နိုင်ငံတကာကျောင်းများတွင် စမတ်ဖုန်းသုံးစွဲခြင်း ပိတ်ပင်တားဆီးမှု များပြားလာ

 

ကျောင်းသားများ နည်းပညာအလွန်အကျွံအသုံးပြုမှု၏ အပျက်သဘောဆောင်သည့် သက်ရောက်မှုများကြောင့် နိုင်ငံပေါင်း (၄) နိုင်ငံတွင် (၁) နိုင်ငံက ကျောင်းများမှာ စမတ်ဖုန်းအသုံးပြုမှု ပိတ်ပင်တားဆီးလျက်ရှိကြောင်း ကုလသမဂ္ဂ၏ Global Education Monitoring (GEM) အစီရင်ခံစာမှာ ဖော်ပြထားပါသည်။ 

 

နိုင်ငံပေါင်း (၄) နိုင်ငံတွင် (၁) နိုင်ငံသည် ကျောင်းသားများအတွက် နည်းပညာ ဆိုကျိုးသက်ရောက်မှုများရှိနေသည့်အတွက် ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှုကို ပိတ်ပင်ထားသည်။

 

မိုဘိုင်းကိရိယာတစ်ခုနှင့် နီးကပ်နေခြင်းသည် ကျောင်းသားများကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး သင်ယူမှုအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိကြောင်း တွေ့ရှိရသည်ဟု USESCO မှ ထုတ်ဝေသော "ပညာရေးဆိုင်ရာ နည်းပညာ" အစီရင်ခံစာတွင် အကဲဖြတ်ပြောဆိုထားသည်။ 

 

ကုလသမဂ္ဂ ပညာရေးအဖွဲ့မှ ကျွမ်းကျင်သူတစ်ဦးသည် ပညာရေးတွင် စမတ်ဖုန်းများအပါအဝင် နည်းပညာများကို သင်ယူမှုရလဒ်အတွက် ပံ့ပိုးပေးပြီး အကျိုးရှိမှသာ အတန်းထဲတွင် အသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်။

 

"ဒစ်ဂျစ်တယ်နည်းပညာကို လက်ခံကျင့်သုံးခြင်းသည် ပညာရေးနှင့် သင်ယူမှုတွင် အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေပါသည်။ နည်းပညာတိုးတက်မှုကြောင့် ကျောင်းတွင် ကျောင်းသားများ သင်ယူလိုသော ပညာရပ်များ၊ နယ်ပယ်သစ်များကို လေ့လာနိုင်ပါသည်။

 

နည်းပညာကြောင့်ပင် စာသင်ခန်းများတွင် စာရွက်များအစား စခရင်များနှင့် ဘောပင်များကို ကီးဘုတ်များဖြင့် အစားထိုးနိုင်ခဲ့သည်။ ထို့ပြင် COVID-19 တွင် အွန်လိုင်းတွင် စာသင်ခန်းတစ်ခုဖန်တီးပြီး သင်ကြာရေးပရိုဂရမ်များ အဆက်မပြတ်ရှိနေစေခဲ့ပြီး ပညာရေးစနစ်တစ်ခုလုံးကို အွန်လိုင်းသို့ ပြောင်းလဲပေးခဲ့သည်မှာလည်း နည်းပညာဖြစ်သည်" ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 

 

သို့သော် ကျောင်းသားများသည် နည်းပညာကို အကျိုးရှိသောနေရာတွင် အသုံးမချဘဲ စာသင်နေစဉ်အတွင်း အပျော်သဘောသုံးစွဲမှု များပြားလာသည့်အတွက် ပိတ်ပင်တားဆီးရခြင်းဖြစ်သည်။  

 

နိုင်ငံပေါင်း (၁၄) နိုင်ငံရှိ မူလတန်းမှ တက္ကသိလ်အဆင့်အထိ ကျောင်းသားများ၏ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုနှင့် ပညာရေးဆိုင်ရာ ရလဒ်များအကြား ဆက်စပ်မှုကို သုတေသနပြုမှုတွင် ခွဲခြမ်းစိတ်ဖြာရာမှာ အနုတ်လက္ခဏာ သက်ရောက်မှုကို တွေ့ရှိခဲ့ပြီး တက္ကသိုလ်အဆင့်တွင် ပိုမိုကြီးမားသော ကျဆင်းမှုရှိနေပါသည်။ အဆိုပါတွေ့ရှိမှုသည် ကျောင်းသားများသည် စာသင်ချိန်အတွင်း အာရုံပျံ့လွင့်မှုနှင့် စာသင်နေချိန်အတွင်း ပညာရေးအတွက်မဟုတ်ဘဲ ဖုန်းသုံးစွဲနေခြင်းတို့ကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

ကျောင်းသားများသည် စာလေ့လာရန်အတွက် မဟုတ်ဘဲ ဖုန်းသုံးစွဲရင်း အာရုံလွဲသွားလျှင် ၎င်းတို့ သင်ယူနေသည့်အရာကို ပြန်လည်အာရုံစိုက်ရန် မိနစ် ၂၀ အထိ အချိန်ယူရနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ နည်းပညာအသုံးပြုမှုကို အတိုင်းအတာတစ်ခုထက်ကျော်လွန်၍ ပိုမိုပြင်းထန်သောအသုံးပြုမှုကြောင့် ပညာရေးစွမ်းဆောင်ရည်ကျဆင်းခြင်းကို မကြာခဏတွေ့ရှိရသော်လည်း အလယ်အလတ်အသုံးပြုမှုကြောင့် အပြုသဘောဆောင်သော ပညာရေးရလဒ်များ ရရှိနိုင်ပါသည်။ 

 

"တက်ဘလက်နှင့် ဖုန်းများအသုံးပြုခြင်းတွင် ဆရာများညွှန်ပြထားသည့် ဝက်ဘ်ဆိုဒ်များအပြင် တခြားသော ဝက်ဘ်ဆိုဒ်များကိုပါ အသုံးပြုခြင်းအတွက် စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုတွင် အခက်အခဲများ ရှိလာပါသည်။ သင်ယူမှုရလဒ်အပေါ် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများနှင့်အတူ ပညာရေးဆိုင်ရာ အနှောင့်အယှက်များ တိုးလာသည်” ဟု အစီရင်ခံစာမှ သိရသည်။ 

 

နည်းပညာအသုံးပြုခြင်းသည် အကျိုးရှိစေပြီး အန္တရာယ်မဖြစ်စေရန်အတွက် ရှင်းလင်းသော ရည်မှန်းချက်များနှင့် အခြေခံမူများ လိုအပ်ကြောင်း၊ ကျောင်းသားများ၊ ဆရာများနှင့် စီမံခန့်ခွဲသူများအားလုံး၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်စေမည့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် သင်ကြားရန်နှင့် ပညာရေးစနစ်များကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားရန် လိုအပ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

Source - hindustantimes

----------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

International News Read 88 times