Sales Hotline : 09448001653       Download App



ဘယ်သန်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

 

 

လူဦးရေရဲ့၁၁ရာခိုင်နှုန်းဟာဘယ်သန်အဖြစ်မွေးဖွားလာကြတာပါ။ဘယ်သန်ကလေးတွေဟာသူများတွေထက်ထူးခြားပါတယ်။ကမ္ဘာမှာ ဩဂုတ်လ ၁၃ ရက်နေ့ကို“Happy International Left Handers Day” လို့တောင် သတ်မှတ်ထားတာရှိပါတယ်။ ဘယ်သန်ဆိုတာ လက်ဝဲဘက်ကို လက်ယာဘက်ထက်ပိုပြီး အားစိုက်အသုံးပြုကာ မိမိရဲ့ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်တာမျိုးကို ခေါ်တာပါ။ 

 

အရင်တုန်းက မိဘတစ်ချို့က မိမိရဲ့ကလေး ဘယ်သန်ဖြစ်နေပြီဆိုတာမျိုး သတိထားမိပြီဆိုရင် အတင်းအကြပ် ညာသန်ပြောင်းအောင် လေ့ကျင့်သင်ကြားပေးကြတာမျိုးရှိပါတယ်။ ဒါက မှားယွင်းတဲ့ အယူအဆတစ်မျိုးပါပဲ ။ ဘယ်သန်ကလေးတွေကိုလည်း သူ့သဘာဝနှင့်သူ ထူးချွန်အောင် ပြုစုပျိုးထောင်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ဘယ်သန်ကလေးလေးတွေရဲ့ မေမေဖေဖေတို့အတွက် ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းအချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

 

 

  • သင့်ကလေးက ဘယ်သန်ဆိုရင် ချီးကျူးမလား အပြစ်တင်မလား

 

သိပ္ပံပညာရှင် Clyde Francks ရဲ့သုတေသနပြုချက်အရ ဘယ်သန်ကို အမွေဆက်ခံနိုင်တဲ့ မျိုးရိုးဗီဇကို ၂၀၀၇ ခုနှစ်တွင် အဖြေထုတ်ခဲ့ရာ ဖခင်ဘက်မှ အမွေဆက်ခံကြောင်း ဖော်ပြထားပါတယ်။ မိဘများ အနေဖြင့် မိမိ၏ ကလေးကို ဆော့ကစားတဲ့အခါ အရုပ်ကိုင်တဲ့ဘက် ၊ ကလေးတွေ လက်လှမ်းမှီနိုင်လောက်တဲ့ ပစ္စည်းတွေကို ဆွဲယူတဲ့အခါမှာ ဘယ်ဘက်လက်နဲ့ လှမ်းယူတတ်လဲ ၊ အစားစားတဲ့အခါ ဘယ်လက်ကိုသုံးပြီး အားယူလဲ ၊ မွှေလဲ စတဲ့အချက်တွေကို အခြေခံပြီး ကလေးရဲ့ သန်မာမှုကို စောင့်ကြည့်နိုင်ပါတယ်။ လက်ယာကလေးတွေကတော့ နာရီလက်တံအတိုင်း အစားကို မွှေတတ်ကြပြီး လက်ဝဲကလေးတွေကတော့ နာရီလက်တံနဲ့ ပြောင်းပြန် မွှေတတ်ကြပါတယ်။ ပုံမှန်အားဖြင့် ၈ လ ၊ ၉ လ အရွယ်ကလေးများက လက်နဲ့လုပ်ဆောင်ရတဲ့ အရာတွေကို အားသန်နေပြီဖြစ်သော်လည်း ကျောင်းမတတ်မချင်းကတော့ ဘယ်သန်လား ညာသန်လားကို သေချာဆုံးဖြတ်လို့ မရသေးပါဘူး။ သင့်ကလေးရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်က ငယ်ရွယ်တဲ့ အရွယ်မှာ ဘယ်သန်လား ညာသန်လားဆိုတာကို ကောက်ချက်ချနေဆဲ အရွယ်မို့လို့ မိဘများ အနေနဲ့ ထောက်ပံ့အားပေးမှုမျိုး ပြုလုပ်ဖို့လိုအပ်ပါတယ် ။ အထက်က ဖော်ပြထားတဲ့ အချက်တွေကို လေ့လာပြီး သင့်ကလေးရဲ့ ပင်ကိုယ် သဘာဝကို လေ့လာပါ။ ထောက်ပံ့ပါ ။ ချီးကျူးပေးပါ။

 

  • သင့်ကလေးဟာထူးခြားတယ်လို့ အမြဲအမှတ်ရနေပါစေ

 

ဘယ်သန်ကလေးတွေက အကြောင်းအရာတစ်ခုအပေါ်မှာ သူများနဲ့မတူအောင် ကွဲကွဲပြားပြား တွေးဆတတ်ကြပါတယ်။ ညာလက်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက စကားပြော၊ ဘာသာစကား၊ အရေးအသား၊ ယုတ္တိဗေဒ၊ သင်္ချာ နဲ့ သိပ္ပံ ဆိုင်ရာ အချက်အလက်များကို ထိန်းချုပ်ပြီး ဘယ်လက်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ ညာဘက်ခြမ်းကတော့ ဂီတ၊ အနုပညာ၊ ခံယူချက် နဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တာဝန်ယူထားပါတယ်။ 

ဘယ်လက်သမားများရဲ့ ဦးနှောက်ဟာ ပိုမိုပျော့ပြောင်းပြီး စိတ်ခံစားချက် ၊ တေးဂီတ ၊ အနုပညာတွေကို ပိုမိုနားလည်ခံစားတတ်ကြပါတယ်။ ဦးနှောက်ရဲ့ ဟိုဘက်ဒီဘက်အခြမ်း (Hemispheres) နှစ်ခုကို အပြန်အလှန်ဆက်သွယ်စေနိုင်တဲ့ ဦးနှောက်ရဲ့  အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ corpus callosum ဟာ ဘယ်သန်တွေမှာ ညာသန်တွေရဲ့ ဦးနှောက်ထက် ၁၁ ရာခိုင်နှုန်းပိုမိုကြီးမား နိုင်ပါတယ်။ သင့်ကလေးက ဘယ်သန်ဖြစ်နေပြီဆိုရင် ကောင်းမွန်ထူးခြားတဲ့ အချက်တွေကို အမှတ်ရပါ။ သင့်ကလေးက ထူးခြားတယ် ၊ ထက်မြက်တယ်လို့ မှတ်ယူနိုင်ပါစေ။


 

  • ဘယ်သန်ကလေးတွေရဲ့ အားသာချက်တွေကို မှတ်ယူမယ်

 

ဘယ်သန်လေးတွေဟာ ငယ်ငယ်ကတည်းက ကတ်ကြေးညှပ်တာ၊ စာရေးတာ၊ ပစ္စည်းကိုင်တာ စတဲ့အရာတွေကို သူများနဲ့မတူကွဲပြားတဲ့နည်းလမ်းလေးတွေနဲ့ လုပ်ကိုင်လာကြတဲ့သူတွေပါ။ သူတို့ရဲ့ ဦးနှောက်က အလုပ်များကြီးလုပ်နိုင်စွမ်းကို သင်ယူထားပြီးသားဖြစ်တဲ့အတွက် Multitasking စွမ်းရည်နဲ့ ပြည့်စုံသူလေးတွေလည်းဖြစ်ကြပါတယ်။ ဒါ့အပြင် ဘယ်သန်ကလေးတွေက ရေအောက်မှာလည်း ပိုပြီးမြင်နိုင်စွမ်းရှိကြပါတယ်။  အားကစားနည်းတစ်ချို့မှာလည်း ပိုပြီး အားသာတတ်ကြပါတယ်။ ဒါတွင်မကသေးပါဘူး ပြဿနာတစ်ခုကို ဖြေရှင်းရာမှာလည်း သူများနဲ့မတူပဲ ကွဲပြားတဲ့ နည်းလမ်းကို ဖောက်ထွက်ပြီး မြင်နိုင်စွမ်းရှိလို့ Problem Solving ကောင်းမွန်တဲ့ သူလေးတွေလည်း ဖြစ်ကြပါတယ်။

 

  • အနုပညာ နှင့် သင်ထောက်ကူပစ္စည်းများဝယ်ပေးပါ

 

သမိုင်းဝင် ကမ္ဘာကျော်အနုပညာရှင်များဖြစ်ကြတဲ့ M.C.Escher, Leonardo da Vinci, Michelangelo နှင့်  Rembrandt တို့ဟာ ဘယ်သန်များဖြစ်ကြပါတယ်။  အမေရိကန်သမ္မတ ဘားရက်အိုဘားမား အပါအဝင် အမေရိကန် နိုင်ငံရဲ့ နောက်ဆုံး သမ္မတ ၁၂ ယောက်မှာ ၆ ယောက်က ဘယ်သန်တွေပါ။ The American Journal of Psychology ရဲ့ သုတေသနပြုလုပ်ချက်အရ စာရေးဆရာ၊ အနုပညာရှင်၊ နိုဗယ်ဆုရှင်၊ သင်္ချာပညာရှင် နဲ့ ဗိသုကာပညာရှင်များစွာက ဘယ်သန်တွေဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ တီထွင်ဖန်တီးမှုဆိုင်ရာ ဘာသာရပ်များအားလုံးကတော့ ဘယ်သန်များအတွက်ပဲလို့ ဆိုလိုတာမဟုတ်ပါဘူး။ ညာသန်များအတွက် ထုတ်ထားသော ပစ္စည်းကိရိယာတွေကို အသုံးပြုခြင်းကလည်း ဘယ်သန်ကလေးများအတွက် စိတ်ရှုပ်စရာများ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဘယ်သန်ကလေးတွေအတွက် ထုတ်ထားတဲ့ ကတ်ကြေး ၊ ခဲတံ ၊ ဘောပင်စတဲ့ ပစ္စည်းကိရိယာလေးတွေကို မိဘများ အနေနဲ့ ရွေးချယ်ဝယ်ယူပေးသင့်ပါတယ်။ ကွန်ပျူတာ နဲ့ ဖုန်းများမှာလည်း ဘယ်သန်တွေအတွက် သီးသန့် Setting တွေပါရှိထားပြီးသား ဖြစ်ပါတယ်။


 

  • အာရုံပြောင်းနိုင်တဲ့လှုပ်ရှားမှုအချို့နဲ့ လေ့ကျင့်ပေးပါ

 

ဘာသာရပ်အသစ် ၊ စွမ်းရည်အသစ်တစ်ခုကို လေ့လာမှတ်သားသင်ယူရသလိုပဲ လေ့ကျင့်ခြင်းကလည်း အရေးပါပါတယ်။ ဒါပေမယ့် ကလေးငယ်အများစုက သင်ခန်းစာ၊ လုပ်ဆောင်ချက် တစ်ခုခုကို ထိုင်ပြီးအချိန်ကြာကြာ လုပ်ခိုင်းဖို့ဆိုတာ လုံးဝမလွယ်ကူလှပါဘူး။  ဒါကြောင့် သင့်ရဲ့ ဘယ်သန်ကလေးကို စာရေးရာမှာ အထောက်အကူဖြစ်စေဖို့အတွက် တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်လေ့ကျင့်ခိုင်းတာမျိုးမဟုတ်ပဲ ရေငွေ့ရိုက်ထားတဲ့ ပြတင်းပေါက်မှန်ပေါ်မှာ စာရေးခိုင်းတာမျိုး၊ စာရွက်ပေါ်မှာ လျှောက်ခြစ်ခိုင်းတာမျိုး ၊ ပန်းချီဆေးခြယ်ခိုင်းတာမျိုး ၊ နောက်ဆုံး တိမ်တွေပေါ်မှာ စာရေးမယ်လို့ပြောပြီး လေပေါ်မှာ စာရေးခိုင်းတာမျိုး စတဲ့ နည်းလမ်းလေးတွေနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။

 

  • ခဲတံဆုပ်ကိုင်မှုနည်းလမ်းမှန်ကန်ပါစေ

 

ဘယ်သန်လေးတွေရဲ့ ခဲတံ ကိုင်ပုံကိုင်နည်း ၊ လက်အနေအထားက ညာသန်လေးတွေနဲ့ များသောအားဖြင့် မတူကြပဲ ကွဲပြားခြားနားပါတယ်။ အများအားဖြင့် သူတို့ရေးတာကို မြင်နိုင်ဖို့အတွက် ကြိုးစားအားထုတ်ကြပါတယ်။ ဒါပေမဲ့လည်း လက်ရေးက ကောက်သွားတာ၊ ခုံးသွားတာမျိုးဖြစ်တတ်ကြပါတယ်။ တစ်ချို့က လက်ကောက်ဝတ်ကို အားပြုပြီး ရေးကြပါတယ်။ ဒါကိုရှောင်ရှားဖို့လိုအပ်ပါတယ်။ ဘယ်သန်လေးတွေအတွက် စာရေးရာမှာ ရေးနည်းရေးပုံမှန်ကန်အောင် လေ့ကျင့်ပေးနိုင်တဲ့ ကိရိယာလေးတွေလည်း ရှိပါတယ်။ အကယ်၍  မရှိခဲ့ဘူးဆိုရင်လည်း  သင့်ကလေးရဲ့     ခဲတံကိုင်ဆုပ်ထားတဲ့     လက်နေရာအနေအထားကို သတိပေးနိုင်ဖို့အတွက် ခဲတံရဲ့ထိပ်မှ ၃ စင်တီမီတာ အကွာတွင် ရော်ဘာကြိုးလေးဖြစ်ဖြစ်ချည်ထားပြီး လေ့ကျင့်ပေးလို့ရပါတယ်။

 

  • စိတ်ရှည်ရှည်ထားပါ

 

ဘယ်သန်ပဲဖြစ်ဖြစ် ၊ ညာသန်ပဲဖြစ်ဖြစ် ကလေးများကို ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာ အရေးအကြီးဆုံးအချက်ကတော့ စိတ်ရှည်သည်းခံနိုင်ဖို့ပါပဲ ။ ကလေးတွေအတွက် တိုးတက်မှုရဲ့ အခြေခံက အချိန်အတိုင်းအတာ နဲ့ အလေ့အကျင့်ပါ ။ မိဘများအနေနဲ့ ကလေးငယ်များအတွက် တစ်စုံတစ်ခုကို သင်ယူရာတွင် သတ်မှတ်ထားသောအချိန်အတိုင်းအတာဘောင်တစ်ခု  တိတိကျကျမရှိတဲ့ အချက်ကို အထူးနားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ မိဘတွေရဲ့ ထောက်ပံ့အားပေးမှု နဲ့ စိတ်ရှည်သည်းခံမှုကသာလျှင် ကလေးများရဲ့ လိုရာပန်းတိုင်းကို ရောက်ရှိစေမှာပါ။ 

 

အထက်မှာဖော်ပြထားတဲ့ အချက်လေးတွေကိုလေ့လာမှတ်ရှုခြင်းအားဖြင့် မိမိရဲ့ ဘယ်သန်ကလေးလေးတွေကို မှန်ကန်တဲ့ နည်းလမ်းကောင်းလေးတွေနဲ့ ပြုစုပျိုးထောင်ပေးလိုက်ကြရအောင်နော်။ 

Knowledge Kindergarten Pre-school Primary Read 1315 times