သင်ကြားရေးမှာ အသုံးပြုလေ့ရှိတဲ့ အကဲဖြတ်စစ်ဆေးနည်း (၇) မျိုး

 

အကဲဖြတ်စစ်ဆေးမှု (Assessment) ဆိုတာ သင်ယူမှုလုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပြီး သင်ကြားရေးနဲ့ သင်ယူမှုကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ကူညီပေးပါတယ်။ အကဲဖြတ်စစ်ဆေးမှုကြောင့် ဆရာတွေအနေနဲ့ ကျောင်းသားတွေရဲ့ တိုးတက်မှု၊ အားသာချက်၊ အားနည်းချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး ကျောင်းသားတွေဘက်ကလည်း သင်ယူမှုအခြေအနေ တိုးတက်မှု ရှိ၊ မရှိကို တိုင်းတာနိုင်ပါတယ်။

 

အကဲဖြတ်စစ်ဆေးနည်းတွေကတော့ (၁၀) ခုထက်မနည်း အမျိုးမျိုး ရှိပေမဲ့ သင်ကြားရေးမှာ တကယ်အသုံးဝင်တဲ့ အကဲဖြတ်စစ်ဆေးနည်း (၇) မျိုးကိုပဲ ထုတ်နှုတ်ဖော်ပြပေးသွားပါမယ်။

 

၁။ Diagnostic Assessment

ကျောင်းသားတွေရဲ့ လက်ရှိအသိပညာ၊ အားသာချက်၊ အားနည်းချက်တွေနဲ့ သင်ယူမှု လိုအပ်ချက်တွေကို ခွဲခြားသတ်မှတ်ဖို့ အတန်းမစမီ စစ်ဆးရတဲ့ အကဲဖြတ်စစ်ဆေးနည်းကို Diagnostic Assessment လို့ခေါ်ပါတယ်။

Pre-test ဆိုတဲ့ သဘောမျိုးဖြစ်တာကြောင့် ဆရာတွေအတွက် ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်စေမယ့် သင်ကြားရေး နည်းဗျူဟာတွေကို ချမှတ်ဖို့ ကူညီပေးပါတယ်။ ကိန်းသုံးလုံးတွဲ ပေါင်းတာကို မသင်ခင်မှာ ကိန်းနှစ်လုံးတွဲ ပေါင်းတာကို ပြန်မေးတာ၊ သင်တန်းတစ်ခု မတက်မီ အဲ့ဒီအတန်းမှာ တက်ရောက်ဖို့ အရည်အချင်းပြည့်မီမှု ရှိ/မရှိ စစ်ဆေးတာတွေကို ဆိုလိုပါတယ်။

 

၂။ Formative Assessment

အကြောင်းအရာတစ်ခု သင်ကြားပြီးတိုင်း ကျောင်းသားတွေရဲ့ တိုးတက်မှုကို စောင့်ကြည့်ဖို့၊ သင်ယူမှုရလဒ်တွေ တိုးတက်ကောင်းမွန်လာစေဖို့ သင်ကြားရေးကာလအတွင်း ဆရာတွေ အသုံးပြုတဲ့ စစ်ဆေးနည်း ဖြစ်ပါတယ်။

သင်ခန်းစာတစ်ခုပေါ်မှာ ကျောင်းသားတွေ ဘယ်လောက်နားလည်လိုက်လဲဆိုတာ စစ်ဆေးချင်ရင် ဉာဏ်စမ်းမေးခွန်းတွေ မေးတာ၊ ကျောင်းသားတွေအချင်းချင်း အပြန်အလှန် ဆွေးနွေးစေတာ၊ သင်ခန်းစာနဲ့ ပတ်သက်ပြီး Presentation လုပ်ခိုင်းတာ စသဖြင့် စာသင်ကြားနေချိန်မှာပဲ အမှတ်မပေးဘဲ စစ်ဆေးလိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။  

 

၃။ Summative Assessment

သင်ကြားရေးကာလတစ်ခုရဲ့ အဆုံးမှာ ကျောင်းသားတွေရဲ့ သင်ယူမှုကို စံညွှန်းတစ်ခု သတ်မှတ်ပြီး အကဲဖြတ် အမှတ်ပေးတဲ့ စာမေးပွဲကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် အတန်းထဲမှာ စစ်ဆေးနေကျ ပထမနှစ်၀က်စာမေးပွဲ၊ ဒုတိယနှစ်ဝက်စာမေးပွဲ၊ အတန်းဆုံးစာမေးပွဲတွေဆိုတာ Summative Assessment တွေပဲဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံးမှာ သင်ကြားခဲ့ရတဲ့ သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို ခြုံငုံပြီး မေးမြန်းတာ၊ တစ်နှစ်ပတ်လုံး သင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေကို ပရောဂျက် လုပ်ဆောင်စေတာ စသဖြင့် အဆင့်သတ်မှတ်ချက်တွေ ပေးပြီး စစ်ဆေးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

 

၄။ Criterion-Referenced Assessment

ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ကျောင်းသားတွေ ဘယ်လောက်အတိုင်းအတာထိ ရရှိသွားလဲဆိုတာကို သိရအောင် အကဲဖြတ်စစ်ဆေးခြင်း ဖြစ်ပါတယ်။

ဥပမာ - အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို ခြေရာခံဖို့ ဝေါဟာရ အသုံးပြုပုံ၊ ဝါကျတည်ဆောက်ပုံတွေကို စစ်ဆေးတာ၊ ကွန်ပျူတာ ကျွမ်းကျင်မှုကို အကဲဖြတ်ဖို့ စာရိုက်နှုန်း၊ ကုဒ်ရေးနည်းတွေကို စစ်ဆေးတာ၊ ကျောင်းမှာ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းဘောင်နဲ့ ကိုက်ညီတဲ့ ဘာသာရပ် အခြေခံစာမေးပွဲတွေ ဖြေဆိုခိုင်းတာ စတာတွေဟာ Criterion-Referenced Assessment ပုံစံတွေ ဖြစ်ပါတယ်။

 

၅။ Norm-Referenced Assessment

ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ကျောင်း (သို့) ဒေသအတွင်းရှိ ရွယ်တူတွေနဲ့ နှိုင်းယှဉ်ပြီး အကဲဖြတ်စစ်ဆေးခြင်းကို Norm-Referenced Assessment လို့ ခေါ်ပါတယ်။ အသက်၊ အတန်း၊ ဝါသနာ၊ ကျွမ်းကျင်မှု တူညီတဲ့ အုပ်စုဖွဲ့တစ်ခုအတွင်း ကျောင်းသားတစ်ဦးရဲ့ အဆင့်ကို ခွဲခြားသတ်မှတ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ကျောင်းတွင်း အတန်းအလိုက် ပညာရေးပြိုင်ပွဲတွေ၊ ဒေသတွင်း ကျောင်းအလိုက် ပညာရေး ပြိုင်ပွဲတွေ၊ နိုင်ငံတကာအဆင့် ပညာရေး ပြိုင်ပွဲတွေ စတာတွေဟာ Norm-Referenced Assessment ပုံစံတွေ ဖြစ်ပါတယ်။

 

၆။ Ipsative Assessment

Ipsative Assessment ဆိုတာ ကျောင်းသားတစ်ဦးရဲ့ လက်ရှိ စွမ်းဆောင်ရည်ကို တခြားကျောင်းသားတစ်ယောက်နဲ့ နှိုင်းယှဉ်စစ်ဆေးတာမဟုတ်ဘဲ သူတို့ရဲ့ အရင်က စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ် စစ်ဆေးတာမျိုး ဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ အချိန်နှင့်အမျှ တစ်ကိုယ်ရည် တိုးတက်မှုကို သိရှိလိုတဲ့အခါ Ipsative Assessment စစ်ဆေးမှုက အသုံးဝင်ပါတယ်။ သင်တန်းကာလ အစနဲ့ အဆုံးမှာ ကျောင်းသားတစ်ဦးရဲ့ စာဖတ်စွမ်းရည်ကို နှိုင်းယှဉ်တာ၊ ကျောင်းသားတစ်ဦးရဲ့ စာစီစာကုံးရေးသားနိုင်တဲ့ စွမ်းရည် တိုးတက်မှုကို လအလိုက် တိုင်းတာတာတွေက Ipsative Assessment တွေဖြစ်ပါတယ်။  

 

၇။ Performance-Based Assessment

Performance-Based Assessment ကတော့ ကျောင်းသားတစ်ဦးရဲ့ အသိပညာကို လက်တွေ့ဘဝအခြေအနေမှာ အသုံးချနိုင်စွမ်းကို တိုင်းတာဖို့အတွက် အသုံးဝင်တဲ့ စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။

ဒီနည်းလမ်းကို စာသင်ခန်းထဲမှာ ပေါင်းစပ် သင်ကြားမယ်ဆိုရင် လက်တွေ့ကျတဲ့ သင်ယူမှုကို ပေးဆောင်နိုင်သလို ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်နဲ့ လက်တွေ့ကမ္ဘာရဲ့ စိန်ခေါ်မှုတွေအတွက် ကျောင်းသားတွေကို ပြင်ဆင်ပေးရာရောက်ပါတယ်။

ဥပမာအနေနဲ့ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေကို လက်တွေ့ လုပ်ဆောင်စေခြင်း၊ နည်းပညာကို လက်တွေ့ အသုံးချစေခြင်း၊ အင်္ဂလိပ်စကားကို အတန်းထဲမှာ အပြန်အလှန် ပြောစေခြင်း စတာတွေ ပါဝင်ပါတယ်။

High Secondary Read 181 times