အမေရိကန်တွင် အိန္ဒိယကျောင်းသား အများဆုံးရှိပြီး တရုတ်ကို ကျော်တက်

 

အိန္ဒိယသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အမေရိကန်၏ နိုင်ငံတကာကျောင်းသား အများဆုံး နိုင်ငံ ဖြစ်လာပြီး တရုတ်ကို ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျော်တက်သွားခဲ့ကြောင်း နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဖော်ပြခဲ့သည့် Open Doors Report 2024 အရ သိရသည်။

 

Open Doors Report 2024 မှ ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ်တွင် အမေရိကန်မှာ ကျောင်းတက်နေသော အိန္ဒိယကျောင်းသား ၃၃၁,၆၀၂ ဦးရှိကာ ယခင်နှစ်ကထက် (၂၃%) တိုးလာသော်လည်း တရုတ်ကျောင်းသား ၂၇၇,၃၉၈ ဦးရှိကာ ယခင်နှစ်ကထက် (၄.၂%) ကျဆင်းသွားသည်။

 

တောင်ကိုးရီးယား၊ ကနေဒါနှင့် ထိုင်ဝမ်တို့သည် အမေရိကန်၏ နိုင်ငံတကာကျောင်းသား အများဆုံး နိုင်ငံအဖြစ် အိန္ဒိယနှင့် တရုတ် အနောက်လိုက်နေပြီး ကျောင်းသားဦးရေ အရေအတွက်မှာ ၅၀,၀၀၀ အောက်ရှိကြောင်း ဖော်ပြထားသည်။

 

အမေရိကန် ကောလိပ်များနှင့် တက္ကသိုလ်များတွင် လူဦးရေ အများဆုံးဖြစ်သော တရုတ်ကျောင်းသားများသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားစဉ်မှ စပြီး  နှစ်စဉ် အရေအတွက် ကျဆင်းလျက်ရှိပြီး တစ်ဖက်တွင်လည်း ကိုဗစ်အလွန်ကာလတွင် အမေရိကန်သို့ အိန္ဒိယကျောင်းသား ဝင်ရောက်မှုမှာ တိုးမြင့်လာသည်ကို တွေ့ရသည်။

 

အိန္ဒိယကျောင်းသား ၆၄.၅% သည် အစိုးရတက္ကသိုလ်များတွင် စာရင်းသွင်းထားပြီး ကျန်ကျောင်းသားများသည် ပုဂ္ဂလိကတက္ကသိုလ်များကို တက်ရောက်ကြသည်ကို အချက်အလက်များက ဖော်ပြသည်။

 

ကယ်လီဖိုးနီးယားတွင် ကျောင်းသား ၁၄၀,၈၅၈ ဦး၊ နယူးယောက်တွင် ၁၃၅,၈၁၃ ဦးနှင့် တက္ကဆက်တွင် ၈၉,၅၄၆ ဦးတို့ အသီးသီးရှိပြီး ကယ်လီဖိုးနီးယားသည် အိန္ဒိယကျောင်းသား အများဆုံးရှိသည့် နိုင်ငံအဖြစ်  ရပ်တည်နေသည်။ Massachusetts နှင့် Illinois တို့တွင်လည်း အိန္ဒိယကျောင်းသား ၈၂,၃၀၆ နှင့် ၆၂,၂၉၉ ဦး  အသီးသီးရှိပြီး အရေအတွက် အများအပြားကို လက်ခံသင်ကြားပေးလျက်ရှိသည်။

 

အမေရိကန်ရှိ ဘွဲ့လွန်စာရင်းသွင်းမှုများ (မာစတာနှင့် ပါရဂူဘွဲ့များ) တွင် အိန္ဒိယကျောင်းသား ၁၉၆,၅၆၇ ဦး ရှိပြီး (၁၉%) တိုးလာသည်။ ဘွဲ့ကြိုစာရင်းသွင်းမှုများတွင် ကျောင်းသား ၃၆,၀၅၃ ဦးရှိကာ (၁၃%) တိုးလာပြီး ဘွဲ့မရသည့် ကျောင်းများတွင် စာရင်းသွင်းမှုမှာ ကျောင်းသား ၁,၄၂၆ ဦးရေ ရှိပြီး (၂၈%) ကျဆင်းသွားသည်။

 

လေ့လာမှုနယ်ပယ်များတွင် အိန္ဒိယကျောင်းသားများ၏ (၄၂.၉%) သည် သင်္ချာနှင့် ကွန်ပျူတာသိပ္ပံကို ရွေးချယ်ပြီး (၂၄.၅%) က အင်ဂျင်နီယာနှင့် စီးပွားရေး သို့မဟုတ် စီမံခန့်ခွဲမှုပညာကို (၁၁.၂%) တို့က ရွေးချယ်ကြသည်။ ကျောင်းသားများ၏ (၅.၄%) သာ ရုပ်ပိုင်းဆိုင်ရာနှင့် ဘဝသိပ္ပံ ပရိုဂရမ်များတွင် စာရင်းသွင်းခဲ့သည်။

 

Source - Business Standard , NBC News

 

International News Read 84 times