အထက်တန်းမှာ ဘာသာရပ်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ ထည့်သွင်း စဉ်းစားရမယ့် အချက် (၆) ချက်

 

အထက်တန်းမှာ ဘာသာရပ်တွေကို မှန်မှန်ကန်ကန် ရွေးချယ် သင်ယူခြင်းက ကျောင်းသားတစ်ယောက်ရဲ့ တက္ကသိုလ်ပညာရေးနဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်းကို ပုံဖော်ရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး ချရတဲ့အခါ မိမိဆန္ဒနဲ့ ကိုက်ညီမယ့်အပြင် ပညာရေး လိုအပ်ချက်နဲ့ အသက်မွေးဝမ်းကြောင်းအတွက်ပါ အဆင်ပြေစေဖို့ ဘယ်လိုအချက်တွေ ထည့်သွင်း စဉ်းစားရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

 

၁။ ပညာရေးစနစ် လိုအပ်ချက်ကို နားလည်ပါ။

နိုင်ငံတကာ သင်ရိုးညွှန်းတမ်း အများစုမှာ အင်္ဂလိပ်၊ သင်္ချာတို့လို မသင်မနေရ အဓိက ဘာသာရပ်တွေရှိသလို နည်းပညာ၊ စီးပွားရေး စတဲ့ ရွေးချယ်ခွင့်ရှိတဲ့ စိတ်ကြိုက် ဘာသာရပ်တွေလည်း သင်ကြားရပါတယ်။ မိမိတက်တဲ့ ကျောင်းရဲ့ သင်ရိုးအပေါ် မူတည်ပြီး အနာဂတ် အစီအစဉ်အတိုင်း ဘာသာရပ်တွေကို ရွေးချယ် သင်ယူနိုင်ပါတယ်။

ကိုယ်ဘယ်လို တက္ကသိုလ်မျိုး တက်ရောက်ချင်တာလဲ? ဘယ်အထူးပြု ဘာသာရပ်ကို သင်ကြားလိုတာလဲ? ကိုယ်တက်လိုတဲ့ တက္ကသိုလ်ရဲ့ ပညာရေး လိုအပ်ချက်က ဘာလဲ? စတာတွေကို စဉ်းစားပြီး ရွေးချယ်ရပါမယ်။ ဥပမာ - ဆေးတက္ကသိုလ် တက်မယ်ဆိုရင် ဇီဝဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေက အဓိက လိုအပ်ပါတယ်။ 

 

၂။ စိတ်ဝင်စားမှုနဲ့ အားသာချက်ကို ရှာဖွေပါ။

အထက်တန်းမှာ ရွေးချယ်လိုက်တဲ့ ဘာသာရပ်တွေအပေါ် မူတည်ပြီး တက္ကသိုလ် ပညာရေးကို ဆက်လက် လျှောက်လှမ်းရမှာ ဖြစ်တဲ့အတွက် မိမိ သင်ယူလိုတဲ့ ဘာသာရပ်တွေက မိမိ စိတ်ဝင်စားမှု၊ အားသာချက်တွေနဲ့ ထပ်တူကျဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိမိကို စိတ်အားထက်သန်စေတဲ့ ဘာသာရပ်မျိုး၊ မိမိယုံကြည်မှုကို တိုးလာစေတဲ့ ဘာသာရပ်မျိုး၊ မိမိကို ပျော်ရွှင်စေတဲ့ ဘာသာရပ်မျိုးကို အလေးထား ရွေးချယ်သင့်ပါတယ်။ ဥပမာ -  ပြသနာဖြေရှင်းရတာကို စိတ်ဝင်စားတယ်ဆိုရင် သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တွေကို ရွေးချယ်သင့်ပါတယ်။ 

 

၃။ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်ကို စဉ်းစားပါ။

အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ အသက်မွေးဝမ်း‌ကြောင်းတွေအတွက် လိုအပ်တဲ့ ဘာသာရပ်တွေကို ထည့်သွင်း စဉ်းစားဖို့ မမေ့ပါနဲ့။ STEM ဘက်မှာ အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုရင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံ စတဲ့ ဘာသာရပ်တွေကို ရွေးချယ် သင်ယူပါ။ 

Humanities (လူမှုရေး) ဘက်ကို ရွေးချယ်မယ်ဆိုရင် သမိုင်း၊ စာပေ၊ ဘာသာစကား၊ ဘောဂဗေဒ၊ စိတ်ပညာ စတဲ့ ဘာသာရပ်တွေကို အထူးပြု သင်ယူရပါတယ်။ Busineess (စီးပွားရေး) ဘက်ကို စိတ်ဝင်စားသူတွေက သင်္ချာ၊ စီးပွားရေး၊ စာရင်းကိုင် ဘာသာရပ်တို့ကို ရွေးချယ်နိုင်ပါတယ်။ Arts (အနုပညာ) ဘက်ကို သွားမယ့် သူတွေက အနုပညာ၊ ဒီဇိုင်း၊ မီဒီယာ စတာတွေကို သင်ကြားနိုင်ပါတယ်။ 

 

၄။ ဘာသာရပ်တွေကို ဖြန့်ကျက် ရွေးချယ်ပါ။ 

ဘာသာရပ် ရွေးချယ်တဲ့အခါ နောက်ထပ် သတိပြုရမှာက အလားတူ ဘာသာရပ်တွေ ရွေးချယ်ခြင်းမှ ရှောင်ကြဉ်ပါ။ ဘာကြောင့်လဲဆိုရင် အလားတူ ဘာသာရပ်တွေကို ရွေးချယ်ခြင်းက ဗဟုသုတ ကျယ်ကျယ်ပြန်ပြန့် မရရှိစေဘဲ သင့်အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို အကန့်အသတ် ဖြစ်စေပါတယ်။ 

 

ဒါကြောင့် ချိတ်ဆက်တွေးခေါ်နိုင်တဲ့ ဘာသာရပ် အမျိုးအစားကို ပိုပြီး ရွေးချယ်ပါ။ ဥပမာ -  လူမှုရေးဘာသာရပ်ကို ရွေးမယ်ဆိုရင် သိပ္ပံဘာသာရပ်ကိုလည်း ရွေးချယ်သင့်ပါတယ်။ ဒါမှ Social Sciences လို့ခေါ်တဲ့ လူမှုရေးသိပ္ပံ သဘောတရားကို ဘာသာရပ်နှစ်ခုအပေါ် အခြေခံပြီး တွေးခေါ်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်မျိုး စဉ်းစားလို့ရတာက STEM ကို Humanities နဲ့ ပေါင်းစပ်ပြီး ဘာသာရပ်တွေ ရွေးချယ်တာ ဖြစ်ပါတယ်။ 

 

၅။ ဘာသာရပ်နဲ့ မိမိလုပ်နိုင်စွမ်းကို ဟန်ချက်ညီစေပါ။ 

ဘာသာရပ်တွေကို မိမိ စိတ်ကြိုက် ရွေးချယ်လိုက်ပေမယ့် နောက်ပိုင်းမှာ စာမလိုက်နိုင်တာမျိုး မဖြစ်ရအောင် ဘာသာရပ်တစ်ခုစီမှာ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲဆိုတာကို အရင် စဉ်းစားကြည့်ပါ။ ဒီအခက်အခဲတွေကို ဘယ်လို စီမံခန့်ခွဲ့မလဲ၊ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း ဖော်ထုတ်ထားပါ။ ကိုယ်ရွေးချယ်ထားတဲ့ ဘာသာရပ်တွေက ကိုယ့်အတွက် အရမ်းခက်ခဲနေမယ်ဆိုရင် သင်ရိုးပြင်ပ လှုပ်ရှားမှုအချိန် (သို့) ကိုယ်ပိုင်အချိန် မရှိတော့ဘဲ စိတ်ဖိစီးမှုတွေ များလာနိုင်ပြီး ပညာရေးဘက်မှာလည်း လစ်ဟင်းမှုတွေ ရှိလာတတ်ပါတယ်။ 

 

၆။ လမ်းညွှန်မှုကို ရှာပါ။

ဘာသာရပ်တွေ ရွေးချယ်တဲ့အခါ ကိုယ်ဆုံးဖြတ်ရမယ့် အပိုင်းကို သေချာ ရွေးချယ် ဆုံးဖြတ်ပြီးရင် မိဘ၊ ဆရာ၊ သူငယ်ချင်း၊ စီနီယာတွေဆီက အကြံဉာဏ်တောင်းပါ။ သင်ခန်းစာ လိုအပ်ချက်တွေနဲ့ အခွင့်အလမ်းတွေကို သင့်ထက် ပိုမြင်နိုင်တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာတွေရဲ့ လမ်းညွှန်ချက်ကို ရယူပါ။

ဆရာတွေအပြင် ကျောင်းအတိုင်ပင်ခံပုဂ္ဂိုလ်တွေရဲ့ အကြံပြုချက်ကိုလည်း အလေးထားပါ။ သူတို့က အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံဉာဏ်တွေကို ပေးဆောင်နိုင်ပြီး သင့်ရွေးချယ်မှုကို တက္ကသိုလ်လိုအပ်ချက်တွေနဲ့ ချိန်ညှိဖို့ ကူညီပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ စီနီယာ အကို/အမတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း တိုင်ပင်ဖို့ မချန်ခဲ့ပါနဲ့။ အလားတူ ဆုံးဖြတ်ချက်တွေကို တွေ့ကြုံရတဲ့အခါ သူတို့အနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကို နားထောင်ကြည့်သင့်ပါတယ်။ 

 

အထက်တန်းမှာ ဘာသာရပ် ရွေးချယ်ရတာက စိတ်လှုပ်ရှားစရာကောင်းပြီး ပညာရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အပိုင်း ဖြစ်ပါတယ်။ ဘာသာရပ် ရွေးချယ်တဲ့အခါ ကျောင်းသားတွေရဲ့ တက္ကသိုလ် ပညာရေး၊ အကျိုးစီးပွားနဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို အံဝင်ခွင်ကျဖြစ်အောင် ချိန်ညှိဖို့ လိုအပ်ပါတယ်။ ဖော်ပြပါ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်မယ်ဆိုရင် ကျောင်းသားတွေအတွက် ပြီးပြည့်စုံတဲ့ ပညာရေး အတွေ့အကြုံကို ရရှိနိုင်မှာ အမှန်ပါ။ 

 

High Read 7 times