အိန္ဒိယ နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်ကို ဒူဘိုင်းတွင် ပထမဆုံး ဖွင့်လှစ်မည်

 

လာမည့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်ကို ပြည်ပနိုင်ငံတွင် ပထမဆုံးအဖြစ် ဒူဘိုင်း Expo City ရှိ အိန္ဒိယပြခန်းတွင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ (၄) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။



အဆိုပါတက္ကသိုလ်တွင် ကာလတိုနှင့် ကာလလတ်သင်တန်းများ၊ သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဖွင့်လှစ်မည့် MBA ( International Business ) ကဲ့သို့ သင်တန်းများ ပါဝင်ကြောင်း သိရသည်။



ယခုကဲ့သို့ ဖွင့်လှစ်ခြင်းကြောင့် UAE တွင် နေထိုင်သော အိန္ဒိယလူမျိုး (၃.၅) သန်းအတွက် အကျိုးရှိမည် ဖြစ်ကာ အိန္ဒိယ၏ နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်ကို ပြည်ပဈေးကွက်သို့ တိုးချဲ့ ဖွင့်လှစ်နိုင်ခြင်းနှင့် အိန္ဒိယအမှတ်တံဆိပ်ကို အသိအမှတ်ပြုစေရန် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က အိန္ဒိယ၏ နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်ကို ဒူဘိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ကမ္ဘာ့အဆင့်မီတက္ကသိုလ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည့် အထင်ကရ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်ဟု ဆိုသည်။



နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ အတွေ့အကြုံများကို UAE မှ ကျောင်းသားများ၊ ပညာရှင်များနှင့် အစိုးရအရာထမ်းများ အတွက်သာမက ကမ္ဘာအနှံ့ရှိ နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်သူများအတွက် သင်တန်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။



၁၉၆၃ ခုနှစ်မှ စတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ် စတင် ဖွင့်လှစ်ခဲ့သော နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်သည် အမှန်တကယ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။



ထို့ပြင် အိန္ဒိယရှိ နိုင်ငံခြားကုန်သွယ်မှုကို အဓိကထားသော ထိပ်တန်းစီးပွားရေး တက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ကာ နိုင်ငတကာ စီးပွားရေးသုတေသန၊ သင်တန်းနှင့် အသိပညာပေးရေးတို့တွင် ထူးချွန်သော ပညာရေးဌာနအဖြစ်လည်း အသိအမှတ်ပြုခံရကြောင်း သိရသည်။



အိန္ဒိယ၊ နိုင်ငံခြားကုန်သွယ်မှု တက္ကသိုလ်သည် ဒူဘိုင်းရှိ Expo City Dubai နှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ ခိုင်မြဲမှုနှင့် ဆန်းသစ်တီထွင်မှုတို့အတွက် သုတေသနလုပ်ငန်းများနှင့် အသိပညာမျှဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။



Source: ANI news agency

 

 

International News Read 75 times