လာမည့် ပညာသင်နှစ်တွင် ဧရာ၀တီတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီလ (၃) ရက်နေ့ လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဇန်နဝါရီ (၂၀) ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲတွင် ပြောကြားခဲ့သေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာတတ် လူသားအရင်းအမြစ်များ မဖြစ်မနေ လိုအပ်နေသောကြောင့် ယခုလို တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။
နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးသည်ဟု သိရသည်။
နိုင်ငံတော်အနေဖြင့် ပညာရေးမြှင့်တင်မှုအဖြစ် Polytechnic University (၈) ကျောင်းကို ယခုနှစ် ပညာသင်နှစ်အတွက် နေပြည်တော်အပါအဝင် ဗန်းမော်၊ လာရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်တို့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့် ပညာသင်နှစ်တွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်ကို ဧရာဝတီတိုင်း၌ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
လာမည့် ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။