မလေးရှားနိုင်ငံ Kedah ပြည်နယ်ရှိ Yan ခရိုင်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းဝန်ထမ်း (၃၉) ဦးသည် အမည်မသိရောဂါတစ်ခု ကူးစက်ခံခဲ့ရကြောင်း ဧပြီ (၂၇) ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ကူးစက်ခံရသူများသည် အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အနီကွက်များထခြင်း စသည့် ရောဂါလက္ခဏာများပြကြောင်း မြောက်ပိုင်းပြည်နယ်ရှိ ကျန်းမာရေး အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။
ဧပြီလ (၃) ရက်နေ့နှင့် နောက်ပိုင်းတွင် Yan ခရိုင်ရှိ ပုဂ္ဂလိကလေ့ကျင့်ရေးစခန်း Palas Camp အား သွားရောက်လည်ပတ်ထားသူ၊ ညအိပ်နေထားသူများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ထားသူများ အထူးသတိပြု နေထိုင်ကြရန် အကြုံပြုထားပြီး ယင်းတို့မှာ ရောဂါပိုးကူးစက်ခံရသူများ ဖြစ်နိုင်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
Kedah ကျန်းမာရေးကော်မတီဥက္ကဋ္ဌ Mansor Zakaria က Palas Camp နှင့်ဆက်စပ်နေသည့် ကူးစက်ရောဂါအကြောင်း စုံစမ်းစစ်ဆေးရန် အရေးကြီးကြောင်းနှင့် လူနာတွင် ကူးစက်ရောဂါ၏ လက္ခဏာများပြသည့်အခါ Kedah ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ရမည်ဟု ကျန်းမာရေးဝန်ထမ်းများအား မှာကြားခဲ့သည်။
အကြောင်းမှာ Kedah ပြည်နယ်ကျန်းမာရေးဌာနက Kuala Muda ခရိုင်ရှိ အလယ်တန်းကျောင်းမှ ကျောင်းသားများနှင့် ကျောင်း၀န်ထမ်းများသည် အမည်မသိရောဂါ ကူးစက်ခံနေရသည်ဟု ဧပြီလ (၂၄) ရက်နေ့က သတင်းရခဲ့သည်။
သတင်းရရချင်း Kuala Muda နှင့် Yan ခရိုင်ရှိ ကျန်းမာရေးရုံးများသည် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ Yan ခရိုင်ရှိ လေ့ကျင့်ရေးစခန်းသို့ အဆိုပါ ကျောင်းသားများနှင့် ဝန်ထမ်းများလည်း သွားရောက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
Kuala Muda ခရိုင်ရှိ ကျန်းမာရေးရုံးသည် ထိုကျောင်းတွင် ကျောင်းသားနှင့် ဝန်ထမ်းပေါင်း (၇၆၃) ဦးရှိသည့်အနက် (၃၉) ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အဖုများထွက်ခြင်း လက္ခဏာများဖြစ်ပေါ်ကာ အမည်မသိ ရောဂါကူစက်ခံခဲ့ရကြောင်း စုံစမ်းသိရှိခဲ့သည်။
"လောလောဆယ်မှာတော့ အသက် (၁၄) နှစ်အရွယ် ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ ပါဝင်နေပြီး လူနာအားလုံး Sultan Abdul Halim ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်၊ လူနာတွေ အခြေအနေက စိုးရိမ်စရာ မရှိတော့ပါဘူး" ဟု Mr Mansor မှ ပြောကြားခဲ့သည်။
ရောဂါပိုးနှင့် ဆက်စပ်နေသည့်နေရာများကို စစ်ဆေးခြင်းနှင့် ကန့်သတ်ခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ထိတ်လန့်စေပြီး စုံစမ်းစစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ထင်ကြေးများ မပေးရန် ပြည်သူလူထုကိုလည်း တောင်းဆိုထားသည်။
Source - The Straits Times