အဆင့်မြင့်ပညာရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်သော စီမံခန့်ခွဲမှုနှင့် သုတေသနစွမ်းရည်တို့ဖြင့် ပြုပြင် ပြောင်းလဲမြှင့်တင်ရန်၊ တက္ကသိုလ်များ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျောင်းသားများ၏ ကောင်းမွန်သည့် အရည်အသွေးများမြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ်အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များကော်မတီတို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED)၊ Advance HE နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်း ကျင်းပသည့် တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့်အရည်အသွေးအာမခံမှုကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗြိတိသျှကောင်စီမှ ဋ္ဌာနေကိုယ်စားလှယ် Ms Sarah Deverall၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဤအလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးသူများ အားလုံး၊ Advance HE နှင့် ဗြိတိသျှကောင်စီတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအခွင့်အလမ်းများ တို့ကို အထောက်အကူပြုသော မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူပပျောက်ရေး၊ သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေး ဟူသောမူဝါဒများ ပါဝင်ပါကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ ပင်မတန်ဖိုးထားသည့် မျှော်မှန်းချက်များ (Core Values of Goals) ဖြစ်ကြသော (၁) မျက်မှောက် ခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ရိုင်းပင်းကူညီတတ် သော ကမ္ဘာ့လူသားကောင်းဖြစ်မှု၊ (၂) ပူးပေါင်းသင်ယူခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်း၊ ပူးပေါင်းနေထိုင်ခြင်း တို့ကို အသင်းအဖွဲ့ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ (၃) စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ကောင်းမွန်စွာ ဆောင်ရွက်တတ်ခြင်း၊ မှန်ကန်မှုရှိသော ကိစ္စရပ်များကိုသာ ဆောင်ရွက်ခြင်း၊ (၄) ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည့် ပိုမိုတိုးတက်ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေလေ့လာ ဖော်ထုတ်တတ်သည့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုများကို ပိုင်ဆိုင်ကြစေရန် ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အခြေခံလျက် အရည်အသွေးရှိသောပညာရေးကို ဦးတည်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်ပူးပေါင်းကာ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ တွေးတောကြံဆမှု၊ ပြောဆိုမှုနှင့် လုပ်ဆောင်မှုတိုင်းသည် တည်ဆဲဥပေဒေ၊ စည်မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် သင်ယူရန် ဆက်လက်သင်ယူမှု၊ တစ်သက်တာ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သင်ယူမှုကို အားပေးလျက် ရှိပါကြောင်း၊ ကလေးငယ်တိုင်းသည် အသက် ၃ နှစ်အရွယ်မတိုင်မီ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုနှင့် ဦးနှောဏ်ဖွံ့ဖြိုးမှုအတွက် ပြည့်ဝသောအာဟာရနှင့် ကျန်းမာရေး ကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ သို့မှသာ ကလေးငယ်များအား အသက် ၈ နှစ်မတိုင်မီ ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် များ အတွက် လိုအပ်သော အခြေခံကျွမ်းကျင်မှုများဖြစ်သည့် အရေး၊ အဖတ်၊ အတွက်နှင့် အခြေခံသိပ္ပံပညာ၊ အိုင်စီတီ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိတို့ကို သင်ယူတတ်မြောက်စေရန် ပြုစု ပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသောပညာရေးကသာလျှင် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပိုမိုဆိုးရွားသည့် မညီမျှမှုများကို တားဆီးကာ အားလုံးအတွက် ပြည့်စုံလှပသော အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာနှစ်သစ်ကူးအထိမ်းအမှတ်မိန့်ခွန်းတွင် တိုက်တွန်းထား သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ခိုင်မာစွာ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းသားဒေသများကို ဦးစားပေးလျက် ကျန်းမာ ဘေးကင်းလုံခြုံ၍ အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်းကို အားပေးဖော်ဆောင် လျက်ရှိပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများကို စနစ်တကျဆောင်ရွက်ရာတွင် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခိုင်မာသော မူဝါဒလမ်းညွှန်ချက်များ၊ စံသတ်မှတ်ချက်များ ချမှတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် ပံ့ပိုးပေးနိုင်သော၊ မျက်မှောက်ကာလနှင့် အနာဂတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် အသင်းအဖွဲ့ပုံစံဖြင့် အတူတကွ သင်ယူနိုင်စွမ်းရှိသော၊ အတူတကွ ပူးပေါင်းဆောင်ရွက်တတ်သော၊ ကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည့် ကမ္ဘာ့လူသားကောင်းများ ပြုစုပျိုးထောင်ပေး နိုင်မည်ဖြစ်ပါကြောင်း၊
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ၏ ပညာရေးကဏ္ဍအစီရင်ခံစာနှင့် ပြည်တွင်း ပြည်ပ ပညာရှင်များက မြန်မာနိုင်ငံ၏ ဆရာအတတ်ပညာရေးစီမံခန့်ခွဲမှုကဏ္ဍရှိ စိန်ခေါ်မှုများကို ထောက်ပြခဲ့ကြပါကြောင်း၊ ဆရာခန့်ထားရေး၊ ဆရာလုပ်ငန်းဆိုင်ရာမူဝါဒ၊ ကျောင်းအုပ်ကြီးများအတွက် စီမံခန့်ခွဲမှုသင်တန်း၊ ဘွဲ့ကြိုဆရာဖြစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု၊ လုပ်ငန်းခွင် ဆရာများအတွက် မွမ်းမံသင်တန်းများ၊ သင်ကြားသင်ယူမှုအတွက် ထိရောက်သော အိုင်စီတီအသုံးပြုမှုနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေးကိစ္စရပ်များကို ထောက်ပြခဲ့ကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဤစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးနှင့် အင်္ဂလိပ်စာ တွင် ရလဒ်ကောင်းများရရှိရေးအစီအစဉ် (Towards Results in Education and English-TREE) နှင့် မြန်မာနိုင်ငံရှိ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး(Strengthening Teacher Education in Myanmar-STEM) စသည့် စီမံချက်များတို့ကို ဗြိတိသျှကောင်စီနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် လွတ်လပ်စွာစီမံခန့်ခွဲသည့် တက္ကသိုလ်များဖြစ်လာရေးကို ဦးတည်လျက် တက္ကသိုလ် ၂၁ ကျောင်း အပါအဝင် တက္ကသိုလ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းခြင်းများတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဦးစားပေးလုပ်ငန်းစဉ်များအနေဖြင့် ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာသင်ယူသူများ၊ ပြည်ထောင်စုတိုင်းရင်းသား များအားလုံးတို့၏ အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေးမြှင့်တင်ရေး၊ အမျိုးသားပညာ အရည်အချင်းမူဘောင် သတ်မှတ်ခြင်း၊ တက္ကသိုလ်ပင်မစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ် စာတမ်း ရေးဆွဲခြင်း၊ ဝန်ထမ်း ရာထူး ခန့်၊ ပြောင်း၊ တိုးမြှင့်ရေး၊ တက္ကသိုလ်ဝင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း အခြေပြု ဘွဲ့သင်တန်းများနှင့် သင်ရိုးညွှန်းတမ်းများ၊ Credit Transfer စနစ်၊ သင်ကြားသင်ယူမှု၊ စစ်ဆေးအကဲဖြတ်မှု၊ သုတေသန၊ ကျောင်းနှင့် လုပ်ငန်းခွင်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးအာမခံမှုနှင့် ပညာအရည်အချင်း အသိအမှတ်ပြုမှုတို့အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ရေရှည်လုပ်ငန်းစဉ်များအဖြစ် အရည်အသွေးရှိသော အဆင့်မြင့်ပညာရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို အခြေခံလျက် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်ဆောင်ရည်များရရှိရန် သင်ယူတတ်မြောက်နိုင်သော၊ ပြည့်စုံလှပသော အနာဂတ်ကို ဖော်ဆောင်နိုင်မည့်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ခိုင်မာစွာ တည်ဆောက် ထိန်းသိမ်းပေးနိုင်မည့်၊ ကမ္ဘာကြီးအတွက် အကောင်းဆုံးကို ဖော်ဆောင်ပံ့ပိုးပေးနိုင်မည့် အရည်အသွေးရှိသော ပညာရေးစနစ်ကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်း အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ် ၂၁ ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် ပါမောက္ခများ၊ ဌာနမှူး (စီမံ/သင်တန်း) များ စုစုပေါင်း ၁၀၅ ဦး တက်ရောက်လျက်ရှိသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Source : Ministry of Education
By Myanmar Education Guide (EDGE)