သြစတြေးလျနိုင်ငံ၊ Perth တွင် နေထိုင်သော အသက် (၁၃) နှစ်အရွယ် ဘူတန်ကျောင်းသူ Pema Tsho Sakhu သည် အာကာသပညာရပ်နှင့် ပတ်သက်ပြီး အိမ်မက်ကြီးကြီးရှိခဲ့သူတစ်ဦးဖြစ်သည်။
သူမသည် Curtin University မှ ဂြိုလ်တုတည်ဆောက်ရေး BinarX ပရိုဂရမ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး နှစ်ကုန်တွင် CubeSat အမည်ရှိ အနားပတ်လည် (၁၀) စင်တီမီတာ ရှိသော ကုဗတုံးပုံစံ ဂြိုလ်တုငယ်တစ်ခုကို ကမ္ဘာ့ပတ်လမ်းတွင် လွှတ်တင်မည်ဖြစ်သည်။
သူမသည် Balcatta Senior High School မှ အထက်တန်းကျောင်းသူဖြစ်ပြီး ပရိုဂရမ်၏ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်သည်။ အဆိုပါပရိုဂရမ်တွင် သူမသည် တက္ကသိုလ်၏ သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဆရာများနှင့်အတူ ဂြိုလ်တုတွင် ထည့်သွင်းမည့် Payload ကို ဒီဇိုင်းဆွဲ တည်ဆောက်နေသူဖြစ်သည်။
“ကမ္ဘာ့ပတ်လမ်းထဲကို လွှတ်တင်ပြီးတာနဲ့ CubeSat က ဖမ်းယူထားတဲ့ ဒေတာအချက်အလက်တွေကို ခြေရာခံပြီး ခွဲခြမ်းစိတ်ဖြာသွားမှာပါ” ဟု Pema Tsho Sakhu မှ ပြောကြားခဲ့သည်။
ဂြိုလ်တုမှတဆင့် ၎င်းတို့သည် ကမ္ဘာမြေနှင့် အာကာသပတ်ဝန်းကျင်ကို လေ့လာကာ အသေးစားဆွဲငင်အား (Micro-gravity) အတွက် နမူနာများကို စမ်းသပ်ရန် စီစဉ်ထားသည်။
သူမ၏ အာကာသအပေါ် စွဲလန်းမှုသည် အစောပိုင်းတည်းက စတင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင် Binar-2၊ Binar-3 နှင့် Binar-4 ဂြိုလ်တုများ လွှတ်တင်မှုကို ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ဖော်ပြခဲ့သည်။
BinarX ပရိုဂရမ်ကို အာကာသသိပ္ပံပညာရှင် ပရော်ဖက်ဆာ Phil Bland က ဦးဆောင်ပြီး Meg Berry နှင့် ပူးတွဲဆောင်ရွက်နေသည်။
Pema သည် သူမ၏ ကျောင်းတွင် BinarX payload တည်ဆောက်ရေးအဖွဲ့နှင့် အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့ပြီး Mission Concept Review နှင့် Preliminary Design Review အပါအဝင် အဓိကမှတ်တိုင်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပါမောက္ခ Phil Bland မှ ချီးကျူးခဲ့သည်။
ပါရမီရှင် Pema ကို သူမ၏ကိုယ်ပိုင် ဒုံးပျံပုံစံငယ်ကို တီထွင်ထုတ်လုပ်ရန် Curtin University နှင့် ပူးပေါင်း၍ Fogarty Foundation မှ အပြည့်အဝ ပညာသင်ဆုလည်း ပေးအပ်ခဲ့သည်။ သူမ၏ ကိုယ်ပိုင်ပရောက်ဂျက်တွင် အီလက်ထရွန်းနစ် ဒီဇိုင်း၊ ဆော့ဖ်ဝဲ ပရိုဂရမ် ရေးဆွဲခြင်းနှင့် ကိုယ်ထည်တည်ဆောင်ရေးအပိုင်းတို့ ပါဝင်သည်။
Source - Asia News Network