တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် "ခိုင်မာသောပညာရေးနိုင်ငံ" ကို တည်ဆောက်ရန် လုပ်ဆောင်ရမည့် အစီအစဥ်ကြီးတစ်ခုကို ဇန်နရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရည်ရွယ်ချက်မှာ လူတိုင်းလက်လှမ်းမီနိုင်သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံအား ပိုမို အားကောင်းလာစေရန် ဖြစ်သည်။
အဆိုပါအစီအစဉ်ကို ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့မှ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ပညာရေးစနစ်ကို တည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။
သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည့် ဒေတာအရ တရုတ်နိုင်ငံ လူဦးရေသည် ၂၀၂၄ ခုနှစ်တွင် သုံးနှစ် ဆက်တိုက် ကျဆင်းသွားကြောင်း သိရပြီးနောက် တရုတ်နိုင်ငံသည် တနင်္ဂနွေနေ့တွင် ဤပညာရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် မွေးဖွားနှုန်းထက် သေဆုံးမှုနှုန်း ပိုများလာသောကြောင့် လူဦးရေသည် အနာဂတ်တွင် ဆက်လက် ကျဆင်းသွားနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။ အလုပ်အတွက် ပူပန်နေရသည့် အချိန်မှာ ကလေးထိန်းခနှင့် ပညာရေးစရိတ် မြင့်တက်မှုသည် တရုတ်လူငယ်များအတွက် ကလေးမွေးဖွားရန် တွန့်ဆုတ်နေကြသည့် အဓိက အကြောင်းအရင်းဖြစ်လာသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် အခမဲ့ပညာရေးနယ်ပယ်ကို တဖြည်းဖြည်း ချဲ့ထွင်ကာ အရည်အသွေး မြင့်မားသော ဘွဲ့ကြိုသင်တန်းများကို တိုးမြှင့်ရန်၊ ဘွဲ့လွန်ပညာရေးကို ချဲ့ထွင်ရန်နှင့် ပါရဂူကျောင်းသားများ၏ အချိုးအစားကို မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်တွင် ကျောင်းသားများ၏ ကျန်းမာသော ကြီးထွားမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ရှိသောကြောင့် မူလတန်းနှင့် အလယ်တန်းကျောင်းသားများအား နေ့စဉ် အနည်းဆုံး နှစ်နာရီ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေမည်ဖြစ်သည်။
ထို့အပြင် လူအများအပြား သတိထားလာကြသည့် စိတ်ကျန်းမာရေးပညာရေးအတွက်လည်း ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်သတိပေးသည့်စနစ်ကို ထူထောင်ခြင်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အသေးစားကျေးလက်ကျောင်းများ၏ လည်ပတ်မှုအခြေအနေများ တိုးတက်စေရန်၊ မြို့ပြနှင့် ကျေးလက်ကြား ပညာရေး ကွာဟချက်ကို ကျဉ်းမြောင်းစေရန်၊ မသန်စွမ်းကလေးများနှင့် ရွှေ့ပြောင်းနေထိုင်သူများ ပြုစုစောင့်ရှောက်ရေးစနစ် တိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း အစီအစဉ်တွင် ပါဝင်ပါသည်။
ပညာရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော သူငယ်တန်းနှင့် မူကြိုပညာရေးကို လူတိုင်းတက်ရောက်သင်ကြားနိုင်ရေးတို့အတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
Source - CNA News