါင်း Digital whiteboards ၁၀,၀၀၀ ကို ရောင်းချခဲ့ပြီး အိန္ဒိယဈေးကွက်သို့ ထိုးဖောက်ခဲ့သည်။ ကုမ္ပဏီဘက်မှ ၂၀၂၃ ခုနှစ်တွင် ကိုယ်စားလှယ်များခန့်အပ်ပြီး ၎င်းတို့၏ လိုအပ်ချက်များကို ကျောင်းများထံ မေးမြန်းခဲ့သည်။

 

Naver သည် ၂၀၂၃ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ၏ ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနနှင့် သဘောတူညီမှု ရယူခဲ့ပြီး မွန်ဂိုလီးယားရှိ ကျောင်းပေါင်း (၇၂၅) ကျောင်းမှ ကျောင်းသားများအတွက် ၎င်း၏ ပညာရေးပလပ်ဖောင်းကို အခမဲ့အသုံးပြုခွင့် ပြုခဲ့သည်။ 

 

တစ်ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီများသည် ပညာရေးဆိုင်ရာနည်းပညာ (edtech) စျေးကွက်တွင် ဝင်ရောက်လာသည်နှင့်အမျှ ပြိုင်ဆိုင်မှုသည် ပိုမိုပြင်းထန်လာသည်။ ဤနည်းပညာလုပ်ငန်းသည် လျင်မြန်စွာ ကြီးထွားလာသည်ကို တွေ့မြင်ရသော်လည်း ၎င်းသည် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် အန္တရာယ်များလည်းရှိသည်။ 

 

Source - Nikkei Asia 

 

International News Read 104 times