အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်း

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေများကြောင့် ခေတ္တရပ်နားထားရသည့် အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့ ဦးဆောင် တက်ရောက်၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများ အား COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ဆန်းစစ်အကဲဖြတ်စာရင်း (checklist) များ အသုံးပြု၍ စစ်ဆေးခဲ့မှု အခြေအနေများ၊ ရရှိလာသည့် ရလဒ်များ အပေါ်မူတည်၍ လက်ရှိအခြေအနေအရ ဖွင့်လှစ်ခွင့်ပြုရန် -

လိုအပ်ချက်များ ပြည့်မီသည့်ကျောင်း (အဆင့်-A)၊

ထပ်မံ ဖြည့်ဆည်းရန် လိုအပ်သည့်ကျောင်း (အဆင့်-B)၊

အထူးထပ်မံဖြည့်ဆည်းရန် လိုအပ်သည့် ကျောင်း (အဆင့်-C)၊

ခွဲခြားသတ်မှတ်၍ ရရှိလာသည့် အခြေအနေများနှင့် ထိုအခြေအနေများကို သုံးသပ်ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၏ အမြင်များ၊ အကြံပြုမှုများနှင့် စဉ်ဆက်မပြတ် ဆန်းစစ်ကြီးကြပ် ခြင်းလုပ်ငန်းများကို ကျောင်းတွင်းတွင် ဆန်းစစ်ကြီးကြပ်မည့် အဖွဲ့များဖွဲ့စည်းခြင်းနှင့် မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကွပ်ကဲရေးအဖွဲ့နှင့် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရေးလုပ်ငန်းများအပေါ် အသေးစိတ်ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆွေးနွေးချက်များအရ (၂၀၂၀) ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ မွန်းလွဲပိုင်းအချိန် အထိ ရရှိလာသည့် စာရင်းဇယားအရ အဆင့်-A ရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (၃,၇၇၂) အား မူလစီစဉ်ထားသည့်အတိုင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်၍ ဦးစွာဖွင့်လှစ်ခွင့်ပြုရန် ဆွေးနွေးခဲ့ပြီး အဆင့်-B ရရှိသည့် (၁,၂၂၀) ကျောင်းနှင့် အဆင့်-C ရရှိသည့် (၈၃၈) ကျောင်းများကို ဒုတိယအဆင့် အနေဖြင့် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးပါကလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မိဘဆရာအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့များဖြင့် မြို့နယ် အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ်ကြီးကြပ်ခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ (၄၀) ဦးခန့်တက်ရောက်ဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ(၁၇) ဦးက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

Latest Post Read 1508 times