ယခုနှစ် နယ်သာလန်ရှိ ဘွဲ့ကြိုပရိုဂရမ်များတွင် စာရင်းသွင်းထားသည့် နိုင်ငံတကာ ကျောင်းသားဦးရေသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက (၆)% ကျဆင်းနေပြီး လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း Universiteten van Nederland - UNL ၏ အချက်အလက်များအရ သိရသည်။
Universiteten van Nederland - UNL သည် ဒတ်ချ်တက္ကသိုလ် (၁၄) ခုနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘွဲ့ကြို နိုင်ငံတကာကျောင်းသား (၁၇,၄၁၂) ဦး စာရင်းသွင်းထားကြောင်းနှင့် ယခင်နှစ်တွင် (၁၈,၄၉၄) ဦး ရှိခဲ့ပြီး ကျောင်းသားဦးရေ (၁,၀၀၀) ကျော် ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
အိမ်ရာရှားပါးခြင်း၊ စာသင်ခန်းများတွင် လူဦးရေ များပြားခြင်း၊ ကထိကများအတွက် အလုပ်တာဝန်များ ပိုလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် အစိုးရနှင့် တက္ကသိုလ်များသည် အင်္ဂလိပ်ဘာသာစကားကို ကြားခံသုံးပြီး သင်ကြားသည့် သင်တန်းများကို ကန့်သတ်ရန် မူဝါဒများကို လက်ခံကျင့်သုံးခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ဒတ်ချ်အောက်လွှတ်တော်သည် အင်္ဂလိပ်ဘာသာဖြင့် ပို့ချသည့် သင်တန်းအရေအတွက်ကို လျှော့ချရန် ညွှန်ကြားခဲ့ပြီး ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံဝန်ကြီး Robbert Dijkgraaf မှ တက္ကသိုလ်များအား ဒတ်ချ်ဘာသာစကားကို ပိုမိုအသုံးပြုရန်နှင့် ပညာရေးအရည်အသွေးကို ထိန်းသိမ်းရန်အတွက် EU မဟုတ်သော ကျောင်းသားများ၏ ကျောင်းအပ်စာရင်းသွင်းခြင်းကို ကန့်သတ်ရန် အကြံပြုခဲ့သည်။
ထို့နောက် ဒတ်ချ်တက္ကသိုလ်ကြီး (၁၄) ခုသည် နိုင်ငံတကာကျောင်းသားဝင်ခွင့်များကို တားမြစ်ရန်နှင့် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသည့် ပရိုဂရမ်အသစ်များ ဖန်တီးခြင်းကို ရပ်ဆိုင်းရန် အစီအစဉ်များကို ကြေညာခဲ့သည်။ အချို့သော တက္ကသိုလ်များသည် လက်ရှိ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသော သင်တန်းများကို ဒတ်ချ်ဘာသာစကားသို့ ပြောင်းလဲရန် စဉ်းစားနေကြသည်။
၂၀၂၄ ခုနှစ် စာရင်းအရ နယ်သာလန်တွင် စုစုပေါင်း နိုင်ငံတကာကျောင်းသား (၁၂၈,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ UNL ၏ ဥက္ကဋ္ဌ Caspar Van Den Berg က အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသည့် သင်တန်းများကို ကန့်သတ်ခြင်းသည် နိုင်ငံတကာကျောင်းသား စာရင်းသွင်းမှုကို ပိုမိုလျှော့ချနိုင်ကြောင်း သတိပေးခဲ့သည်။
နယ်သာလန် တစ်နိုင်ငံတည်း ထိုသို့သော ကန့်သတ်ချက်များကို ကျင့်သုံးခြင်း မဟုတ်ဘဲ ကနေဒါတွင်လည်း ဗီဇာမူဝါဒအသစ်များ ချမှတ်ပြီး နိုင်ငံတကာကျောင်းသားများကို လျှော့ချခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာကျောင်းသားဦးရေ (၄၅)% ကျဆင်းသွားကြောင်း ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရသည်။
Source - VNExpress , Studytravel.network