Johnson & Wales တက္ကသိုလ်တွင် (၃) နှစ် ဘွဲ့သင်တန်းများအား စတင်မိတ်ဆက်

 

Johnson & Wales တက္ကသိုလ်သည် ပညာရပ်နယ်ပယ် (၄) ခုအတွက် သုံးနှစ်သာ တက်ရောက်ရမည့် ဘွဲ့ဒီဂရီပရိုဂရမ်များကို စတင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း နိုင်ဝင်ဘာလ (၂၂) ရက်နေ့၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 

ဤကြေငြာချက်နှင့်အတူ "Johnson & Wales တက္ကသိုလ်သည် လူကိုယ်တိုင်တက်ရောက်ရမည့် သုံးနှစ်ဘွဲ့ဒီဂရီကို ရွေးချယ်ခွင့် ပေးဆောင်သည့် နိုင်ငံအတွင်း ပထမဆုံးသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်း ဖြစ်လာသည်" ဟု ကျောင်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 

သုံးနှစ်ဘွဲ့ကြိုသင်တန်းများတွင် Computer Science ၊ Criminal Justice ၊ Graphic Design ၊ Hospitality Management မေဂျာ (၄) ခု ပါဝင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် လေးနှစ် တက်ရောက်ရမည့် ခရက်ဒစ် ၁၂၀ အစား သုံးနှစ်သာ တက်ရောက်ရမည်ဖြစ်သည့်အတွက် ခရက်ဒစ် ၉၀ မှ ၉၆ အထိသာ လိုအပ်မည်ဖြစ်သည်။ 

 

အဆိုပါ ဘွဲ့ကြိုသင်တန်းများသည် လုပ်ငန်းခွင်သို့ မြန်မြန်ဆန်ဆန် ဝင်ရောက်လိုသော ကျောင်းသားများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ကျူရှင်စရိတ် ဝန်ထုပ်ဝန်ပိုးလည်း နည်းပါးသွားမည်ဖြစ်ကြောင်းနှင့် ပုံမှန် လေးနှစ်အစား သုံးနှစ်အတွင်း ပြင်းထန်ပြီး ပြည့်စုံသော ပညာရေးကို ပေးစွမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Johnson & Wales တက္ကသိုလ် (JWU) သည် သုံးနှစ်ဘွဲ့ကြိုသင်တန်းများကို ဖွင့်လှစ်သင်ကြားရန် New England အဆင့်မြင့်ပညာရေးကော်မရှင်မှ စက်တင်ဘာလတွင် ခွင့်ပြုချက်ရခဲ့ကြောင်း သိရသည်။ ၎င်းသည် အဆင့်မြင့်ပညာရေး၏ အပြောင်းအလဲများကို အမီလိုက်နိုင်ရန် JWU ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တက္ကသိုလ်ဘုတ်အဖွဲ့ဥက္ကဋ္ဌ John Taylor Jr. က ပြောကြားခဲ့သည်။ 

 

သုံးနှစ်ပရိုဂရမ်များသည် ကျောင်းသားများကို Semester တစ်ခုချင်းစီတွင် လေးနှစ်တက်ရောက်တုန်းကအတိုင်း တူညီသော အတန်းအချိန်များကို သင်ယူစေပြီး ၎င်းတို့ ဘွဲ့ဒီဂရီများအား အချိန်တိုတိုအတွင်း ရရှိစေရန် ကူညီပေးမည်ဖြစ်သည်။ 

 

ပရိုဂရမ်အသစ်များအတွက် လျှောက်လွှာများကို ယခုဆောင်းဦးရာသီတွင် စတင်လက်ခံမည်ဖြစ်ကြောင်းနှင့် ပထမနှစ်အတန်းများကို ၂၀၂၅ ခုနှစ် Fall Semester တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်မှ ကြေညာထားသည်။ 

 

JWU သည် အမေရိကန်ပြည်ထောင်စုတွင် နာမည်ကြီးသော ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပြီး ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်များတွင်လည်း ထိပ်တန်းတက္ကသိုလ် (၁၀၀) တွင် ပါဝင်ပါသည်။ JWU တွင် သုံးနှစ် တက်ရောက်ရမည့် ပရိုဂရမ် အသစ် (၄) ခုအပြင် လေးနှစ်ဘွဲ့ဒီဂရီ ပရိုဂရမ်များအတွက် ရွေးချယ်နိုင်သည့် မေဂျာ (၈၀) ရှိကြောင်းလည်း သိရပါသည်။

 

Source - Johnson & Wales University 

 

International News Read 5 times