၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစပြီး နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၄) ခုတို့တွင် စာသင်သားပေါင်း (၃၈,၇၅၇) ဦးကို စဉ်ဆက်ပညာရေးစနစ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြ၀တီသတင်းဌာနမှ သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကျောင်းပြင်ပရောက် ကလေး (၂.၇) သန်းခန့်ရှိပြီး ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်း၌ အသက် (၁၅) နှစ်နှင့် အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူ (၄.၁) သန်းရှိသည်။
ပညာတတ်မြောက်လိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ပညာသင်ကြားရမည့်အခြေအနေမှ ကင်းကွာသွားခဲ့ရသည့်သူများအတွက် ပညာဆက်လက်သင်ကြားနိုင်ရေးကို ရည်ရွယ်ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ၎င်း၏နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
စာတတ်မြောက်ရေးလုပ်ငန်းကို ရှေ့ပြေးဆောင်ရွက်ခဲ့သည့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် စဉ်ဆက်ပညာရေးကို သတ်မှတ်မြို့နယ်များ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ အဆိုပါ ဆောင်ရွက်နေမှုသည် ဖေဖော်ဝါရီလ (၅) ရက်တွင် ပြီးမြောက်မည်ဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနမှ သိရသည်။
စဉ်ဆက်ပညာရေးသင်ကြားခြင်း အစီအစဉ်များကို နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) တို့ရှိ မြို့နယ်များတွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ လုပ်ဆောင်ရာတွင် ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့နယ်များမှ လျာထားစာသင်သားပေါင်း (၃၈,၇၅၇) ဦးကို စာသင်ဝိုင်းပေါင်း (၂,၈၀၆) ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်ပေါင်း (၃,၅၁၂) ဦးတို့ဖြင့် ဆက်လက် သင်ကြားဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစပြီး ၂၀၂၄ ခုနှစ်၊ မေလအထိ ဆောင်ရွက်ခဲ့သည့် ကျောင်းပြင်ပပညာရေးအတွက် အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးတွင် သင်ယူသူ စုစုပေါင်း (၇၈,၈၂၄) ဦးရှိကြောင်း သိရသည်။
Source - MWD News Portal