ဗြိတိသျှကောင်စီနဲ့ ဘီဘီစီတို့ ပူးတွဲပြုစုပြီး ရိုက်ကူးထုတ်လုပ်ထားတဲ့ Word on the Street လို့အမည်ပေးထားတဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားဖွယ်ရာ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education channel) မှ သြဂုတ် ၂၄ ရက် မှစတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ နံနက် ၁၀ နာရီခွဲမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ ဗြိတိသျှကောင်စီမှ သိရပါတယ်။
နေ့စဉ်သုံး အင်္ဂလိပ်ဘာသာစကား အသုံးပြုပုံကို သင်ခန်းစာတစ်ခုကို နာရီဝက်ကြာမြင့်ပြီး သင်ခန်းစာ ၁၀ ခုပါဝင်တဲ့ အဆိုပါသင်ခန်းစာ အစီအစဉ်မှာ လေ့လာနိုင်မှာဖြစ်ပြီး ဗြိတိသျှလူငယ်ယဉ်ကျေးမှုရဲ့ တက်ကြွတဲ့အပိုင်းကဏ္ဍတွေကို တင်ပြထားပါတယ်။ သင်ခန်းစာတစ်ခုစီကို ယူကေနိုင်ငံအတွင်း မတူညီတဲ့ နေရာတွေမှာ ရိုက်ကူးထားပြီး သင်ယူသူများ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုများ တိုးတက်ကောင်းမွန်စေရေး အထောက်အကူပြုရန် ဇာတ်လမ်းတို၊ တွေ့ဆုံမေးမြန်းခန်းတွေနဲ့ သတင်းအစီရင်ခံခြင်းပုံစံများကို ပေါင်းစပ်လျက် မဂ္ဂဇင်းပုံစံကို အသုံးပြုထားပါတယ်။
Word on the Street မှာ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအားဖြင့် အင်္ဂလိပ်ဘာသာစကားကို နှစ်အတန်ကြာ သင်ကြားပြီး ဖြစ်သော်လည်း နေ့စဉ်ဘဝတွင် အသုံးချပုံနဲ့ ထိတွေ့မှု နည်းပါးသူ အလယ်အလတ်အဆင့် (Intermediate Level) ရောက်ရှိသည်အထိ လေ့လာပြီး ဖြစ်သော လူငယ်များနှင့် အသင့်တော်ဆုံးဖြစ်ကြောင်း၊ မျက်မှောက်ခေတ် ဗြိတိသျှ ယဉ်ကျေးမှုကို စိတ်ပါဝင်စားပြီး လေ့လာလိုသူများ အတွက်လည်း သင့်တော်ကြောင်း သိရပါတယ်။
“ကြည့်ရှုသူ သန်း ၆၀ ကျော်ရှိတဲ့ ဒီအင်္ဂလိပ်စာသင်ကြားရေး ရုပ်မြင်သံကြား အစီအစဉ်ကို ဘရာဇီး၊ အီရတ်၊ ယူဂန်ဒါ၊ ရဝမ်ဒါ၊ မြန်မာ၊ ထိုင်း၊ တူရကီ၊ ဆူဒန်၊ ကိုလံဘီယာ၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ အာမေးနီးယားနိုင်ငံများ အပါအဝင် နိုင်ငံ ၅၅ ခုကျော်မှာ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်” လို့ ဗြိတိသျှကောင်စီမြန်မာရဲ့ ယာယီညွှန်ကြားရေးမှူး Ozan Revi ကပြောပါတယ်။
Word on the Street အစီအစဉ်ကို ပံ့ပိုးမှုပေးသော ဝက်ဘ်ဆိုက်ကို အင်တာနက်လိပ်စာ learnenglish.britishcouncil မှာ လွှင့်တင်ထားပြီး သင်ခန်းစာတွေအတွက် ဖြည့်စွက် လေ့လာဖွယ်ရာတွေနဲ့ လေ့ကျင့်ခန်းတွေ ရှိတယ်လို့ သိရပါတယ်။
Source: internetjournal.media