Lesson Plan တစ်ခု ရေးဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်များ

 

အတန်းမစခင်မှာ အချိန်သီးသန့် ပေးပြီး ကိုယ်ဘာသင်မယ်၊ ဘယ်သူ့ကို သင်မယ်၊ ဘယ်လိုသင်မယ်၊ ဘာကြောင့်သင်မယ်၊ ဘယ်လောက်အချိန်ယူမလဲဆိုတာကို အစီအစဉ်တကျ ရေးဆွဲခြင်းကို Lesson Planning လုပ်တယ်လို့ ခေါ်ပါတယ်။

 

သင်ခန်းစာ အစီအစဉ်တစ်ခု ရေးဆွဲတဲ့အခါမှာ သင့်အနေနဲ့ စာသင်ကြားခြင်းအပေါ် ယုံကြည်မှု ပိုရှိလာမယ့်အပြင် သင့်ကျောင်းသားတွေအတွက်လည်း အဓိပ္ပါယ်ရှိတဲ့ သင်ယူမှု အတွေ့အကြုံကို ရရှိစေမှာ အမှန်ပါ။ ဒါကြောင့် စနစ်တကျနဲ့ ထိရောက်မှုရှိတဲ့ Lesson Plan ရေးဆွဲရာမှာ အထောက်အပံ့ဖြစ်ဖို့ အဆင့်ဆင့် လမ်းညွှန်ချက်တွေကို မျှဝေပေးသွားပါမယ်။ 


၁။ သင်ကြားရခြင်း ရည်ရွယ်ချက်ကို သတ်မှတ်ပါ။

သင်ခန်းစာပြီးဆုံးချိန်မှာ ကျောင်းသားတွေကို ဘာတက်မြောက်သွားစေချင်တာလဲဆိုတာကို အရင်ဆုံး သတ်မှတ်ပါ။ သင်ကြားရခြင်း ရည်ရွယ်ချက်ကို စဉ်းစားတဲ့အခါမှာ (SMART) - Specific (တိကျသော) ၊ Measurable (တိုင်းတာနိုင်သော) ၊ Achievable (ရရှိနိုင်သော) ၊ Relevant (သက်ဆိုင်သော) ၊ Time-bound (အချိန်အပိုင်းအခြား) နည်းလမ်းကို အသုံးပြုရပါမယ်။ ဥပမာ - သင်က Past tense verbs တွေအကြောင်း သင်မယ် ဆိုပါစို့။

Specific - ကျောင်းသားတွေက အတိတ်ကာလ တြိယာတွေကို စာကြောင်းတွေမှာ ခွဲခြား အသုံးပြုတတ်သွားရပါမယ်။

Measurable - ကျောင်းသားတွေက စာသင်နေစဉ်မှာ အတိတ်ကာလ တြိယာ (၁၀) လုံးကို သိသွားရပါမယ်။

Achievable - ကျောင်းသားတွေက အတိတ်ကာလ တြိယာတွေ သုံးပြီး စာကြောင်းတွေ ရေးနိုင်ရပါမယ်။

Relevant - အတိတ်ကာလ တြိယာတွေကို လက်တွေ့အကြောင်းအရာနဲ့ ဆက်စပ်ပြီး အသုံးချနိုင်ရပါမယ်။

Time-bound - ကျောင်းသားတွေက အတန်းချိန်ပြီးတာနဲ့ သင်ခန်းစာ ရည်ရွည်ချက်အတိုင်း ရရပါမယ်။

 

၂။ သင်ကြားရေးနည်းလမ်းတွေကို ရွေးချယ်ပါ။

သင်ကြားရေးနည်းလမ်းကို ရွေးချယ်ဖို့၊ ကျောင်းသားတွေ အတူပါ၀င်နိုင်မယ့် Activity တွေ ဖန်တီးဖို့ သင့်ကျောင်းသားတွေရဲ့ အသက်၊ အတန်း၊ ကျွမ်းကျင်မှု၊ စိတ်ဝင်စားမှု၊ အားသာချက်၊ အားနည်းချက် စတာတွေကို ထည့်သွင်း စဉ်းစားရပါမယ်။ သူတို့ စိတ်ဝင်စားတဲ့ သင်ကြားရေးပုံစံအတိုင်း သင်ခန်းစာ အစီအစဉ်ကို ရေးဆွဲရမှာ ဖြစ်ပါတယ်။

သူတို့က ရုပ်ပုံတွေကို မှတ်နိုင်သူလား၊ ဗီဒီယို ကြည့်ရတာကို စိတ်ဝင်စားသူလား၊ လက်တွေ့လုပ်ဆောင်ရတာကို ကြိုက်နှစ်သက်သူလား စသဖြင့် သိရအောင် လုပ်ပါ။ ကိုယ့်ရဲ့ သင်ကြားရေးနည်းလမ်းက ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ အရေးကြီးပါတယ်။

ဥပမာ - သင်က အတန်းငယ်တွေကို သင်ကြားရတဲ့အခါ ကလေးအကြိုက်ဖြစ်တဲ့ ရောင်စုံရုပ်ပုံတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေကို အဓိက ထည့်သွင်းပြီး သင်ကြားသင့်ပါတယ်။ 


၃။ သင်ကြားရေး အချိန်ကို လက်တွေ့ကျကျ သတ်မှတ်ပါ။ 

သင်ခန်းစာတစ်ခုကို သင်ကြားတဲ့အခါမှာ သတ်မှတ်အချိန်အတွင်း ကျောင်းသားတွေကို တစ်ဆင့်ချင်း ဘယ်လို ဆွဲခေါ် သင်ကြားရမလဲဆိုတာကို ပြင်ဆင်ထားပါ။ ပုံမှန်အားဖြင့် အချိန်အပိုင်းအခြားအလိုက် အပိုင်း (၅) ပိုင်း ခွဲပြီး သင်ကြားနိုင်ပါတယ်။ 

ပထမဆုံးအနေနဲ့ (၅-၁၀) မိနစ်လောက်မှာ Warm-up လုပ်စေပါ။ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ဖို့ အသံအနေအထားကအစ ဆွဲဆောင်မှုရှိရှိနဲ့ စတင်ပါ။ သင်မယ့် သင်ခန်းစာနဲ့ ပတ်သက်ပြီး မေးခွန်းမေးတာ၊ အရှေ့သင်ခန်းစာကို ပြန်နွှေးတာမျိုး လုပ်ဆောင်ပါ။ 

သင်ခန်းစာ မိတ်ဆက်မှု (Introduction) ကိုတော့ အချိန် (၁၀-၁၅) အတွင်း ပြောပြရပါမယ်။ သင်ခန်းစာရဲ့ အဓိက သဘောတရားတွေကို ရှင်းပြဖို့ ရုပ်ပုံတွေ၊ ဇာတ်လမ်းတွေ (သို့) ဥပမာတွေကို အသုံးပြုပါ။ သင်ကြားရခြင်း ရည်ရွယ်ချက်ကိုလည်း ကျောင်းသားတွေကို နားလည်အောင် ရှင်းပြပါ။

သင်ခန်းစာ သင်ကြားဖို့နဲ့ လေ့ကျင့်ဖို့ (Guided Practice) အတွက် မိနစ် (၂၀) အချိန်ယူပါ။ သင်ကြားနေချိန်မှာပဲ ကျောင်းသားတွေအတွက် လေ့ကျင့်ခန်းတွေ၊ အပြန်အလှန် ဆွေးနွေးမှုတွေကို လုပ်ဆောင်စေပါ။ 

နောက်ထပ် (၁၅-၂၀) မိနစ်က Independent Practice အတွက် ကျောင်းသားတွေကိုယ်တိုင် လေ့ကျင့်ခန်းတွေ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဆရာကတော့ အတန်းထဲ လှည့်ပတ်ပြီး အဖြေမှန် စစ်ပေးတာမျိုး လုပ်ရမှာပါ။ 

နောက်ဆုံးအနေနဲ့ (၅) မိနစ်လောက်ကို သင်ပြီးခဲ့တဲ့ သင်ခန်းစာ အကြောင်းအရာကို ချူံငုံပြီး ရှင်းပြခြင်း၊ အရေးကြီး အချက်တွေကို ပြောပြခြင်း စတဲ့ Wrap-up အတွက် အချိန်ပေးရမှာ ဖြစ်ပါတယ်။  

သင်ခန်းစာတစ်ခု သင်ကြားတဲ့အခါ ဒီလို ပုံစံနဲ့ အဆင့်ဆင့် သင်ကြားရမယ့်အပြင် အတန်းပြီးတဲ့အခါမှာလည်း သင်ခန်းစာနဲ့ ပတ်သက်ပြီး အိမ်စာပေးတာ၊ ဆွေးနွေးဖို့ မေးခွန်း ချန်ခဲ့တာမျိုး လုပ်နိုင်ပါတယ်။ 

 

၄။ အသုံးပြုမယ့် သင်ထောက်ကူပစ္စည်းများ စုဆောင်းပါ။

အသုံးဝင်တဲ့ သင်ထောက်ကူ ပစ္စည်းတွေနဲ့ သင်ကြားရေး အရင်းအမြစ်တွေကို ရွေးချယ်ပါ။ အတန်းမစမီထဲက သင်ခန်းစာအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုဆောင်းထားပါ။ သင်ကြားရေးပိုင်းမှာ အသုံးပြုမယ့် ပုံနှိပ်ပစ္စည်းတွေဖြစ်တဲ့ စာအုပ်တွေ၊ လေ့ကျင့်ခန်းစာရွက်တွေကို ပြင်ဆင်ထားရပါမယ်။ နောက်ပြီး မီဒီယာအရင်းအမြစ်တွေ ဖြစ်တဲ့ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ Presentation တွေကို ကြိုတင် ဒေါင်းလုတ် ဆွဲထားရပါမယ်။ ဒါ့အပြင် Activity တွေ လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ သင်ထာက်ကူပစ္စည်းတွေကိုလည်း ရှာဖွေထားရပါမယ်။ သင်ကြားရေးမှာ မပါမဖြစ် အရေးကြီးတဲ့ နည်းပညာ အသုံးပြုမှုအတွက် ပညာရေးဆိုင်ရာ အက်ပ်တွေကိုလည်း သိထားရပါမယ်။ 

 

၅။ ကျောင်းသားများရဲ့ တတ်‌မြောက်မှုကို အကဲဖြတ်စစ်ဆေးပါ။

သင်ခန်းစာ သင်ကြားမှု ပြီးစီးတဲ့အခါ ကျောင်းသားတွေရဲ့ နားလည်တတ်မြောက်မှုကို မဖြစ်မနေ စစ်ဆေးရပါမယ်။ အကဲဖြတ် စစ်ဆေးမှု အမျိုးမျိုးရှိတဲ့ထဲက ကျောင်းသားတွေ သင်ခန်းစာအပေါ် နားလည်ခြင်း ရှိ/မရှိကို ကောင်းစွာ သိနိုင်ဖို့ ဘယ်လို အကဲဖြတ်မှုမျိုးကို အသုံးပြုမလဲဆိုတာလည်း စဉ်းစားရပါမယ်။

ပထမဆုံးအနေနဲ့ သင်ကြားနေချိန်မှာ သင်ခန်းစာနဲ့ ပတ်သက်ပြီး Quizz တွေ မေးတာ၊ အုပ်စုဖွဲ့ ဆွေးနွေးတာတွေ လုပ်ရပါမယ်။ ဒီလို အကဲဖြတ်မှုမျိုးကို Formative assessment လို့ ခေါ်ပါတယ်။ နောက်တစ်နည်းကတော့ Summative assessment လို့ ခေါ်တဲ့ သင်ခန်းစာတစ်ခုလုံးပြီးမှ အားလုံးကို ခြုံငုံပြီး စစ်ဆေးတဲ့ စာမေးပွဲ၊ Assignment စတာတွေ ဖြစ်ပါတယ်။ 

 

၆။ သင်ခန်းစာအပေါ်  ပြန်လည် သုံးသပ်ပါ။

သင်ခန်းစာတစ်ခု သင်ပြီးတိုင်း ဘယ်အရာကို ကောင်းကောင်း လုပ်နိုင်ခဲ့လဲ၊ ဘယ်အရာမှာ ပိုပြီး တိုးတက်သွားလဲ၊ ဘယ်အရာမှာ အားနည်းသွားလဲဆိုတာကို ပြန်လည် သုံးသပ်ဖို့ အချိန်ပေးပါ။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် နောက်သင်ခန်းစာတွေမှာ ပိုကောင်းဖို့အတွက် လုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေကို သိရှိနိုင်မှာပါ။ 

သင့်ကိုယ်သင် မေးရမယ့် မေးခွန်းများ

  • ကျောင်းသားတွေအတွက် သင်ကြားရေး ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့လား?
  • သင်ခန်းစာကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးမြောက်အောင် သင်ကြားနိုင်လား?
  • ကျောင်းသားတွေ တက်ကြွစွာ ပါဝင်ရဲ့လား?
  • သင်ခန်းစာရဲ့ အဓိက အကြောင်းအရာတွေကို နားလည်ကြလား?
  • နောက်သင်ခန်းစာမှာ ဘယ်လို တိုးတက်အောင် လုပ်မလဲ?

 

Lesson Plan အတွက် နမူနာပုံစံ

 

ခုဖော်ပြထားတဲ့ Lesson Plan က ဥပမာ အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အခြေခံအချက်တွေကိုသာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဘာသာရပ်၊ သင်ကြားမှုပုံစံ၊ ကျောင်းသားအခြေအနေ၊ စာသင်ခန်းအခြေအနေတို့အပေါ်မူတည်ပြီး ပြောင်းလဲ ပြင်ဆင်နိုင်ပါတယ်။ 

 

High Primary Secondary Read 11 times