ဟောင်ကောင်တက္ကသိုလ်တွင် အောင်လက်မှတ်တုများနှင့် လျှောက်ထားသည့်ကျောင်းသား (၃၀) ကျော် ဖမ်းမိ

 

မာစတာတန်းကျောင်းသား/သူ အယောက် (၃၀) ကျော်သည် ဟောင်ကောင်တက္ကသိုလ် စီးပွားရေးကျောင်း (Hongkong University) တွင် ဝင်ခွင့်ရရှိရန်အတွက် ပညာရေးအောင်လက်မှတ်များကို အတုလုပ်ပြီးကျောင်းလျှောက်ထားကြောင်း တွေ့ရှိခဲ့ပြီး အဆိုပါမသမာမှုတွင် ကျောင်းသားအယောက် (၁၀၀) နီးပါးပါဝင်ပတ်သက်နေမည်ဟု သက်ဆိုင်ရာတက္ကသိုလ်၏ အကြီးအကဲမှ သတင်းဌာနတစ်ခုတွင် ပြောကြားခဲ့သည်။ 

 

စာရွက်စာတမ်းအတုအများစုသည် နိုင်ငံခြားတက္ကသိုလ်များနှင့် သက်ဆိုင်နေပြီး ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးရှိ တက္ကသိုလ်များမှ ဘွဲ့ရသော ကျောင်းသားများ၏ ပညာရေးဆိုင်ရာ အရည်အချင်းစစ်အောင်လက်မှတ်များမှာ မှန်ကန်ကြောင်း HKU ကျောင်းမှ ဌာနမှူး Cai Hongbin က Caixin သို့ ပြောကြားခဲ့သည်။

 

အစောပိုင်းကာလတွင်လည်း အချို့သော သုတေသနကျောင်းသားများသည် ဝင်ခွင့်စာရွက်စာတမ်းအတုများဖြင့် လျှောက်လွှာတင်ခဲ့ကြောင်း သံသယရှိသောကြောင့် တက္ကသိုလ်သည် မေလတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် လက်ရှိမာစတာတန်းတက်နေသည့် ကျောင်းသားများအားလုံး ၎င်းတို့၏ဘွဲ့ကြိုအထောက်အထားများ၊ ထောက်ခံစာများနှင့် အခြားလိုအပ်သည့် စာရွက်စာတမ်းများကို ပြန်လည်တင်ပြရန် လိုအပ်ကြောင်း ကြေညာထားပါသည်။ 

 

အခကြေးငွေ ယွမ် 500,000 (ဒေါ်လာ 68,800) အထိ အခကြေးငွေပေးဆောင်လျှင် ကျောင်းဝင်ခွင့်အတွက် အာမခံကြောင်းပြောပြီး ကျောင်းသားများဆီက လိမ်လည်ပိုက်ဆံယူနေသည့် အွန်လိုင်းအေဂျင်စီများကိုလည်း Cai Hongbin မှ သတိပေးထားပါသည်။

 

အဆိုပါအေဂျင်စီများသည် စာရွက်စာတမ်းအစစ်များအဖြစ် ယုံကြည်အောင် New York University ကဲ့သို့သော အဖွဲ့အစည်းများမှ  တံဆိပ်များအတုလုပ်ခြင်း၊ အောင်လက်မှတ်များအတုလုပ်ခြင်း၊ စာအိတ်များအတုလုပ်ခြင်းတို့အပါအဝင် နည်းပရိယာယ်အမျိုးမျိုးကို အသုံးပြုပြီး လိမ်လည်လျက်ရှိကြသည်။

 

အချို့သော ကျောင်းသားများနှင့် မိဘများသည် ဤလိမ်လည်မှုကို သိလျက်နှင့် ကျောင်းဝင်ခွင့်ရရန်အတွက် အလိုတူအလိုပါ ပြစ်မှုကျူးလွန်နေကြောင်းနှင့် အချို့မှာ ၎င်းတို့၏အရည်အချင်းများ အတုအယောင်ဖြစ်ကြောင်း မသိရှိနိုင်သည်ဟု Cai မှ မှတ်ချက်ပေးပြောကြားခဲ့သည်။ 

 

အဆိုပါအခြေအနေကို ကြည့်ပြီး HKU မှ နောက်ထပ် ကျောင်းသားများ၏ လိမ်လည်မှုကို ပိုမိုဖော်ထုတ်နိုင်သော်လည်း အကြောင်းအရာကိုသာ ဦးစွာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ HKU တက္ကသိုလ်သည် အေဂျင်စီများ၊ လိမ်လည်လျှောက်ထားသူများနှင့် ဝင်ခွင့်ကို စစ်ဆေးသော ကျောင်းတွင်းတာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်သူအားလုံးကိုကို ခေါ်ယူစစ်ဆေးပြီး တာဝန်ခံခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

ဟောင်ကောင် SAR အစိုးရသည် မြို့အလိုက် အစိုးရတက္ကသိုလ်များနှင့် ပူးပေါင်းပြီး ဝင်ခွင့်ဆိုင်ရာ ကျင့်ထုံးများကို ပြန်လည်သုံးသပ်ရန်နှင့် စနစ်ကျသော လမ်းညွှန်ချက်များကို ချမှတ်ကျင့်သုံးရန် ဆောင်ရွက်သွားမည်ဟု ကတိပြုထားပါသည်။ 


HKU Business School သည် ၂၀၂၂ ခုနှစ်တွင် အာရှရှိ UTD Research Rankings တွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည့် တက္ကသိုလ်ဖြစ်ပါသည်။ ၎င်းကျောင်းတွင် နှစ်စဉ် ဘွဲ့လွန်ပရိုဂရမ်များ လျှောက်ထားသည့် ကျောင်းသား/သူ ၂၀,၀၀၀ ခန့်ရှိပါသည်။ 

 

Source - ANN 

International News Read 74 times