ဆရာကောင်းတစ်ယောက်ဆိုတာ ကျောင်းသားတွေကို သင်ခန်းစာတွေ သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကျောင်းသားတွေရဲ့ သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးနိုင်တဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေ လိုအပ်ပါသေးတယ်။ ပညာရေးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ် ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆရာတွေဆီမှာ အခုပြောပြပေးမယ့် အရည်အချင်းတွေ မရှိမဖြစ် လိုအပ်ပါတယ်။
သင်ဟာ အတွေ့အကြုံရင့်တဲ့ သင်ကြားရေး ဆရာတစ်ယောက်ဖြစ်စေ၊ သင်ကြားရေးနယ်ပယ်ကို ဝင်တာမကြာသေးတဲ့ ဆရာဖြစ်စေ ဒီအရည်အချင်းတွေကို မွေးမြူထားရပါမယ်။
၁။ ဆက်ဆံရေးကောင်းမွန်မှု
ဆရာကောင်းတစ်ယောက်ဖြစ်လိုတယ်ဆိုရင် စကားအပြောမှာသာမက နားထောင်နိုင်စွမ်းပါ ကောင်းဖို့ လိုအပ်ပါတယ်။ ရှုပ်ထွေးတဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာသာ ကျောင်းသားတွေအနေနဲ့ သတင်းအချက်အလက်၊ ဗဟုသုတအသစ်တွေကို ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဂရုတစိုက်နားထောင်ပေးခြင်းဖြင့် ကျောင်းသားတွေအတွက် အထောက်အကူဖြစ်စေပြီး အပြန်အလှန်အကျိုးပြုတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်ပါတယ်။ ဆရာတွေအနေနဲ့ ကျောင်းသားတွေအပြင် မိဘ၊ လုပ်ဖော်ကိုင်ဖက်နဲ့ ကျောင်းစီမံခန့်ခွဲသူတွေနဲ့လည်း ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်ပါတယ်။
၂။ စိတ်ရှည်မှု
ကျောင်းသားတွေအတွက် သင်ယူခြင်းဆိုတာ တဖြည်းဖြည်းချင်း တိုးတက်လာတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဆရာတွေက ကျောင်းသားတွေရဲ့ လေ့လာနိုင်မှုစွမ်းရည်၊ သင်ယူနိုင်တဲ့စွမ်းရည်တွေအပေါ်မှာ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ တိုးတက်မှုအတွက် စိတ်ရှည်ရှည်နဲ့ အချိန်ပေးရပါမယ်။ စိတ်ရှည်တဲ့ဆရာသာဖြစ်မယ်ဆိုရင် ကျောင်းသားတွေအတွက် မေးခွန်းမေးတဲ့အခါမျိုး၊ အမှားလုပ်မိတဲ့အခါမျိုးမှာ သက်တောင့်သက်သာဖြစ်စေယ့် အငွေ့အသက်ကို ဖန်တီးပေးပါတယ်။
၃။ လိုက်လျောညီထွေရှိမှု
စာသင်ခန်းထဲမှာ စီမံခန့်ခွဲရတာတောင် တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး။ ကောင်းမွန်တဲ့ ဆရာတစ်ယောက်ဆိုရင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ သင်ခန်းစာအစီအစဉ်တွေကို ချိန်ညှိပေးနိုင်စွမ်းရှိပါတယ်။
နည်းပညာအသစ်တွေကို အသုံးပြုခြင်း သို့မဟုတ် မတူညီတဲ့ာ သင်ယူမှုပုံစံတွေကို လိုက်လျောညီထွေဖြစ်စေဖို့အတွက် သင်ကြားရေး ဗျူဟာတွေ ပြောင်းလဲခြင်းတို့ကို အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရပါမယ်။
၄။ တီထွင်ဖန်တီးမှု
သင်ကြားရေး နယ်ပယ်က ဆရာတွေဆိုရင် တီထွင်ဖန်တီးနိုင်စွမ်း ကောင်းရပါမယ်။ တီထွင်ဖန်တီးမှုရှိမှ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို ပိုမိုစိတ်ဝင်စားလာစေမှာပါ။ ဂိမ်းကစားခြင်း၊ ပုံပြင်ပြောခြင်း လက်တွေ့လုပ်ဆောင်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ကျောင်းသားတွေအတွက် အရှုပ်ထွေးဆုံးသော ဘာသာရပ်ကိုတောင်မှ နားလည်စေနိုင်မှာပါ။ ဒါ့အပြင် တီထွင်ဖန်တီးမှုရှိတဲ့ သင်ကြားမှုက ကျောင်းသားတွေကို စိတ်အားထက်သန်စေပြီး သင်ယူလိုစိတ် ရှိစေပါတယ်။
၅။ စာနာမှု
စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကျောင်းသားတွေနဲ့ ချိတ်ဆက်နားလည်ခြင်းဟာ ဆရာတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ စာနာနားလည်တတ်တဲ့ ဆရာတွေက ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ ခွဲခြားနားလည်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိအောင်၊ ဘေးကင်းအောင် ဂရုစိုက်ပေးကြပါတယ်။ စာနာမှုထားပြီး သင်ကြားမယ်ဆိုရင် ကျောင်းသားတွေရဲ့ ပညာရေးပိုင်းမှာ တိုးတက်မှုတွေ ရှိလာရုံသာမက ကိုယ်ရေးကိုယ်တာ တိုးတက်မှုကိုပါ ပံ့ပိုးကူညီပေးရာ ရောက်ပါတယ်။
၆။ အစီအစဉ်ကျမှု
ဆရာတွေက အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့၊ စာသင်ခန်းကို နည်းဗျူဟာကျကျ ထိန်းသိမ်းနိုင်ဖို့၊ သင်ခန်းစာတွေ ချောချောမွေ့မွေ့ သင်ကြားနိုင်ဖို့ အစီအစဉ်တကျ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်။ သင်ခန်းစာတွေကို ကြိုတင်အစီအစဉ်ဆွဲခြင်းမှစပြီး အမှတ်ပေးစနစ်အထိ စနစ်တကျ စုစည်းလုပ်ဆောင်တတ်မယ်ဆိုရင် ဆရာတစ်ယောက်ရဲ့ တာဝန်တွေကို စိတ်ဖိစီးမှု အများကြီးမရှိဘဲ ပြီးမြောက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအတွက် သင်ယူမှု အတွေ့အကြုံကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
၇။ စာသင်ခန်းစီမံခန့်ခွဲမှု
စာသင်ခန်း စီမံခန့်ခွဲမှုကို ကောင်းကောင်းလုပ်နိုင်မှသာ ကျောင်းသားတွေအတွက် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းတဲ့ သင်ယူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဆရာကောင်းတစ်ယောက် ဖြစ်လိုတယ်ဆိုရင် တိကျသေချာတဲ့ မျှော်မှန်းချက်တွေ သတ်မှတ်ဖို့၊ လိုက်နာရမယ့် စည်းကမ်းတွေကို ချမှတ်ဖို့၊ ကျောင်းသားတွေကို တသမတ်တည်း ဆက်ဆံဖို့ လိုအပ်ပါတယ်။ အနှောင့်အယှက်နည်းပြီး သင်ယူမှုအပေါ် အာရုံစိုက်နေစေမယ့် နည်းလမ်းကို သုံးပြီး စီမံခန့်ခွဲတတ်ရပါမယ်။
၈။ နည်းပညာကျွမ်းကျင်မှု
ဒစ်ဂျစ်တယ်ခေတ်မှာ ကျောင်းသားတွေသာမက ဆရာတွေလည်း နည်းပညာကျွမ်းကျင်မှု ရှိရပါမယ်။ ယနေ့ခေတ် စာသင်ခန်းအတွင်းမှာ အွန်လိုင်းအရင်းအမြစ်တွေ၊ ဒစ်ဂျစ်တယ်ကိရိယာတွေ၊ ပညာရေးအက်ပ်တွေ စတဲ့ နည်းပညာကို အသုံးပြုသင့်ပါတယ်။ နည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ ဆရာတွေဟာ သင်ကြားရေးနည်းလမ်းတွေကို မြှင့်တင်နိုင်ပြီး ကျောင်းသားတွေကို ပိုမိုတက်ကြွတဲ့နည်းလမ်းတွေနဲ့ ချိတ်ဆက် သင်ကြားနိုင်မှာဖြစ်ပါတယ်။
၉။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု
ကိုယ်သင်ကြားရမယ့် ဘာသာရပ်နဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အသိပညာဗဟုသုတရှိရမှာက ဆရာတိုင်းအတွက် အခြေခံကျတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် တိကျတဲ့ အချက်အလက်တွေကို ပေးဆောင်နိုင်ရုံသာမက ဆက်စပ်နားလည်နိုင်စေဖို့ ဆရာတွေရဲ့ သင်ပြမှုက အခရာကျပါတယ်။
ဒါကြောင့် ဆရာတွေက သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်မှ ကျောင်းသားတွေရဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း အနာဂတ်ရဲ့ ခေါင်းဆောင်တွေကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေ မပေးမိမှာပါ။
၁၀။ စိတ်အားထက်သန်မှု
နောက်ဆုံးအချက်မှာ စိတ်အားထက်သန်မှုဖြစ်ပါတယ်။ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကိုယ်လုပ်နေတဲ့ သင်ကြားရေးအလုပ်ပေါ်မှာ စိတ်အားထက်သန်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ စိတ်အားထက်သန်မှုသာ တကယ်ရှိမယ်ဆိုရင် အပေါ်က အရည်အချင်းတွေ မပြည့်စုံရင်တောင် တဖြည်းဖြည်း သင်ယူသွားလို့ ရပါတယ်။ ဆရာတွေကိုယ်တိုင် သင်ကြားမှုမှာ စိတ်အားထက်သန်မှု ပြတဲ့အခါ ကျောင်းသားတွေအနေနဲ့လည်း သင်ယူမှုပိုင်းမှာ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာမှာဖြစ်ပါတယ်။
ဒီဆောင်းပါးက သင်ကြားရေးအလေ့အကျင့်တွေကို ပြန်လည်ပြင်ဆင်လိုတဲ့ ဆရာတွေ၊ စာသင်ခန်းအတွင်း အမှန်တကယ် ထိရောက်မှာရှိစေဖို့ လိုအပ်တာတွေကို နားလည်လိုတဲ့ ဆရာတွေအတွက် အဖိုးတန်အကျိုးရှိမှာပါ။ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးလမ်းကြောင်းမှာ ဆရာတိုင်းသာ ဒီလိုအရည်အချင်းမျိုး ရှိမယ်ဆိုရင် မျိုးဆက်သစ် ကျောင်းသားတွေရဲ့ အနာဂတ် လှပနိုင်မှာဖြစ်ပါတယ်။