တရုတ်နိုင်ငံ အစိုးရက ပူပန်သောကနဲ့ မညီမျှမှုကို ပညာရေးကဏ္ဍမှာ လျှော့ချလိုတယ်။ နောက်ဆုံး ပြဋ္ဌာန်းလိုက်တဲ့ အစီအစဉ်ကလည်း လျှော့ချပေးနိုင်မယ် မထင်ဘူး။
ဇူလိုင်လကုန်မှာ တရုတ်အစိုးရက ပညာရေးလောကအတွက် အမိန့်ထုတ်ပြန်ခဲ့တယ်။ ကျောင်းချိန်ပြင်ပ ကျူရှင်လုပ်ငန်းကဏ္ဍမှ ကုမ္ပဏီတွေ အမြတ်ရှာခွင့် မရှိတော့ဘူး။ အရင်းအနှီး ထပ်ထည့်ခွင့်လည်း မရှိဘူး။ အများပိုင်လုပ်ငန်းအဖြစ် လူထုကို အစုရှယ်ယာ ရောင်းချတာလည်း မလုပ်ရဘူး။
ရည်မှန်းချက် ပန်းတိုင်က မိဘတွေနဲ့ ကလေးတွေ တရုတ်နိုင်ငံရဲ့ အလွန်အမင်း အပြင်းအထန် ယှဉ်ပြိုင်နေကြတဲ့ ပညာရေးစနစ်မှာ အောက်ကျ နောက်ကျ ဖြစ်မှာကို ကြောက်လို့ စိုးရိမ်ရတဲ့ သောကတွေ ဖိစီးနေတာကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။
တာဝန်ရှိသူတွေ မျှော်မှန်းထားတာ နောက်ဆုံးမှာတော့ ပိုမိုညီမျှတဲ့စနစ်တစ်ခုက လင်မယားတွေကို ကလေး သုံးယောက်အထိ ယူဖို့ အားပေးအားမြှောက်ပြုပေးနေပြီး တိုင်းပြည်မှာ လျော့ကျနေတဲ့ လူဉီးရေကို ပြန်လည် ဖြည့်တင်းပေးနိုင်သွားမယ်။
တရုတ်နိုင်ငံမှာ တစ်ချိန်တုန်းက လင်မယားတွေကို ကလေး တစ်ယောက်သာ ယူခွင့် ပေးထားတယ်။ တိုင်းပြည်လူဉီးရေကို ထိန်းထားဖို့ ကလေးသုံးယောက်အထိ ယူခွင့် ပေးလိုက်တယ်။ ဒါပေမဲ့ ကလေးရဲ့ ပညာရေးစရိတ်က ကြီးမားနေရင် ကလေးတစ်ယောက်ပဲ ယူပြီဂ ပညာကောင်းကောင် သင်ပေးကြလိမ့်မယ်။ ကလေးနှစ်ယောက် သုံးယောက် ယူကြမှာ မဟုတ်ဘူး။ ဒီတော့ ကလေးတွေရဲ့ ပညာရေးစရိတ် မကြီးမားအောင် ကျောင်းချိန်ပြင်ပ ကျူရှင်စရိတ်တွေ မဖိစီးအောင် ဉီးတည်လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ရည်မှန်းချက် တန်ဖိုးရှိတယ်။ ဒါပေမဲ့ အစိုးရက ရောဂါဆန်းစစ်တာမှာ မှားနေတဲ့ ပြဿနာရှိနေတယ်။
ကလေးအတွက် ရည်မှန်းချက် ကြီးမားပြင်းပြတဲ့ လူလတ်တန်းစားမိဘတွေအနေဖြင့် တစ်နှစ်တာ ကျူရှင်ထားဖို့ မတတ်နိုင်တဲ့အခါ စာမေးပွဲ အနီးကပ် ရက်တို ကျူရှင်တွေမှာ ကလေးကို တက်ရောက်စေတယ်။ အဲဒီ ပုဂ္ဂလိကကျူရှင်တွေက အမြတ်ရှာခွင့် မရှိရင် ကျောင်းပိတ်ပစ်ဖို့ပဲ ရှိလိမ့်မယ်။ ဆက်သင်ချင်တယ်ဆိုရင် မှောင်ခိုကျူရှင် (မြေအောက်ကျူရှင်) တွေ အဖြစ် ဖွင့်လှစ်ကြရလိမ့်မယ်။ ဒီတော့ ပုဂ္ဂလိက ကျူရှင်လုပ်ငန်းကဏ္ဍာကို မြေအောက်လုပ်ငန်းအဖြစ် ရောက်ရှိအောင် အတင်းအကျပ် တွန်းပို့လိုက်လိမ့်မယ်။ ကျူရှင်သင်တဲ့ ဆရာဆရာမတွေကို ချမ်းသာတဲ့မိဘတွေက ငှားရမ်းပြီး သူတို့ရဲ့ ကလေးကို စာသင်ခိုင်းမယ်။ မတတ်နိုင်တဲ့ လူလတ်တန်းစားမိဘတွေအဖို့ ကလေးရဲ့ အနာဂတ်အတွက် စိတ်ပူနေကြရမယ်။ ဖြစ်စေချင်တဲ့ ပညာရေးကဏ္ဍမှာ ပူပန်သောကနဲ့ မညီမျှမှု လျော့ကျတဲ့ဆီကို မရောက်ဘဲ ပြောင်းပြန်အားဖြင့် ပူပန်သောကနဲ့ မညီမျှမှုတွေ ပိုကြီးမာနေလိမ့်မယ်။
လူလတ်တန်စား မိဘများအနေဖြင့် သူတို့တတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရသလောက်ကိုသာ ကလေးအတွက် ကျူရှင်ထားပေးနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ချမ်းသာတဲ့မိဘ တတ်နိုင်တဲ့ မိဘတွေလို ပြည့်ပြည့်စုံစုံ ကျူရှင်ထားပေးဖို့ မဖြစ်နိုင်တော့ဘူး။
နောက်ကြောင်းကို ပြန်ကြည့်ရင် တရုတ်အစိုးရ အဆင့်မြင့်ပညာရေး လူအများ လက်လှမ်းမီအောင် တိုးချဲ့လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ၁၉၉၀ ပြည့်နှစ်လွန် ကာလမှာ ဆုံးဖြတ်ခဲ့တယ်။
အဲဒီနောက်ပိုင်း နှစ်ပေါင်းသုံးဆယ် ငွေတွေ သွန်ထည့်ပြီး ကောလိပ် အသစ်တွေ၊ တက္ကသိုလ် အသစ်တွေ ထူထောင်တယ်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဘွဲ့ရသူ ၃.၄ သန်းမှ ၂၈.၃ သန်း ဖြစ်လာတယ်။
အဲဒီမှာ ပြဿနာ ရှိနေတယ်။ အဲဒီတက္ကသိုလ်ကောလိပ်တွေမှာ အရည်အသွေးက အကြီးအကျယ် ကွာခြားနေတယ်။ တစ်ပြေးညီ မဖြစ်ဘူး။
ဒီတော့ ဘွဲ့ရချင်း အတူတူ ရထားတဲ့ ဘွဲ့ချင်းအတူတူ ဘယ်တက္ကသိုလ်က ဆင်းတာလဲဆိုတာက အရေးပါတဲ့အချက်ဖြစ်နေတယ်။
မြို့ပြ အထက်တန်းစား တက္ကသိုလ်တွေမှ ဘွဲ့ရတွေက အလုပ်ထဲ ဝင်ကြတဲ့အခါ လစာကောင်းကောင်း ရတယ်။ အလုပ်ရဖို့လည်း ပိုလွယ်ကူတယ်။ တခြား ကောလိပ်တွေ တက္ကသိုလ်မှ ဆင်းလာတဲ့သူတွေကတော့ အလုပ်ရဖို့တောင် တဝဲလည်လည် ဖြစ်နေတယ်။ စိန်ခေါ်မှုတစ်ရပ် ရင်ဆိုင်နေရတယ်။
အဲဒီကွာခြားချက်ကြီးက တရုတ်မိဘတွေအဖို့ လုံးလုံးလျားလျာ အရေးကြီးတဲ့အချက်ဖြစ်နေတယ်။ သူတို့အထဲမှာ အများစုက အငြိမ်းစား ယူတဲ့အခါ ရမယ့် ပင်စင်လစာက အဓိပ္ပာယ် မရှိတဲ့ ပမာဏ ဖြစ်နေတယ်။ ဒီတော့ သူတို့ အိုမင်းမစွမ်း ဖြစ်တဲ့အခါ သူတို့ကလေးက သူတို့ကို ထောက်ပံ့နိုင်လောက်အောင် လုံလုံလောက်လောက် ရှိမယ့် လစာဝင်ငွေ ရှိဖို့ အရေးကြီးတယ်။
ကိစ္စပေါ်နေတာ ပိုဆိုးသွားစေတာက အစိုးရရဲ ဝင်ခွင့် စီမံပုံ ဖြစ်တယ်။ တက္ကသိုလ်တွေ ကောလိပ်တွေဆိုတာ လာတက်ချင်သမျှ အကုန်လုံး လက်ခံပေးဖို့ နေရာမလုံလောက်ဘူး။ အရင်းအမြစ် မလုံလောက်ဘူး။ ဒီတော့ အများဆုံး လက်ခံနိုင်တဲ့ ဦးရေ သတ်မှတ်ထားကြရတယ်။ ဒီတော့ ဘယ်သူတွေ တက်ခွင့်ပေးမှာလဲ ဆိုတာကို ဝင်ခွင့် စာမေးပွဲကျင်းပပြီး အဆုံးအဖြတ်ပြုတဲ့စနစ်ကို တရုတ်အစိုးရက ကျင့်သုံးတယ်။
ကောင်းခေါင် gaokao လို တရုတ်လို့ခေါ်တဲ့ ဝင်ခွင့် စာမေးပွဲကို ဖြေကြရတယ်။ လူတော်လူချွန်တွေကို ရွေးချယ်ဖို့ ခက်ခက်ခဲခဲ စာမေးပွဲကို စစ်ဆေးတယ်။ အောင်တယ် ကျရှုံးတယ် ဆိုတာက အဆုံးအဖြတ်ပေးတဲ့ အချက်တချို့က ကျောင်းသူကျောင်းသား လက်ထဲမှာ မရှိဘူး။
ထိပ်တန်း တက္ကသိုလ်တွေမှာ ချန်ထားတဲ့နေရာတွေ ရှိစမြဲ ဖြစ်ပါတယ်။ ဘီဂျင်းမြို့၊ ရှန်ဟိုင်းမြို့ စတဲ့မြို့ခံတွေအတွက် နေရာချန်ပေးထားတယ်။ ကျန်တဲ့နေရာကိုမှ အခြားနေရာဒေသတွေမှ တက်ရောက်လိုသူတွေကို နေရာပေးတယ်။ ဒီတော့ လက်ကျန်နေရာတွေကို အခြားနေရာဒေသအကုန်လုံးမှ ဝင်ခွင့်ဖြေဆိုသူတွေ ယှဉ်ပြိုင်ကြရတော့ ရမှတ်အရမ်းကောင်းတဲ့သူတွေလောက်ပဲ ဝင်ခွင့် ရကြတယ်။ မြို့ကြီးတွေမှ ကျောင်းသူကျောင်းသားတွေအဖို့တော့ ချန်ပေးထားတဲ့နေရာတွေ ပိုများများ ခွဲတမ်း ရှိနေလို့ ကျေးလက်မှ ဝင်ခွင့်ဖြေသူတွေလောက် ရမှတ် မမြင့်လည်း ဝင်ခွင့် ရကြတယ်။
ကျေးလက်မှာ ပညာရေး အရင်းအမြစ်တွေ ချို့တဲ့တယ်။ ဆရာမလုံလောက်တာမျိုးတွေ ရှိတယ်။ ကျေးလက်ဒေသမှ ကျောင်းသူကျောင်းသားတွေက မြို့ပြမှ ပြိုင်ဘက် ကျောင်းသူကျောင်းသားတွေထက် ရမှတ်ပိုကောင်းမှ ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ကို ရကြတယ်။
ဒီတော့ ပညာရေးစနစ်မှာ ကောင်းခေါင် gaokao မှာ ရမှတ်ကောင်းဖို့ လိုအပ်တာ ထင်ရှားပါတယ်။ ဒီတော့ မိဘတွေက ကျောင်းတွေကို ကောင်းခေါင် gaokao အတွက် သင်ပေးစေလိုကြတာ သဘာဝကျပါတယ်။ ကောင်းခေါင် gaokao စာမေးပွဲ မေးခွန်းပုံစံတွေကို ဖြေဆိုနိုင်ဖို့ကိုပဲ အားစိုက်ပြီး သင်ယူကြတယ်။
ကျောင်းသူကျောင်းသားတွေကို ကောင်းခေါင် gaokao တစ်ကြိမ်စစ်ပေးပြီး သူတို့ရဲ့ အနာာဂတ်အတွက် အဆုံးအဖြတ်ပေးလိုက်တယ်။ ကလေးရဲ့ ရှေ့ရေးကိုသာမက နောင်တစ်ချိန်မှ ကလေးရဲ့ ဝင်ငွေကို မှီခိုအားထားရမယ့် မိဘတွေ အပါအဝင် မိသားစုတစ်ခုလုံးရဲ့ ရှေ့ရေးကို ကောင်းခေါင် gaokao တစ်ကြိမ်စစ်ပေးပြီး အဆုံးအဖြတ်ပေးလိုက်တယ်။
အဲဒီတော့ ကောင်းခေါင် gaokao စာမေးပွဲဖြေဖို့အတွက်သက်သက်ပဲ သင်ပေးတဲ့ ကျူရှင်တွေ လိုအပ်ချက်အရ ပေါ်ပေါက်ရှင်သန်နေတယ်။ ကိုယ်ပိုင်ကျောင်းဆရာဆရာမတွေရဲ့ ကွန်ရက် ရှိလာတယ်။ ကျူရှင်လောကရဲ့ တန်ဖိုးက အခုအခါ အမေရိကန်ဒေါ်လာ တစ် ဘီလျံ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားကြတယ်။ လတ်လော ကောက်ခံခဲ့တဲ့ စစ်တမ်းမှာ တရုတ်မိဘတွေမှာ ၉၂% က သူတိုရဲ့ ကလေးတွေကို အပိုဆောင်းသင်ရိုး အတန်းတွေ တက်ခိုင်းထားကြပြီး ကုန်ကျစရိတ်က တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁,၅၀၀ အထက်မှာ ရှိတယ်။
မိဘတွေနဲ့ ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုများကြောင့် ကျူရှင်စီးပွားက ဆက်လက်ရှင်သန်နေတယ်။ အခုတော အစိုးရက တားမြစ်လိုက်တဲ့အတွက် မိဘအတော်များများက ကျေနပ်ကြတယ်။ ထိထိရောက်ရောက် တားမြစ်ပိတ်ပင်နိုင်မှာလား ဆိုတာ စောင့်ကြည့်နေကြတယ်။ အပြည့်အဝတော့ မပျော်နိုင်ကြဘူး။
အမေရိကန်မှ ကျူရှင်ပြတဲ့သူက တရုတ်နိုင်ငံမှ တပည့်တွေကို အွန်လိုင်းကနေ အင်္ဂလိပ်စာ သင်ပေးတယ်။ တပည့်တစ်ဦး တစ်နာရီ ၄၅ အမေရိကန်ဒေါ်လာ အထက်မှာ ကျသင့်ပါတယ်။ အဲဒီလို ပြည်ပမှ လှမ်းသင်တဲ့ ကျူရှင်တွေကို ဘယ်လို ပိတ်ပင်မလဲ။ ပြည်တွင်းမှ ကျူရှင်ပြတဲ့သူတွေကို ပိတ်ပင်လိုက်တော့ ပြည်ပမှ သင်ပြပေးတတ်တဲ့သူတွေကို ပိုအားကိုးကြရတော့ ပြည်ပမှ သင်တဲ့ ကျူရှင်တွေက ကြေးတက်ကုန်တယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေ အလှမ်းမမီနိုင်တော့ဘူး။ သူတို့ တတ်နိုင်တဲ့ ပြည်တွင်းကျူရှင်ကလည်း ပိတ်ပင်ထားတော့ ကလေးနောင်ရေး ပညာရေးအတွက် ရင်လေးနေရတယ်။
ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာ အာရှနိုင်ငံတစ်ခု ဖြစ်တဲ့ တောင်ကိုရီးယားကို ကြည့်လို့ ရတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တောင်ကိုရီးယား လူလတ်တန်းစားတွေ ကျူရှင်လုပ်ငန်းကဏ္ဍ အလျင်အမြန် ကြီးထွားကျယ်ပြန့်လာတာအတွက် ပူပန်သောက ရောက်ခဲ့ကြတဘ်။ ၁၉၈၀ ခုနှစ် ချွန်ဒူးဝမ် အာဏာရှင်လက်ထက်မှာ ကျူရှင်တွေ ပိတ်ပင်လိုက်တယ်။ မှောင်ခိုကျူရှင် ချက်ချင်း ဖြစ်သွားတယ်။ နောက်ဆုံးမှာ အစိုးရက မလွှဲမရှောင်သာတော့လို့ နောက်ပြန်ဆုတ်လိုက်ရတယ်။ ကျူရှင်တွေ ပန်းပန်ကြတယ်။ ၁၉၉၆ ခုနှစ်မှာ တောင်ကိုရီးယားမှ မိဘတွေရဲ့ ကျူရှင်အတွက်အသုးစရိန်က အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ရှိတယ်။ အစိုးရရဲ့ ပညာရေးအတွက် တစ်နှစ်တာ ဘတ်ဂျက်အသုံးစရိတ်ထက် ပိုများပါတယ်။ အစဉ်အလာ ကျောင်းစနစ်ကလည်း ဆက်ရှိနေတယ်။ ကောလိပ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲတွေကလည်း မအောင်ရင် ဝင်ခွင့်မရလို့ ဘဝပျက်ပြီ။ မိဘတွေမှာ တခြားရွေးစရာလမ်း မရှိတော့ ကလေးတွေကို အတင်းအကျပ် စာလုပ်ခိုင်းနေကြရတယ်။
.အခု တရုတ်နိုင်ငံ ပညာရေးကလည်း အလားတူ လမ်းကြောင်းပေါ်ကို ရောက်နေတယ်။ ပူပန်သောကနဲ့ မညီမျှမှုကို လျှော့ချနေတာ ကဖျက်ယဖျက် လုပ်ခံရဖို့ များတယ်။ ကျူရှင်သင်ပြတဲ့သူတွေ၊ မိဘတွေ၊ တပည့်တွေက ကျူရှင်သင်မှကို ဖြစ်မှာ မဟုတ်လား။
Source bloomberg.com