၂၀၂၄ ခုနှစ် GCSE ရလဒ်တွင် သင်္ချာနှင့် အင်္ဂလိပ် အောင်ချက်ကျဆင်း

 

ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံတစ်ဝှမ်း အထက်တန်းအဆင့် (၁၀ တန်း၊ ၁၁ တန်း) GCSE အောင်စာရင်းများ ထွက်ရှိခဲ့သည်။ GCSE ရလဒ်များ ထုတ်ပြန်ခဲ့ပြီးနောက် အင်္ဂလိပ်နှင့် သင်္ချာဘာသာတွင် အောင်မြင်သည့် ကျောင်းသား ရာခိုင်နှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်းနှင့် ပုဂ္ဂလိကနှင့် အစိုးရကျောင်းများတွင် အောင်ချက်ကွာဟမှု မြင့်တက်လာကြောင်း သိရသည်။

 

 

၂၀၂၄ ခုနှစ် ရလဒ်များသည် အမှတ်အမြင့်ဆုံး ရရှိသည့် ကျောင်းသားရာခိုင်နှုန်း၊ အောင်မှတ်ပဲ ရရှိသည့်ကျောင်းသားရာခိုင်နှုန်း၊ အောင်မှတ်နှင့်အထက် ရရှိသော ကျောင်းသားရာခိုင်နှုန်းကို ပေါင်းပြီး တွက်မည်ဆိုလျှင် ၂၀၂၃ ခုနှစ် ရလဒ်များနှင့် သိသိသာသာ ကွာခြားမှုမရှိကြောင်း သိရပါသည်။ 

 

အဆင့်အလိုက် အောင်ချက်အား ယမန်နှစ်နှင့် နှိုင်းယှဉ်ခြင်း

 

အဆင့် 4/C နှင့်အထက် ရရှိခဲ့သော အောင်ချက်ရာခိုင်နှုန်းမှာ ယခုနှစ်တွင် ၆၇.၄% ရှိပြီး ယမန်နှစ်တွင် ၆၇.၈% ရရှိခဲ့သည့်တွက် ယမန်နှစ်ထက် အောင်ချက်ကျဆင်းသွားသည်။

 

အဆင့် 7/A သို့မဟုတ် 8 ရရှိသည့် ကျောင်းသားဦးရေ အောင်ချက်မှာ ယခုနှစ်တွင် ၂၁.၇% ဖြစ်ပြီး ၂၁.၆% ရရှိခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် အောင်ချက်ကွာဟမှု မရှိပါ။ 

 

အဆင့် 9 ဖြင့် အောင်မြင်သော ကျောင်းသားရာခိုင်နှုန်းမှာ ယခုနှစ်တွင် ၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄.၉% ရှိခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း မြင့်တက်လာပါသည်။ 

 

အင်္ဂလိပ်နှင့် သင်္ချာဘာသာရပ်တွင် အောင်ချက်လျော့နည်း

၂၀၂၃ ခုနှစ်နှင့် ရမှတ်များ နှိုင်းယဉ်ပါက ယခုနှစ်နှင့် ကွာခြားမှုမရှိသော်လည်း အင်္ဂလိပ်စာနှင့် သင်္ချာ GCSE ရလဒ်များသည် ယမန်နှစ်ကထက် ကျဆင်းခဲ့သည်။ 

 

 

အင်္ဂလိပ်ဘာသာတွင် အဆင့် 4/C နှင့်အထက် ရရှိသော စုစုပေါင်း ကျောင်းသားဦးရေမှာ ယခုနှစ်တွင် ၆၁.၆% ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၆၄.၂% ရှိသည်။  

အသက် (၁၇) နှင့်အထက် ကျောင်းသားရာခိုင်နှုန်းအား တွက်ချက်ပါက ယခုနှစ်တွင် ၂၀.၉% နှင့် ယမန်နှစ်တွင် ၂၅.၉% ရရှိခဲ့သည့်အတွက် အောင်ချက် သိသိသာသာ ကျဆင်းသွားသည်။

အသက် ၁၆ နှစ်အရွယ် ကျောင်းသားဦးရေ အောင်ချက်မှာ ယခုနှစ်တွင် ၇၁.၂% ရရှိခဲ့သည့်အတွက် မနှစ်က ၇၁.၆% ထက် အနည်းငယ် ကျဆင်းသွားသည်။  

 

 

သင်္ချာဘာသာရပ်တွင် 4/C နှင့်အထက် ရရှိသော စုစုပေါင်း ကျောင်းသားဦးရေမှာ ယခုနှစ်တွင် ၅၉.၆% ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၆၁% ရရှိခဲ့သည်။ 

အသက် (၁၇) နှင့်အထက် ကျောင်းသားရာခိုင်နှုန်းအား ကြည့်ပါက ယခုနှစ်တွင် ၁၇.၄% ရှိပြီး ၁၆.၄% ရရှိခဲ့သည့် ယမန်နှစ်နှင့် နှိုင်းယဉ်ပါက ပိုမိုမြင့်တက်လာသည်။

အသက် ၁၆ နှစ်အရွယ် ကျောင်းသားဦးရေ အောင်ချက်မှာ ယခုနှစ်တွင် ၇၂% ရှိခဲ့ပြီး မနှစ်က ၇၂.၃% ထက် အနည်းငယ် ကျဆင်းသွားသည်။   

 

ယေဘုယျအားဖြင့် ၂၀၂၄ ခုနှစ် GCSE ရလဒ်များအရ သင်္ချာဘာသာရပ် အောင်ချက်မှာ ၄၀.၄% အောင်မြင်ခဲ့ပြီး ၃၈.၄% သည် အင်္ဂလိပ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။

 

အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းများတွင် ရမှတ်ကွာဟမှု

 

ထို့အပြင် GSCE ရလဒ်များသည် အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းများတွင် အောင်ချက်ကွာဟမှုများ တိုးလာပါသည်။ ပုဂ္ဂလိကကျောင်းများမှ 7/A နှင့်အထက် အောင်မြင်သော ကျောင်းသားဦးရေမှာ ၄၈.၄% ရှိပြီး အစိုးရကျောင်းများတွင် ၂၁.၂% သာရှိသောကြောင့် အောင်ချက်ကွာဟမှု ၂၇.၂% ရှိသည်။

 

ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ်တွင် အစိုးရကျောင်းမှ ၂၁% နှင့် ပုဂ္ဂလိကကျောင်းများမှ ၄၇.၅% အောင်ချက်အသီးသီး ထွက်ရှိခဲ့ပြီး အောင်ချက်ကွာဟမှု ၂၆.၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။ 

 

Source - TES

 

International News Read 117 times