တရုတ်နိုင်ငံ၏ ပထမဆုံးသော လက်ထပ်ခြင်းဆိုင်ရာ ဘွဲ့သင်တန်း

 

တရုတ်နိုင်ငံသည် လက်ထပ်ထိမ်းမြားခြင်းအတွက် ၎င်း၏ပထမဆုံး တက္ကသိုလ်ဘွဲ့အစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး သင်ရိုးညွှန်းတမ်းတွင် မင်္ဂလာပွဲစီစဉ်ခြင်း၊ လက်တွဲဖော်ရှာဖွေခြင်း ဝန်ဆောင်မှုများနှင့် လက်ထပ်ခြင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ 

 

ပေကျင်းအခြေစိုက် Vocational University of Civil Affairs သည် ကျောင်းသားများအား "လက်တွဲဖော်တွေ့ဆုံခြင်းမှစ၍ အိမ်ထောင်ရေးနှင့် မိသားစုဘဝ" အဆင့်အထိ မည်သို့ဝန်ဆောင်မှုပေးရမည်ကို သင်ကြားရန် အိမ်ထောင်ရေးဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လေးနှစ်သင်တန်းကို ပံ့ပိုးမည်ဖြစ်သည်။

 

တက္ကသိုလ်၏ မင်္ဂလာဆောင်ယဉ်ကျေးမှုနှင့် မီဒီယာအနုပညာဌာနမှ ဌာနမှူး Yu Xiaohui သည် 'သင်တန်းတွင် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ လက်ထပ်မှတ်ပုံတင်ခြင်း၊ မင်္ဂလာဆောင်ဝန်ဆောင်မှုများနှင့် ကွာရှင်းခြင်းမပြုမီ တိုင်ပင်ဆွေးနွေးခြင်း" စသည်တို့ ပါဝင်သည်။ လတ်တလောတွင် အိမ်ထောင်ရေးဝန်ဆောင်မှုဈေးကွက်တွင် လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်ပညာရှင်များ လိုအပ်နေသည်" ဟုပြောကြားခဲ့သည်။ 

 

သင်တန်းတွင် လူမှုဗေဒ၊ မင်္ဂလာပွဲကျင်းပမည့်နေရာ ဒီဇိုင်း၊ မိသားစုကျင့်ဝတ်၊ အိမ်ထောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၏ စီးပွားရေးနှင့် မိသားစုမူဝါဒများ စသည့်သင်ခန်းစာများကို စာတွေ့ သင်ကြားရမည်ဖြစ်ပြီး လက်တွေ့အနေဖြင့် မင်္ဂလာပွဲများ၊ လက်တွဲဖော်ရှာဖွေပေးခြင်း၊ လက်ထပ်မှတ်ပုံတင်ခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ကို အထူးပြုသည့် အေဂျင်စီများတွင် အလုပ်သင်ဆင်းရမည်ဖြစ်သည်။ 

 

ကျောင်းသားများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စတင်စာရင်းပေးသွင်းနိုင်ပြီး နှစ်စဉ်နှစ်တိုင်း ပြည်နယ် (၁၇) ခုရှိ ဘွဲ့ကြိုကျောင်းသား (၇၀) ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း တက္ကသိုလ်ဒုတိယဥက္ကဋ္ဌ Zhao Honggang က ဒေသတွင်းမီဒီယာသို့ ပြောကြားခဲ့သည်။ 

 

တရုတ်နိုင်ငံတွင် လက်ထပ်ထိမ်းမြားမှုအသစ်များသည် ယခင်နှစ်ကထက် ၂၀၂၃ ခုနှစ်တွင် ၁၂.၄ % တိုးလာခဲ့ပြီး ကိုးနှစ်တာ ဆက်တိုက်ကျဆင်းမှုကို အဆုံးသတ်ခဲ့သည်။ သို့သော် အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားရှိ လူဦးရေ၏ ထက်ဝက်ကျော်သည် လက်မထပ်ရသေးသောကြောင့် မကြာသေးမီနှစ်များအတွင်း အိမ်ထောင်ပြုနောက်ကျခြင်းများ ပိုမိုအဖြစ်များလာသည်။

 

The Vocational University of Civil Affairs သည် တရုတ်နိုင်ငံ၏ ဝန်ထမ်းရေးရာဝန်ကြီးဌာန လက်အောက်ရှိ အသစ်ဖွင့်လှစ်ထားသော သက်မွေးပညာတက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်တွင် အိမ်ထောင်ရေးစီမံခန့်ခွဲမှုပရိုဂရမ်အပြင် ကျန်းမာရေးစောင့်ရှောက်မှုစီမံခန့်ခွဲမှု၊ လူမှုရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးအထောက်အကူပြုကိရိယာနည်းပညာနှင့် အသုဘစီမံခန့်ခွဲမှုဆိုင်ရာ ဒီဂရီများကိုလည်း ပေးအပ်ပါသည်။

 

ယခင်အစိုးရ၏ အိမ်ထောင်စုတစ်ခုစီတွင် ကလေးတစ်ဦးသာ မွေးဖွားရမည့် ကန့်သတ်ချက်များကို ဆယ်စုနှစ်တစ်ခုတိုင် ဖယ်ရှားရန်  ကြိုးပမ်းခဲ့သော်လည်း ကလေးမွေးဖွားမှု အရေအတွက်မှာ ကျဆင်းသွားခဲ့သည်။ တရုတ်လူငယ်အများစုသည် အလုပ်အကိုင် မကောင်းသောကြောင့် တစ်ကိုယ်တည်းနေထိုင်ရန် (သို့) အိမ်ထောင်ပြုရန် ကြန့်ကြာနေသည်ဟုလည်း သိရသည်။ 

 

နိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၂၀၂၃ ခုနှစ်တွင် ၁.၄၁ ဘီလီယံအထိသာရှိပြီး ယခင်နှစ်ကထက် ၂ မီလီယံကျော် ကျဆင်းသွားသည့်အတွက် လက်ထပ်ထိမ်းမြှားခြင်းကို အားပေးပြီး ကလေးမွေးဖွားနှုန်း တိုးတက်လာစေရန် အဆိုပါဘွဲ့သင်တန်းကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။ 

 

Source - CNBC News 

 

International News Read 95 times