ကနေဒါတွင် ဘွဲ့လွန်အလုပ်ပါမစ်လျှောက်ထားခွင့် ကန့်သတ်ချက်များ ဖြေလျှော့

ကနေဒါနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်ရေးဌာနသည် နိုင်ငံတကာကျောင်းသားများအတွက် ဘွဲ့လွန်အလုပ်ပါမစ် (PGWP) ထုတ်ပေးရာတွင် မေဂျာကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံ၏ နိုင်ငံတကာ ပညာရေးကဏ္ဍကို တင်းတင်းကြပ်ကြပ် စိစစ်ရန်အတွက် မေဂျာကန့်သတ်ချက်ကို ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်မပါဘဲ ကောလိပ်များအတွက်သာ ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ Canadian Bureau for International Education ၏ CEO ဖြစ်သူ Larissa Bezo က နိုင်ငံအတွင်း ကောလိပ်ဒီဂရီများမှ ဘွဲ့ရများသည် PGWP လျှောက်ရန်အတွက် ဘာသာရပ် ကန့်သတ်ချက်များ မလိုအပ်တော့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ 

Bezo ၏ LinkedIn ပို့စ်တစ်ခုတွင် သူမသည် "PGWP လျှောက်မည့် ကျောင်းသားများသည် Canadian Language Benchmarks (CLB) 7 အဆင့်ဖြင့် အင်္ဂလိပ်ဘာစကားတတ်မြောက်မှု (သို့) Niveaux de competence linguistique canadiens (NCLC) 7 အဆင့်ဖြင့် ပြင်သစ်ဘာသာစကား တတ်မြောက်မှု ရှိရမည်" ဟု ပြောခဲ့သည်။

ထိုပြောင်းလဲမှုသည် ကနေဒါရှိ မည်သည့်ကောလိပ်တွင်မဆို ဘွဲ့ဒီဂရီ (သို့) မဟာဘွဲ့ ပရိုဂရမ်ကို သင်ကြားရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် နောက်ပိုင်းတွင် ပညာသင်ခွင့်လျှောက်ထားခဲ့သော နိုင်ငံတကာကျောင်းသားများနှင့် သက်ဆိုင်မည်ဖြစ်သည်။ 

PGWP လျှောက်ထားရန် လိုအပ်ချက်များ

  • ကနေဒါကောလိပ်တစ်ခုခုမှ မည်သည့် ဘွဲ့ဒီဂရီ (သို့) မာစတာဘွဲ့ ရရှိသူမဆို လျှောက်ထားနိုင်သည်။
  • ဘာသာစကားကျွမ်းကျင်ရမည်။
  • တက္ကသိုလ်ဘွဲ့ရများအတွက် CLB 7 (သို့) NCLC 7 ရှိရမည်။
  • ကောလိပ်ဘွဲ့ရများအတွက် CLB 5 (သို့) NCLC 5 ရှိရမည်။

အထက်ပါ လိုအပ်ချက်များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၁) ရက်နေ့ နောက်ပိုင်းတွင် တင်သွင်းသည့် PGWP လျှောက်လွှာများအတွက်ဖြစ်သည်။ 

PGWP စည်းမျဉ်းသစ်၏ ခြွင်းချက်များ

  • ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ မတိုင်မီ စတင် ပညာသင်ကြားခဲ့သော ကျောင်းသားများသည် ဘွဲ့လွန်အလုပ်ပါမစ် (PGWP) ကို ဘာသာရပ်တိုင်းအတွက် လျှောက်ထားနိုင်သည်။
  • Flight school ဘွဲ့ရများသည် ဘာသာစကား (သို့) ဘာသာရပ် လိုအပ်ချက်များကို ပြည့်မီရန် မလိုအပ်ဘဲ PGWP ရရှိနိုင်သည်။
  • ၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက် နောက်ပိုင်းမှစပြီး သင်ရိုးညွှန်းတမ်းလိုင်စင် သဘောတူညီချက်များအောက်ရှိ ပရိုဂရမ်များအတွက် PGWP လျှောက်ထားခွင့် မရပါ။

ကျောင်းသားတစ်ဦး၏ PGWP သက်တမ်းသည် ပြီးမြောက်ထားသည့် ပရိုဂရမ်၏ ကြာချိန်ပေါ်မူတည်သည်။ (၈) လမှ (၂) နှစ်ကြား ကြာမြင့်သော ပရိုဂရမ်တစ်ခုအတွက် ပရိုဂရမ်နှင့် တူညီသော အလုပ်လုပ်ခွင့် အချိန်ကာလကို ပေးသည်။ ပရိုဂရမ်သည် (၂) နှစ်နှင့် အထက်ကြာပါက ကျောင်းသားသည် (၃) နှစ် အလုပ်လုပ်ခွင့်ကို လျှောက်ထားနိုင်သည်။ 

ကျောင်းသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းသည် ဘွဲ့လွန်အလုပ်ပါမစ် (PGWP) အတွက် သက်တမ်းကာလအပြည့် ကျန်ရှိရန် လိုအပ်သည်။ ဆိုလိုသည်မှာ နိုင်ငံကူးလက်မှတ်၏ သက်တမ်းကုန်ဆုံးရက်အထိသာ PGWP သက်တမ်းက တရားဝင်မည်ဖြစ်သည်။ 

နိုင်ငံကူးလက်မှတ် စောစီးစွာ သက်တမ်းကုန်ဆုံးပါက ကျောင်းသားများသည် သက်တမ်းတိုးလျှောက်ထားပြီး ရလာသည့် ပတ်စ်ပို့အသစ်နှင့်အတူ PGWP သက်တမ်းတိုးမှုအတွက် လျှောက်လွှာ ထပ်တင်ရမည်ဖြစ်သည်။

Source - The Indian Express

International News Read 10 times