တောင်ကိုရီးယားတွင် ပညာသင်ကြားနေသည့် နိုင်ငံတကာ ကျောင်းသားဦးရေသည် ယခုနှစ်တွင် ၁၅ % တိုးလာကြောင်း ပညာရေးဝန်ကြီးဌာန (MoE) အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက်အလက်များအရ သိရသည်။
Erudera ၏ အစီရင်ခံစာများအရ ယခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံတကာကျောင်းသားများ ၂၀၈,၉၆၂ ဦး ပညာသင်ရန် စာရင်းသွင်းထားကြောင်း သိရသည်။
ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာမှ ကျောင်းသား ၂၁၀,၀၀၀ နီးပါးသည် ကိုရီးယားတက္ကသိုလ်များတွင် စာရင်းသွင်းထားသောကြောင့် Study Korea 300 K စီမံချက်ကို စတင် အကောင်အထည်ဖော်သော ၂၀၂၂ ခုနှစ်မှ စ၍ နိုင်ငံတကာကျောင်းသားပေါင်း ၂၅ % အထိ တိုးလာပါသည်။
နိုင်ငံပိုင် သတင်းဌာနများ၏ ဖော်ပြချက်အရ နိုင်ငံတကာကျောင်းသား အရေအတွက်သည် ယခုနှစ်တစ်နှစ်အတွင်း ၁၅% အထိ တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်မှ စ၍ လက်ရှိအချိန်အထိ စုစုပေါင်း ၂၅% အထိ တိုးတက်မှု ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ ကျောင်းသား ၂၀၈,၉၆၂ ၏ ၃၀ % သည် ဒီဂရီဘွဲ့မဟုတ်သော ပရိုဂရမ်များတွင် စာရင်းသွင်းထားပြီး ၇၀ % နီးပါးသည် ဘွဲ့ပရိုဂရမ်များကို လျှောက်ထားကြပါသည်။
ပညာရေးဝန်ကြီးဌာနမှ ဝန်ကြီး Lee Ju-ho က "ဒေသန္တရအစိုးရများသည် နိုင်ငံတကာမှ အရည်အချင်းရှိကျောင်းသားများကို ဆွဲဆောင်ရန် တက်ကြွစွာ ကြိုးပမ်းနေသောကြောင့် ဆိုလ်းမြို့အပြင် ကိုရီးယားနိုင်ငံအတွင်း နိုင်ငံတကာကျောင်းသားများ တိုးလာသည်ကို ကျွန်ုပ်တို့ တွေ့ရှိခဲ့ရပါသည်။" ဟု Korea JoongAng Daily တွင် ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၏ Study Korea 300K အစီအစဉ်သည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတကာကျောင်းသား ၃၀၀,၀၀၀ အထိ ရရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း ပညာရေးနိုင်ငံ (၁၀) ခုတွင် တောင်ကိုရီးယား ပါဝင်လာစေရန် ရည်ရွယ်သည်။
Related Article : တောင်ကိုရီးယားမှာ နိုင်ငံတကာကျောင်းသားများ အလုပ်ရှာရ လွယ်ကူရန် စီစဉ်ပေး
https://www.edge.com.mm/article/international-students-in-korea.html
တောင်ကိုရီးယားသည် ကျောင်းသားများအတွက် ခွင့်ပြုထားသော အလုပ်ချိန်အား သက်တမ်းတိုးခြင်း၊ ငွေကြေးလိုအပ်ချက်များ လျှော့ချခြင်း၊ အလုပ်အကိုင်ရှာဖွေနေချိန်တွင် နိုင်ငံတွင်း၌ အများဆုံး သုံးနှစ်နေထိုင်ခွင့်ပေးခြင်း ကဲ့သို့သော နိုင်ငံခြားကျောင်းသားများကို ပိုမိုဆွဲဆောင်ရန် စီမံချက်အမျိုးမျိုးကို အကောင်အထည်ဖော်ခဲ့သည်။
ယခင်နှစ်တွင် ဘွဲ့ဒီဂရီများ သို့မဟုတ် ဘာသာစကားသင်တန်းများကို လေ့လာနေသော နိုင်ငံတကာကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်ချိန်အား တစ်ပတ်လျှင် နာရီ ၂၀ မှ ၂၅ နာရီအထိ၊ မာစတာကျောင်းသားများကို အချိန်ပိုင်းအလုပ်ချိန် တစ်ပတ်လျှင် ၃၅ နာရီအထိ တိုးပေးခဲ့သည်။ စနေ၊ တနင်္ဂနွေနှင့် အားလပ်ရက်များတွင် ကျောင်းသားများကို အကန့်အသတ်မရှိ နာရီပေါင်းများစွာ အလုပ်လုပ်ခွင့်ပြုထားသည်။
ထို့အပြင် D-2 ကျောင်းသားဗီဇာ လျှောက်ထားသည့်အခါ ကျောင်းသားများအတွက် ဘဏ္ဍာရေး ကန့်သတ်ချက်ကို အာဏာပိုင်များက $20,000 မှ $15,400 (ဝမ်သန်း ၂၀) အထိ လျှော့ချပေးလိုက်ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်မှစပြီး နိုင်ငံခြားကျောင်းသားများသည် အလုပ်ရှာဖွေရန်အတွက် ကိုရီးယားနိုင်ငံအတွင်း သုံးနှစ်အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
Source - Free Press Journal