ကနေဒါသည် ယခုနှစ်တွင် နိုင်ငံတကာကျောင်းသားအရေအတွက်ကို ၁၀% ထပ်လျှော့ချမည်

 

ကနေဒါအစိုးရသည် အိမ်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများအပေါ် သက်ရောက်နေသော ဖိအားများကို ဖြေလျှော့ရန် ဆက်လက်ကြိုးစားနေသောကြောင့် ၂၀၂၅ ခုနှစ်တွင်လည်း နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည့် နိုင်ငံတကာ ကျောင်းသားအရေအတွက်ကို ကန့်သတ်မည်ဖြစ်ကြောင်း သိရသည်။ 

 

မကြာသေးမီနှစ်များအတွင်း ကနေဒါတွင် ရွှေ့ပြောင်းလူဦးရေ တိုးလာမှုကြောင့် အိမ်ရာရှားပါးမှု ပိုမိုဆိုးရွားလာသည့်အတွက် နိုင်ငံတကာ ကျောင်းသားပါမစ်အသစ်ကို ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကျောင်းသားအရေအတွက်ကို ကန့်သတ်ခဲ့သည်။ 

 

ယခုနှစ်တွင် နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ခွင့် ပါမစ် ၄၃၇,၀၀၀ ကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်ထက် ၁၀% လျှော့ချမည်ဟု လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ ဇန်နဝါရီလ (၂၄) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မတ်လတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာထားသည့် ၀န်ကြီးချုပ် Justin Trudeau သည်လည်း နိုင်ငံခြားသား ဝင်ရောက်မှုများကို လျှော့ချမည်ဟု ကတိပြုထားသည်။ 

 

နိုင်ငံတကာ ကျောင်းသားများသည် ပြည်တွင်းကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ကျောင်းလခ သိသိသာသာ မြင့်မားသော်လည်း ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ ကျောင်းသားဦးရေသည် တစ်သန်းကျော်အထိ စံချိန်တင် မြင့်မားခဲ့ကြောင်း အစိုးရအချက်အလက်များအရ သိရသည်။ 

 

အဆိုပါနှစ်တွင် ကနေဒါနိုင်ငံသည် နိုင်ငံခြားကျောင်းသားများအား ကျောင်းတက်ရောက်ခွင့်ပါမစ်ပေါင်း ၆၅၀,၀၀၀ ကျော်ကို ထုတ်ပေးခဲ့ရာ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ကျောင်းသားအရေအတွက်ထက် သုံးဆခန့် ပိုမိုများပြားခဲ့သည်။  

 

ရွှေ့ပြောင်းနေထိုင်သူများကြောင့် အရှိန်အဟုန်ပြင်းစွာ တိုးပွားလာသော လူဦးရေသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့သော ဝန်ဆောင်မှုများအပေါ် ဖိအားများဖြစ်ပေါ်စေကာ အိမ်ရာစရိတ်များကိုလည်း မြင့်တက်လာစေခဲ့သည်။ 

 

ထို့ကြောင့် ပြီးခဲ့သည့်နှစ်က စပြီး နိုင်ငံတကာ ကျောင်းသားအရေအတွက် ကန့်သတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ကနေဒါတွင် ပညာသင်ခွင့် လျှောက်ထားသော ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတိုင်း Provincial (သို့) Territorial Attestation Letter ကို တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

Source - Reuters

International News Read 6 times