တောင်ကိုးရီးယားတွင် ကျောင်းဆရာ သတ်သေမှု တစ်နှစ်ကို ပျမ်းမျှ ၂၀ ဦးရှိ

 

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပညာရေးဝန်ကြီးဌာန ဒေတာအချက်အလက်အရ တောင်ကိုရီးယားနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပျမ်းမျှ ကျောင်းဆရာ (၂၀) ဦးသည် သတ်သေမှုရှိကြောင်း သိရသောကြောင့် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။  

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဆရာ (၁၉) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယခုနှစ်အထိလည်း ထိုပြသနာ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါသည်။ ဤစိတ်အနှောက်အယှက်ဖြစ်ဖွယ် ပြသနာသည် ပညာရေးစနစ်အတွင်း ကြီးမာသော အကျပ်အတည်းဖြစ်လာမည်ဟု ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် Jin Sun-me က ပညာရေးဝန်ကြီးဌာနမှ ရရှိသော အချက်အလက်များကို ကိုးကားပြီး အစီရင်ခံ တင်ပြသည်။

 

၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ဆရာ ၁၆၈ ဦး အဆုံးစီရင်မှု ပြုလုပ်ရာတွင် အများစုမှာ မူလတန်းပြဆရာများဖြစ်ပြီး ၅၁ ဒသမ ၂ ရာခိုင်နှုန်း၊ အထက်တန်းပြဆရာ ၂၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် အလယ်တန်းပြဆရာ ၂၁ ဒသမ ၄ ရာခိုင်နှုန်း တို့ရှိသည်။

 

မူလတန်းကျောင်းဆရာများအကြား မိမိကိုယ်ကို သတ်သေမှုအရေအတွက်သည် ယခင်နှစ်တွင် ၁၂ ခုရှိခဲ့ပြီး ယခုနှစ် ဩဂုတ်လအထိ တိုင်းတာချက်အရ ခြောက်ခုသာ ရှိသောကြောင့် အနည်းငယ် ကျဆင်းသွားသော်လည်း စိုးရိမ်နေရဆဲ အခြေအနေဖြစ်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လက ဆိုးလ်မြို့ရှိ Seoi မူလတန်းကျောင်းမှ ဆရာမတစ်ဦး သေဆုံးမှုအား တုံ့ပြန်သည့်အနေဖြင့် ပညာရေးဝန်ကြီးဌာနသည် "ဆရာများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေငါးခု" ကို ပြဋ္ဌာန်းခဲ့ပြီး ဆရာများအတွက် ကျောင်းသားများအပေါ် သင်ကြားပို့ချမှုဆိုင်ရာ ရှင်းလင်းသော လမ်းညွှန်ချက်များ ပေးခဲ့သည်။

 

သို့သော်လည်း ဤကြိုးပမ်းမှုများကြားမှ ဆရာ၊ ဆရာမများ၏ သတ်သေမှုများသည် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ၎င်းတို့၏အခွင့်အရေးများကို ချိုးဖောက်ခြင်းမှ အကာအကွယ်ပေးရန် ရည်ရွယ်သည့် ကာကွယ်ရေးအစီအမံများတွင် ကန့်သတ်ချက်များရှိနေကြောင်းကို မီးမောင်းထိုးပြနေသည်။ 

 

သမိုင်းကြောင်းအရ ဆရာ၊ ဆရာမများ သတ်သေမှု အရေအတွက်သည် ၂၀၁၈ ခုနှစ်မတိုင်မီ နှစ်စဉ်ဖြစ်ပွားမှုမှာ ၁၀ အောက်သာ ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ၁၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၄ မှုနှင့် ၂၀၁၇ ခုနှစ်တွင် ၉ မှု ဖြစ်ပွားခဲ့သည်။ သို့သော် ၂၀၁၈ မှစ၍ အရေအတွက် များပြားလာပြီး ၂၀၁၈ ခုနှစ်တွင် ဆရာ ၁၉ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၇ ဦးနှင့် ၂၀၂၀ ခုနှစ်တွင် ၁၉ ဦး ရှိပါသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ဆရာ ၂၅ ဦး သေဆုံးမှု ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၀ ဦး သတ်သေခဲ့သည်။ 

 

နောက်ထပ်အဓိက ပြသနာသည် ကွယ်လွန်သွားသော ဆရာအနည်းငယ်ကိုသာ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်ရှိသည့် "အာဇာနည်" အဖြစ် တရားဝင် အသိအမှတ်ပြုခြင်းဖြစ်သည်။ အာဇာနည် အဆင့်အတန်း လျှောက်ထားခြင်း ဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကွယ်လွန်သွားသော ဆရာ/ဆရာမ (၉) ဦး၏ မိသားစုဝင်များသည် အစိုးရ၏ ပံ့ပိုးကူညီမှုကို မျှော်လင့်ကာ အဆိုပါ အကျိုးခံစားခွင့်များအတွက် လျှောက်ထားခဲ့ကြောင်း သိရသည်။ 

 

Rep. Jin သည် ဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရသော ဆရာများ၏ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ရန်အတွက် စနစ်ကျသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ "ကွယ်လွန်သူ ဆရာသမားများ၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန် အာဇာနည် အသိအမှတ်ပြုမှုစနစ်ကို မြှင့်တင်သင့်သည်” ဟု Jin မှ ပြောကြားခဲ့ပြီး ကျောင်းတွင် အလုပ်များလွန်းခြင်းနှင့် ရန်လိုသော တိုင်ကြားချက်များကြောင့် ဆရာများ စိတ်ဖိစီးမှုများပြားနေမှုကို လျော့ပါးသက်သာစေရန် ထပ်လောင်းအစီအမံများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
 

Source - Asia News Network 

 

International News Read 67 times