Sales Hotline : 09448001653       Download App



မိုးရာသီ၌ ကလေးငယ်များကို ကျောင်းပို့ရာတွင် သိထားသင့်သည့် အချက် (၁၀) ချက်

 

မိုးရာသီ နဲ့ ပတ်သက်ပြီး လူအများစုမှာ ကလေးငယ်ဘ၀ အမှတ်တရများစွာရှိကြမှာပါ။ ကျောင်းပိတ်ရက်မှာ  မထင်မှတ်ထားပဲ မိုးရွာတာ ၊ ရွံ့တွေ ဗွက်အိုင်တွေထဲမှာ ဆင်းဆော့တာ ၊ မိုးရေချိုးရတာ ၊ အိမ်ထဲမှာ သူငယ်ချင်း ၊ ညီအစ်ကို မောင်နှမတွေ စုပြီး ဂိမ်းလေးတွေ ဆော့တာ၊ ပုံပြင်ပြောကြတာ ၊ ရုပ်ရှင်စုကြည့်ကြတာ ဒါတွေဟာ ကလေးဘ၀ရဲ့ ပျော်စရာ အကောင်းဆုံးသော အမှတ်တရတွေထဲက အဖြစ်အပျက်တွေဆိုလည်း မမှားပါဘူး။ 

မုတ်သုံရာသီရဲ့ သစ်ပင်ပေါ်က ရွက်သစ်လေးများ နဲ့ စိုစွတ်တဲ့ မြေဆီလွှာနံ့ သင်းသင်းလေးကလည်း တစ်မူထူးခြားလို့နေပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုကြည်နူးစွတ်ပျံ့စရာ ကောင်းတဲ့ အခိုက်အတန့်လေးတွေနဲ့အတူ ရာသီဥတု ထိုင်းမှိုင်းစိုစွတ်တာ ၊ လမ်းတွေ ရေကြီး ရေလျှံတာ ၊ ရောဂါအမျိုးမျိုးကူးစက်နိုင်တာ ၊ ခြင်ယင်ပေါများတာ စတဲ့ စိတ်ညစ်စရာကောင်းတဲ့ အချက်တွေကလည်း ဒွန်တွဲလို့ နေပါသေးတယ်။ 

ဒါကြောင့် အိမ်မှာ သားသားမီးမီးလေးတွေရှိတယ်ဆိုရင် သင်တို့ရဲ့ ကလေးငယ်အတွက် ရောဂါအမျိုးမျိုး နဲ့ ဘေးအန္တရာယ်များ မှ ကင်းဝေးစေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိုးရာသီ အမှတ်တရလေးတွေကိုပဲ ဖန်တီးပေးလိုက်ကြရအောင်ပါ ။ မိုးတွင်းကာလဟာ ကလေးငယ်တိုင်းအတွက် ကျောင်းစတက်ရတဲ့ ဦးဆုံးရာသီဆိုရင်လည်း မမှားပါဘူး ။ မိုးဘယ်လောက်သည်းသည်း ကလေးတွေဟာ အချိန်ဇယား နှင့် အညီ စာသင်ကျောင်းကို မဖြစ်မနေ သွားရောက်ကြရပါတယ်။ အဲဒါကြောင့် မိုးရာသီမှာ သင့်ကလေးငယ်ကို ကျောင်းပို့တော့မယ်ဆိုရင် ဘယ်အချက်တွေ ထည့်ပြီး စဥ်းစားသင့်တယ် ဆောင်ရန် / ရှောင်ရန် လေးတွေကို ဖော်ပြပေးလိုက်ပါတယ်

 

 

  1. အအေးမိ ၊ ၀မ်းပျက်ဝမ်းလျှော ၊ သွေးလွန်တုပ်ကွေး ၊ ရာသီပေါ်တုပ်ကွေး ရောဂါတွေဟာ        အခုရာသီကာလတွင် အဖြစ်အများဆုံးရောဂါများပါပဲ ။ မိုးရာသီမှာ အပြင်ထွက်တိုင်း ထီးအပြင်   မိုးကာပါဆောင်သွားခြင်းကလည်း ကလေးငယ်အတွက် မိုးရေဒဏ်ကို သက်သာစေမှာပါ။ 

  2. သင့်ကလေးငယ်ရဲ့ ကျောင်းစာအုပ်တွေကို ပလပ်စတစ်အိတ်ထဲအရင်ထည့်သေချာထုပ်ပိုးပြီးမှ ကျောပိုးအိတ်ထဲထည့်ပေးလိုက်ခြင်းက မိုးစိုတာကို သက်သာစေပါတယ်။

  3. စာသင်ခန်းထဲကို ရောက်တာနဲ့ စာအုပ်များအပြင် အခြားအရာများကိုပါ ခြောက်သွေ့စွာကိုင်တွယ်နိုင်ရန်အတွက် လက်ကိုင်ပဝါ (သို့မဟုတ်) သုတ်စရာ အ၀တ်တစ်ခုခု ထည့်ပေးလိုက်ပါ။

  4. မိုးရွာနေချိန်တွင် စိုစွတ်ပြီး အန္တရာယ်များနိုင်ကြောင်း ၊ ထိမိခိုက်မိ ချော်လဲနိုင်ကြောင်း ၊ စာသင်ခန်းထဲမှ အပြင်ကို ထွက်မဆော့ရန် သင့်ကလေးအား မှာကြားပေးပါ။

  5. နေ့လည်စာကို အစိုပြန်ခြင်းမှ ကာကွယ်နိုင်အောင် လေလုံဘူးနဲ့ သေချာစွာထုပ်ပိုးပေးပြီး အာဟာရဖြစ်စေမယ့် အစားအသောက်များကိုသာ သေချာစီမံပေးပါ။

  6. ရေခဲရေတိုက်ခြင်းမှ ရှောင်ရှားပြီး ရေကိုကျိုချက် အအေးခံပြီးမှ ရေဘူးထဲထည့်ပေးလျှင် သင့်ကလေးအတွက် မိုးရာသီတွင် သောက်သုံးရေမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကိုလည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ 

  7. မိုးသည်းထန်စွာရွာသည့်နေ့များတွင် သင့်ကလေးငယ်ရဲ့ ကျောပိုးအိတ်ထဲတွင် လဲလှယ်ရန်အတွက် အ၀တ်အစားအပိုတစ်စုံထည့်ပေးခြင်းကလည်း မိုးရေစိုနေသော အ၀တ်များကြောင့် အအေးမိဖျားနာခြင်း အန္တရာယ်မှ ကာကွယ်ပေးရာ ရောက်စေပါတယ်။

  8. ခြင်အန္တရာယ်မှ ကာကွယ်ရန်အတွက်လည်း ခြင်ပြေးဆေးရည် (သို့မဟုတ်) ကပ်ခွာ စတစ်ကာလေးတွေ ကပ်ပေး လိမ်းပေးလိုက်နိုင်ပါတယ်။

  9. ကျောင်း၀တ်စုံ အပြင် သင့်ကလေးကို နွေးနွေးထွေးထွေးရှိစေရန် အနွေးထည် ဘောင်းဘီရှည် စသည်တို့ကို ထည့်ပေး ၊ ၀တ်ဆင်ပေးလိုက်ပါ။

  10. သင့်ကလေး ကျောင်းမှ အိမ်သို့ပြန်ရောက်သည့်အခါတွင် ပြင်ပမှ ကပ်တွယ်လာသော ဘက်တီးရီးယား ပိုးမွှား အန္တရာယ်မှ ကင်းဝေးစေရန် ရေကြက်သီးနွေးလေးနဲ့ ပိုးသတ်ဆပ်ပြာဖြင့် သေချာစွာ ရေချိုးပေးပါ။

  မိုးရာသီတွင် သင့်ရဲ့ကလေးငယ်ကို အိမ်ထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနိုင်မယ့် နည်းလမ်း ၊ ကစားစရာများ နဲ့ ရင်းနှီးကျွမ်းဝင်လာအောင် လေ့ကျင့်ပေးပါ။ ကျောင်းပိတ်ရက်မှာ သင့်ကလေးငယ်နဲ့အတူ ပျော်ရွှင်စရာ ဗဟုသုတရနိုင်မယ့် ကစားနည်းများ နဲ့ကျော်ဖြတ်ရင်း ကျောင်းဖွင့်ရက်မှာလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျောင်းကိုပို့ဆောင်စေခြင်းဖြင့် မိုးရာသီကို ကျော်ဖြတ်လိုက်ကြရအောင်။

Pre-school Kindergarten Read 872 times