အသက် (၅) နှစ်အောက် ကလေးတွေအတွက် အရေးကြီးတဲ့ အစောပိုင်းကာလ ပညာရေး

 

မူလတန်းအကြိုပညာရေးလို့ လူသိများတဲ့ အစောပိုင်းကာလပညာရေးဆိုတာ အသက် (၅) နှစ်အောက် ကလေးငယ်တွေကို တရားဝင် ကျောင်းပညာရေး မစတင်ခင်မှာ အသိပညာအပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ကြိုတင်လေ့ကျင့်ပေးခြင်းကို ဆိုလိုပါတယ်။



နိုင်ငံတကာ ကလေးဖွံ့ဖြိုးရေးပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မွေးစမှ အသက် (၈) နှစ်အရွယ် ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးကာလလို့ သိရပါတယ်။ ဒါကြောင့် မိဘတွေက မူလတန်းပညာရေး မစတင်ခင်မှာ ကလေးငယ်တွေကို အစောပိုင်းကာလပညာရေးစင်တာတွေကို ပို့ကြတာဖြစ်ပါတယ်။

 

အစောပိုင်းကာလပညာရေးစင်တာတွေဟာ အသက် (၂) နှစ်မှ (၅) နှစ်အရွယ် ကလေးတွေရဲ့ ဖွံ့‌ဖြိုးမှု လိုအပ်ချက်တွေနဲ့အညီ မူလတန်းအတွက်သာမက ဘ၀တစ်လျှောက်လုံးအတွက်ပါ အခြေခံအုတ်မြစ် တည်ဆောက်ပေးရာဌာန ဖြစ်ပါတယ်။



ရန်ကုန်မြို့မှာ နိုင်ငံတကာသင်ရိုးညွှန်းတမ်းကို အသုံးပြု သင်ကြားပေးနေတဲ့ အစောပိုင်းကာလပညာရေးစင်တာ (၅၈) ကျောင်း ရှိပြီး ကလေးငယ်ပေါင်း (၁၀,၄၀၀) ခန့် တက်ရောက်လျက်ရှိပါတယ်။
 

သင်ရိုးညွှန်းတမ်း (၅) မျိုး

ရန်ကုန်မြို့က ကျောင်းအများစုမှာ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းတွေကတော့ British၊ American၊ IB၊ Montessori နဲ့ Reggio တို့ဖြစ်ပါတယ်။ အစောပိုင်းကာလပညာရေးမှာ အသုံးပြုတဲ့ သင်ရိုးညွှန်းတမ်းတွေအလိုက် သင်ယူရမယ့် ပုံစံတွေလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

 


British Early Years Foundation Stage (EYFS) - EYFS သင်ရိုးညွှန်းတမ်းမှာဆိုရင် ဘာသာစကား တတ်မြောက်မှု၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ စာတတ်မြောက်မှု၊ သင်္ချာတွက်ချက်မှု၊ ပတ်ဝန်းကျင်ကို သိနားလည်မှု၊ အနုပညာခံစားတတ်မှု စတဲ့ နယ်ပယ် (၇) ခုကို အဓိကထား လေ့ကျင့်ပေးပါတယ်။

 



American Early Childhood Education (ECE) - ECE သင်ရိုးညွှန်းတမ်းမှာတော့ ခန္ဓာကိုယ်ကြွက်သား ဖွံ့ဖြိုးမှု၊ သင်္ချာတွက်ချက်မှု၊ ဘာသာစကား တတ်မြောက်မှု၊ ဝေါဟာရ အသုံးချတတ်မှု၊ နားထောင်နိုင်ရည် အားကောင်းမှုနဲ့ ပြသနာဖြေရှင်းနိုင်မှုတို့ကို အဓိကထား သင်ကြားပေးပါတယ်။

 


International Baccalaureate (IB) Primary Years Program (PYP) - IB-PYP က ကလေးငယ်တွေရဲ့ စူးစမ်းလေ့လာမှုကို အခြေခံပြီး သင်ယူမှုအရှိန်ကို မြှင့်တင်ပေးတဲ့ သင်ရိုးညွှန်းတမ်းပါ။ ဘာသာစကား တတ်မြောက်မှု၊ လူမှုရေးဘာသာရပ်၊ သင်္ချာ၊ သိပ္ပံ၊ အနုပညာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို အဓိကထားပါတယ်။

 



Montessori - Montessori သင်ရိုးမှာတော့ အဓိက နယ်ပယ် (၅) ခုကို သင်ကြားရမှာ ဖြစ်ပါတယ်။ လက်တွေ့ဘ၀ဆိုင်ရာ သင်ခန်းစာ၊ အာရုံခံနိုင်စွမ်းနဲ့ သိမြင်နိုင်စွမ်း တိုးတက်မှု၊ သင်္ချာတွက်ချက်မှု၊ ဘာသာစကား တတ်မြောက်မှု၊ ယဉ်ကျေးမှု အနုပညာတို့ကို သင်ရိုးထဲမှာ ထည့်သွင်းထားပါတယ်။

 



Reggio Emilia - Reggio Emilia ဆိုတာကတော့ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်၊ ကျိုးကြောင်းဆက်စပ်မှု သင်္ချာဆိုင်ရာ ဉာဏ်ရည်၊ အမြင်ဆိုင်ရာ ဉာဏ်ရည်၊ ကာယဆိုင်ရာ ဉာဏ်ရည်၊ တေးဂီတဆိုင်ရာ ဉာဏ်ရည်၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဉာဏ်ရာ၊ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ရည်၊ သဘာဝဆိုင်ရာ ဉာဏ်ရည် စတဲ့ ဉာဏ်ရည် (၈) မျိုးကို ဟန်ချက်ညီညီ ပျိုးထောင်ပေးတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။

 

ဖော်ပြပါ သင်ရိုးညွှန်းတမ်း (၅) ခုစလုံးရဲ့ တူညီတဲ့ အချက်ကတော့ စာသင်ရမှာထက် ကလေးတွေ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ပျော်စရာကောင်းတဲ့ ကစားနည်း အခြေခံ လှုပ်ရှားမှုတွေကို လုပ်ဆောင်ရင်း သင်ကြားရမှာ ဖြစ်ပါတယ်။

 

သင်ကြားရေး နည်းလမ်း (၁၀) မျိုး

  • လက်တွေ့လုပ်ဆောင်စေခြင်း
  • ပုံပြင်ပြောခြင်း
  • ကဗျာရွတ်ခြင်း
  • ကခုန်ခြင်း
  • ကိုယ်ခန္ဓာလှုပ်ရှားပြီး ကစားခြင်း
  • အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်း
  • Flash Card အသုံးပြုခြင်း
  • ပုံဆွဲခြင်း
  • ဖုန်းဂိမ်းကစားခြင်း
  • ပြင်ပ လေ့လာရေး


ကုန်ကျစရိတ်

လက်ရှိကာလမှာ မိဘတွေအနေနဲ့ အစောပိုင်းကာလပညာရေးကို မိမိသားသမီးရဲ့ အနာဂတ်ပညာရေးအတွက် အလေးထားလာကြတာကို တွေ့ရပါတယ်။ ပညာရေးစင်တာဘက်ကလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေ၊ အတော်ဆုံး သင်ကြားသူတွေ၊ အရည်အသွေးကောင်းမွန်တဲ့ သင်ထောက်ကူပစ္စည်းတွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်အနေနဲ့ကတော့ တစ်နှစ်ကို ပျှမ်းမျှ $1,000 မှ $24,000 ကြား ရှိနိုင်ပါတယ်။

 

အစောပိုင်းကာလပညာရေးစင်တာများရဲ့ အင်္ဂါရပ်များ

  • ဘက်စုံဖွံ့ဖြိုးရေးကို အလေးပေးခြင်း
  • ကစားနည်းအခြေခံ သင်ထောက်ကူပစ္စည်းတွေ အသုံးပြုခြင်း
  • ခိုင်မာတဲ့ သင်ရိုးညွှန်းတမ်းကို ရွေးချယ်သင်ကြားခြင်း
  • လုံခြုံရေးကို အပြည့်အ၀ ထောက်ပံ့ခြင်း
  • ကျောင်းတွင်း ခေတ်မီ Facility တွေ ထားရှိခြင်း တို့ဖြစ်ပါတယ်။ 


မိမိကလေးတွေအတွက် ရရှိမယ့် အကျိုးကျေးဇူးများ

  • ဟန်ချက်ညီတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
  • အနာဂတ်ပညာရေးအတွက် အခြေခံအုတ်မြစ်
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာမှု
  • မိမိကိုယ်ကိုယ်ယုံကြည်မှု တိုးလာမှု
  • ကျောင်းအတွေ့အကြုံ ရရှိမှု
  • သင်ယူမှုကို စောစီးစွာ ထိတွေ့ခွင့်ရမှု
  • ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာတဲ့ အလေ့အထ တို့ကို ရရှိနိုင်ပါတယ်။ 

 

နိဂုံးချုပ်ရမယ်ဆိုရင် အစောပိုင်းကာလ ပညာရေးက ကလေးတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး ပညာရေးအပြင် ဘ၀ရှင်သန်ရေးမှာ လိုအပ်တဲ့ ကျွမ်းကျင်မှု၊ အသိပညာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်တို့ကို ကြိုတင် ပြင်ဆင်ပေးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအရေးကြီးတဲ့ အဆင့်ကို မိဘတွေအနေနဲ့ သားသမီးတွေအတွက် ကျော်မသွားဘဲ ဦးစားပေးသင့်ကြောင်း အကြံပြုပါတယ်။

 

Pre-school Read 21 times