အာရှကျောင်းသားများကို ရွေးချယ်ပြီး ဂျပန်တွင် ဆေးပညာ အခမဲ့ လေ့လာခွင့်ပြုမည်

 

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် အာရှနိုင်ငံများမှ ကျောင်းသားများအတွက် ကျူရှင်နှင့် နေထိုင်မှုစရိတ်များကို ကာမိပြီး ဂျပန်နိုင်ငံ ဆေးကျောင်းများတွင် ပညာသင်ကြားနိုင်ရန် ၂၀၂၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတကာ ကျောင်းသားများကို ပံ့ပိုးကူညီရန်နှင့် အာရှတစ်ဝှမ်းတွင် ဂျပန်ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများကို တိုးချဲ့အသုံးပြုရန် ရည်ရွယ်ချက်ကြောင့် ဝန်ကြီးဌာနအနေဖြင့် ယခုပရိုဂရမ်ကို ထမဆုံးအကြိမ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။

 

အဆိုပါအစီအစဉ်ကို ၂၀၂၆ ခုနှစ် အစောပိုင်းတွင် စတင်ရန် မျှော်လင့်ထားပြီး ကျောင်းသား (၂၀) ဦးကို ရွေးချယ်စီစစ်ကာ လက်ခံကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသာများကို အင်ဒိုနီးရှားနိုင်ငံ၌ ရုံးစိုက်ပြီး ဂျပန်နိုင်ငံမှ ရန်ပုံငွေ ပံ့ပိုးထားသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Economic Research Institute for ASEAN and East Asia မှ ရွေးချယ်သွားမည်ဖြစ်သည်။

 

ရွေးချယ်ခံရသူများသည် ၎င်းတို့၏ မိခင်နိုင်ငံ၌ ဂျပန်ဘာသာစကားသင်တန်းကို သင်ကြားခွင့်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ ရောက်သည့်အခါ ဆေးတက္ကသိုလ်များတွင် ခြောက်နှစ်ကြာ ပညာသင်ကြားရမည်ဖြစ်သည်။ အစိုးရက ၎င်းတို့၏ ကျူရှင်ခနှင့် နေထိုင်စရိတ်အားလုံးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အစီအစဉ် အသေးစိတ်ဖြစ်သော မည်သည့်နိုင်ငံများမှ လျှောက်ထားနိုင်မည်၊ လျှောက်ထားသူများသည် မည်သည့် အရည်အချင်းရှိရမည်နှင့် မည်သည့်တက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည်ကို အတိအကျ မသိရသေးဘဲ ဝန်ကြီးဌာနက ဆုံးဖြတ်နေဆဲဖြစ်သည်။ ဝန်ကြီးဌာနသည် မွေးရပ်နိုင်ငံ၌ ဆရာဝန်အဖြစ် လုပ်ကိုင်နိုင်မည့် ဗီယက်နမ်ကျောင်းသားများကို စိတ်ထဲ ပိုရှိနေသည်။
 


ဝန်ကြီးဌာန၏အဆိုအရ ဆေးကျောင်းများအတွက် ကျူရှင်ခမှာ တစ်နှစ်လျှင် ယန်းသိန်းပေါင်းများစွာမှ ယန်းသန်းပေါင်းများစွာအထိရှိပြီး နိုင်ငံတကာကျောင်းသားများသည် ဘာသာစကား အခက်အခဲနှင့်လည်း ရင်ဆိုင်နေရပါသည်။ အချို့တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ဆုနှင့် အထွေထွေ ထောက်ပံ့ရေး အစီအစဉ်များ ရှိသော်လည်း ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာ ဆေးကျောင်းသား အရေအတွက်မှာ များပြားသည်။

 

“နိုင်ငံတကာ ကျောင်းသားတွေကို ဂျပန်မှာ ဆေးပညာ သင်ကြားရုံသာမက အရည်အသွေးမြင့် ဂျပန်ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ ဆေးဝါးတွေအကြောင်း လေ့လာစေချင်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “အိမ်ပြန်ပြီး သူတို့နိုင်ငံတွေမှာ ဒီအကြောင်းအရာတွေကို မိတ်ဆက်ပေးရင် ဂျပန်စီးပွားရေးလည်း တိုးတက်လာမှာ ဖြစ်တယ်။” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source - Asia News Network

 

International News Read 45 times