Cambridge International တွင် ဒစ်ဂျစ်တယ်စာမေးပွဲများ စတင်မည်

 

Cambridge International ပညာရေးအဖွဲ့အစည်းသည် ၂၀၂၆ ခုနှစ်၊ ဇွန်လမှစတင်၍ ဒစ်ဂျစ်တယ်စာမေးပွဲများကို စတင်ကျင်းပတော့မည်ဖြစ်ကြောင်း အောက်တိုဘာလ (၁) ရက်နေ့တွင် ကြေညာခဲ့ပါသည်။ IGCSE၊ AS နှင့် A Level တို့ပါဝင်သော Cambridge သင်ရိုးညွှန်းတမ်း အပြည့်အစုံကို ဒစ်ဂျစ်တယ် စာမေးပွဲအဖြစ် မစီစဉ်ခင် ဘာသာရပ်ခြောက်ခုဖြင့် ပထမဆုံး စတင်မည်ဖြစ်ကြောင်း သိရသည်။ 


 
Cambridge သည် ၂၀၃၃ ခုနှစ်တွင် အရေးကြီးသော စာမေးပွဲများ၏ ၈၅% သည် ဒစ်ဂျစ်တယ် ရွေးချယ်ခွင့် ရှိလာလိမ့်ဟု ပြောကြားခဲ့သည်။ ဤဒစ်ဂျစ်တယ်စာမေးပွဲများကို ပထမဆုံးဖြေဆိုမည့် ကျောင်းသားများသည် ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အမေရိကန်တို့မှ ကျောင်းသားများဖြစ်ပြီး ဖြေဆိုရမည့် ဘာသာရပ်များမှာ AS English နှင့် စာရင်းအင်း၊ စီးပွားရေး၊ ဇီဝဗေဒ၊ ဓာတုဗေဒနှင့် ရူပဗေဒတို့ကဲ့သို့ IGCSE ဘာသာရပ်များကို ဖြေဆိုရပါမည်။

 

ဒစ်ဂျစ်တယ် စာမေးပွဲအသစ်များကို ပိုမိုကောင်းမွန်အောင် ပုံဖော်ရာတွင် ကျောင်းများမှ တုံ့ပြန်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း Cambridge မှ ပြောကြားခဲ့သည်။ ယခုအခါ ကျောင်းများသည် "Cambridge Early-Adopter Program" အတွက် စာရင်းသွင်းခြင်းဖြင့် ဒစ်ဂျစ်တယ်စာမေးပွဲများ၏ ပထမအဆင့်တွင် ပါဝင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 

ဤပရိုဂရမ်သည် ကျောင်းများကို ဒစ်ဂျစ်တယ် အစမ်းစာမေးပွဲများ၊ သင်ကြားရေးပစ္စည်းများနှင့် စာမေးပွဲပလပ်ဖောင်းအသစ်များကို စမ်းသုံးနိုင်သည့် အခွင့်အရေးကို ပေးဆောင်မည်ဖြစ်သည်။

 

Cambridge သည် ပညာရေးကို ပိုမိုလက်လှမ်းမီနိုင်စေရန်၊ ဆက်စပ်မှုရှိစေရန်နှင့် သင်ယူမှုအတွက် ပိုမိုကောင်းမွန်စေရန်အတွက် နည်းပညာကို အသုံးပြုရန် စီစဉ်နေပါသည်။ ၄င်းတို့သည် ဒစ်ဂျစ်တယ် စာမေးပွဲ အမျိုးအစား နှစ်မျိုးဖြစ်သော "migratory" နှင့် "transformational" ကို မိတ်ဆက်ပေးပါလိမ့်မည်။

 

"migratory" ဆိုသည်မှာ သင်ရိုးညွှန်းတမ်း၊ အကဲဖြတ် စစ်ဆေးမှု အမျိုးအစား (သို့) သင်ကြားရေးနည်းလမ်းများတွင် အနည်းငယ်သာ ပြောင်းလဲမှုရှိပြီး သမားရိုးကျ စာရွက်ဖြင့် ဖြေဆိုရသည့် စာမေးပွဲများကို ကွန်ပျူတာဖြင့် ဖြေဆိုကြရမည်ဖြစ်သည်။ အဆိုပါ ဒစ်ဂျစ်တယ် စာမေးပွဲများကို ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ 

 

"transformational" သည် စာရွက်ပေါ်တွင် ဖြေဆိုရန် မဖြစ်နိုင်သော အကဲဖြတ်စစ်ဆေးခြင်းအတွက် ရည်ရွယ်ပါသည်။ ဥပမာအားဖြင့် ဤစာမေးပွဲများတွင် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အွန်လိုင်းသုတေသနပြုလုပ်ခြင်း၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကောင်းမွန်စွာပြောဆိုဆက်ဆံခြင်းကဲ့သို့သော တက္ကသိုလ်နှင့် အလုပ်အတွက် အရေးကြီးသောစွမ်းရည်များကို အဓိကထားမည်ဖြစ်သည်။

 

အချက်အလက်များကို အလွတ်ကျက်ပြီး စာရွက်ပေါ်တွင် ဖြေဆိုရမည်မဟုတ်ဘဲ ကျောင်းသားများသည် အရေးကြီးသော ကျွမ်းကျင်မှုနှင့် အသိပညာကို မည်မျှကောင်းစွာအသုံးချနိုင်မှုကို အခြေခံပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မန်နေးဂျင်းဒါရိုက်တာ Rod Smith က "Cambridge သည် အကောင်းဆုံး ဒစ်ဂျစ်တယ်စာမေးပွဲများကို ဖန်တီးရန်အတွက် ကျောင်းများမှ အကြံပြုချက်များကို အသုံးပြုနေကြောင်းနှင့် ကျောင်းများမှ အကြံပြုချက်များကို အခြေခံထားသဖြင့် ကျောင်းသားသင်ယူမှုနှင့် အကဲဖြတ်မှုကို ထိထိရောက်ရောက် ပံ့ပိုးပေးသည့် ဒစ်ဂျစ်တယ် စာမေးပွဲများကို ဒီဇိုင်းထုတ်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ 

 

ကျောင်းများသည် Early-Adopter Program တွင်အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ဖြေဆိုရမည့် စာမေးပွဲအတွက် စီစဉ်ထားသည့် Cambridge ၏ ဒစ်ဂျစ်တယ် အစမ်းစာမေးပွဲများ ဝန်ဆောင်မှုကိုလည်း အသုံးပြုနိုင်ပါသည်။ အစမ်းစာမေးပွဲများသည် ကျောင်းများကို အနာဂတ် ဒစ်ဂျစ်တယ် စာမေးပွဲများအတွက် အဆင်သင့်ဖြစ်စေရန်နှင့် ကျောင်းသားများ အာရုံစိုက်လေ့လာရမည့် နေရာကို ဆရာများ သိစေရန် အကူအညီပေးသည်။ 

 

ဤဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးကတည်းက နိုင်ငံပေါင်း (၃၁) နိုင်ငံမှ ကျောင်းသားများသည် Cambridge IGCSE ၊ Cambridge International AS နှင့် A Levels တို့အတွက် ဘာသာရပ် (၁၆) ခုတွင် ဒစ်ဂျစ်တယ် အစမ်းစာမေးပွဲများကို ဖြေဆိုခဲ့ပြီးဖြစ်သည်။

 

Source - TES Magazine

 

International News Read 56 times