နောက်တမျိုးကတော့ “လာပါဦး၊ စားပါဦး၊ သွားပါဦး” ကိုအရင်ကရေးတဲ့အခါမှာ အက္ခရာ “ဦး” နဲ့ ရေးဖို့ကိုသာ ပြဋ္ဌာန်းထားပါတယ်။ အခုတော့ “လာပါအုံး၊ စားပါအုံး၊ သွားပါအုံး” လို့ အပြောစကားပြေမှာ သုံးနိုင်တယ်လို့ ခွင့်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ စောစောကနမူနာတွေလိုပါပဲ။
သတ်ပုံကျမ်းမှာတော့ ဘယ်နေရာ “ဦး” သုံးပါ ဘယ်နေရာ “အုံး” သုံးပါလို့ အကျယ်ရှင်းမပြပါဘူး။ ဒါပေမဲ့ “ဦး” ကို အရေးစကားပြေမှာ သုံးပြီး “အုံး” ကို အပြောစကားပြေမှာ သုံးဖို့ ရည်ရွယ်ပြဋ္ဌာန်းတာလို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။
အဲသလို ခွဲခြား မသုံးဘဲ၊ သတ်ပုံကျမ်းကတော့ “လည်း” ကိုရော “လဲ” ကိုရော အမှန်သတ်မှတ်လိုက်ပြီဆိုပြီး အထက်ကစာကြောင်းမှာ “လည်း” နဲ့သုံးပြီး အောက်ကစာကြောင်းမှာ “လဲ” နဲ့ သုံးမယ်ဆိုရင်တော့ တော်တော် ရုပ်ဆိုးမှာပါ။
အလားတူပဲ၊ နှစ်ခုစလုံးမှန်တယ်လို့ သတ်ပုံကျမ်းက ပြဋ္ဌာန်းလိုက်ပြီဆိုပြီး အပေါ်စာကြောင်းမှာ “ဦး” ကိုသုံးပြီး အောက်စာကြောင်းမှာ “အုံး” ကို သုံးရင်လဲ ကြည့်ကောင်းမှာမဟုတ်ပါဘူး။
နောက်ထပ် အလားတူပြောင်းလဲတာတွေကတော့ “အရင်တုန်းက”ဆိုတဲ့ စကားလုံးကို မူလသတ်ပုံရေးထုံးဟောင်းအရ “အလျင်တုန်းက” လို့ ရေးမှအမှန်ပါ။ ဒါပေမဲ့ “အရင်တုန်းက” လို့ ရေးတဲ့သူကများပါတယ်။
အခု “အရင်တုန်းက” ကိုလဲ သုံးနိုင်တယ်လို့ သတ်ပုံကျမ်းက ထပ်ဖြည့်ခွင့်ပြုလိုက်ပါပြီ။ “လာမယ်ဆိုလျင် ဖုန်းဆက်လိုက်ပါ” လို့ရေးမှ အရင်က ရေးထုံးအရ အမှန်ဖြစ်ပေမဲ့ “လာမယ်ဆိုရင် ဖုန်းဆက်လိုက်ပါ” လို့ အခုရေးနိုင်ပါပြီ။ “လျင်”အစား”ရင်”ကို အပြောစကားပြေမှာ သုံးခွင့်ပြုလိုက်ပါပြီ။
ဝေါဟာရ ရင်းမြစ်ကို လိုက်ရင် “လည်း၊ မည့်၊ ဦး၊ လျင်” တို့ကအမှန်ဖြစ်ပါလျက်နဲ့ ဘာလို့များ “လဲ၊ မဲ့၊ အုံး၊ ရင်” တို့ကို ခွင့်ပြုပြဋ္ဌာန်းလိုက်သလဲဆိုတော့ လူအများအသုံးတွင်ကျယ်လွန်းလို့ ခွင့်ပြုပြဋ္ဌာန်းလိုက်တာလို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။
Source: BBC Burmese