ဆရာအများစုက ကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ စာသင်ခန်းအတွင်း လုပ်ဆောင်သင့်တဲ့ အရာတွေကိုသာ အာရုံစိုက်ကြပေမဲ့ မပြုလုပ်သင့်တဲ့ အပြုအမူတချို့ကိုတော့ သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့် ဆရာတွေအတွက် စာသင်ခန်းအတွင်း ရှောင်ကြဉ်ရမယ့် အပြုအမူ၊ အကျင့်စရိုက် (၁၀) ခုကို မျှဝေပေးသွားပါမယ်။
၁။ စာသင်ခန်းကို လျစ်လျူရှုခြင်း - ကျောင်းသားတွေကို စိတ်ဆိုးလို့ စာသင်နေရင်း အခန်းထဲက ထွက်သွားတာမျိုး မလုပ်ပါနဲ့။ စာသင်ချင်တဲ့ ကျောင်းသား စိတ်အားငယ်သွားပြီး စာမသင်ချင်တဲ့ ကျောင်းသား ပျော်နေပါလိမ့်မယ်။ ကိုယ့်ကိုလည်း ကျောင်းသားတွေက ကလေးဆန်တယ်လို့ ထင်ပြီး အမြင်စောင်းသွားနိုင်ပါတယ်။
၂။ ဘက်လိုက်ဆက်ဆံခြင်း - စိတ်ထားမှန်တဲ့ ဆရာကောင်းတစ်ယောက်ဟာ ကျောင်းသားတွေကို မျက်နှာလိုက်ခြင်းမှ အမြဲ ရှောင်ပါတယ်။ စာတော်တဲ့ ကလေးမို့၊ စာညံ့တဲ့ ကလေးမို့၊ ပိုက်ဆံရှိ ကလေးမို့၊ ဆင်းရဲတဲ့ ကလေးမို့ဆိုပြီး ခွဲခြားမဆက်ဆံပါနဲ့။ အားလုံးပါဝင်နိုင်ပြီး သာတူညီမျှတဲ့ သင်ယူမှု ပတ်ဝန်းကျင်တစ်ခု ဖြစ်အောင် ဖန်တီးပေးပါ။
၃။ ဆူပူကြိမ်းမောင်းခြင်း - လူအများရှေ့မှာ ကလေးတွေကို အရှက်ခွဲတဲ့ပုံစံနဲ့ မဆုံးမပါနဲ့။ ကလေးတွေ သိမ်ငယ်စိတ် ဝင်သွားနိုင်ပါတယ်။ ကလေးကို ဆုံးမတဲ့အခါမှာ အပြစ်ဟောင်းကို အစ မဖေါ်ပါနဲ့။ ရှိတဲ့အပြစ်ကိုပဲ ပြောပါ။ အနာဟောင်းကို ခဏခဏ ဆွရင် ပြန်ကျူးလွန်ဖို့ သတိပေးသလို ဖြစ်နေတတ်ပါတယ်။
၄။ ချီးကျူးမှု မရှိခြင်း - ဆရာကောင်းတစ်ယောက်ဆိုရင် ကျောင်းသားတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုကို ချီးကျူးဖို့ တုံ့ဆိုင်းမနေသင့်ပါဘူး။ ဒီလို အသိမှတ်ပြုပေးမှလည်း ကျောင်းသားတွေကို ယုံကြည်မှု ပိုတိုးစေပြီး ကြိုးစားဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေမှာပါ။
၅။ စိတ်မနှစ်ထားခြင်း - စာသင်တဲ့အခါ မျက်နှာအမူအရာရော ခန္ဓာကိုယ်အနေအထားကိုပါ တက်ကြွပြီး စိတ်အားထက်သန်တဲ့ ပုံစံ ပြပေးပါ။ မိမိကိုယ်တိုင်က စာထဲမှာ စိတ်မပါဘူးဆိုရင် ကျောင်းသားတွေအနေနဲ့လည်း သင်ယူမှုပိုင်းမှာ တက်တက်ကြွကြွ ပါဝင်လာမှာ မဟုတ်ပါဘူး။
၆။ မကောင်းပြောခြင်း - ကျောင်းသားတစ်ယောက်အရှေ့မှာ တခြားကျောင်းသားတစ်ယောက်ရဲ့ မကောင်းကြောင်း ဒါမှမဟုတ် ကျောင်းသားများရဲ့ ရှေ့မှာ အခြားဆရာများ မကောင်းကြောင်း လုံး၀ မပြောမိပါစေနဲ့။ အချင်းချင်း ပြန်သိရရင် မျက်နှာပူစရာ ရှိသလို ဆရာတစ်ယောက် ကျင့်ဝတ်နဲ့လည်း မကိုက်ညီပါဘူး။
၇။ မိဘကို မကြာခဏ တိုင်ကြားခြင်း - ကလေးတွေတစ်ခုခု အပြစ်လုပ်မိရုံနဲ့ မိဘတွေကို အကြောင်းမကြားပါနဲ့။ အတန်းထဲမှာပဲ ပြေပြေလည်လည် ဖြေရှင်းနိုင်တယ်ဆိုရင် အကောင်းဆုံးပါ။ ပြသနာဖြစ်တိုင်း မိဘနဲ့ တိုင်ကြားမယ်ဆိုရင် ကလေးတွေအတွက် အဆင်ပြေမှာမဟုတ်သလို မိဘတွေလည်း ကြိုက်မှာ မဟုတ်ပါဘူး။
၈။ ကျောင်းသားအမြင်ကို ဂရုမစိုက်ခြင်း - ဆရာတွေက ကျောင်းသားတွေရဲ့ အမြင်ကို တန်ဖိုးထားသင့်ပါတယ်။ ကျောင်းသားတွေရဲ့ တုံ့ပြန်စကားကို နားထောင်ပေးပြီး သင်ကြားရေးနည်းလမ်းတွေကို ချိန်ညှိပေးနိုင်ပါတယ်။ ကျောင်းသားတိုင်းကို လေးလေးစားစား ဆက်ဆံပြီး အပြန်အလှန်လေးစားမှုဟာ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။
၉။ သင်ကြားနည်းတစ်ခုတည်းကို အားကိုးခြင်း - သင်ကြားနည်း တစ်ခုတည်းကို အသုံးပြုတာ ရှောင်ကြည်ပါ။ တချို့တွေက စာသင်တဲ့အခါ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ဆက်တိုက် ရှင်းပြပြီး သင်ကြားတာမျိုး လုပ်ပါတယ်။ အဲ့ဒီအစား သင်ခန်းစာတွေကို ကျောင်းသားတွေ စိတ်ဝင်စားစေဖို့ မတူညီတဲ့ သင်ကြားရေးဗျူဟာတွေကို စီစဉ်ထားပါ။
၁၀။ မေးခွန်းများ လက်မခံခြင်း - သိချင်စိတ်နဲ့ စူးစမ်းမေးမြန်းခြင်းရဲ့ အရေးပါမှုကို ဆရာကောင်းတွေက လက်ခံကြပါတယ်။ သူတို့က ကျောင်းသားတွေ မေးခွန်းမေးတာကို သဘောကျပြီး ပိတ်ပင်တာမျိုး မလုပ်ပါဘူး။ အကြောင်းအရာကို နားလည်မှု ပိုမိုနက်ရှိုင်းစေဖို့ အပြန်အလှန် ဆွေးနွေးသင်ကြားရေးကို အားပေးပါတယ်။
ဆရာကောင်းတစ်ယောက်ဖြစ်လိုပါက ရှိရမယ့် အရည်အချင်း (၁၀) ခု
>> https://www.edge.com.mm/article/10-skills-all-great-teachers-must-have.html