ပညာရေးသတင်းများ ဖတ်ရှုနိုင်ရန် Subscribe လုပ်ထားသင့်သည့် Newsletter များ

 

Newsletter ဆိုတာကတော့ သက်ဆိုင်ရာဝက်ဘ်ဆိုက်ဒ်ကနေ Subscriber တွေကို နေ့စဉ် (သို့) အပတ်စဉ် (သို့) လစဉ် အီးမေးလ်ကနေတဆင့် ပေးပို့ပေးတဲ့ သတင်းအနှစ်ချုပ်ပဲဖြစ်ပါတယ်။

 

Social Media မှာ အချိန်ကုန်ခံပြီး နယ်ပယ်အစုံမှသတင်းတွေကို ရှာဖွေဖတ်ရှုမယ့်အစား ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုသာ စုစည်းဖော်ပြထားတဲ့ Newsletter တွေကို Subscribe လုပ်ထားမယ်ဆိုရင် အချိန်ကုန်သက်သာပြီး သက်ဆိုင်ရာ သတင်းအစုံအလင်ကိုလည်း အချိန်နဲ့တပြေးညီ သိရှိနိုင်မှာဖြစ်ပါတယ်။ 


 
ဒါကြောင့် သင်က ပညာရေးနယ်ပယ်က ဆရာ၊ ဆရာမတွေ၊ လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ အကြံပေးတွေဆိုရင် အောက်ဖော်ပြပါ Newsletter Website တွေကို သိထားဖို့ လိုပါတယ်။ 

 

၁။ Myanmar Education Guide 

Myanmar Education Guide ဝက်ဘ်ဆိုက်ဒ်ဟာ ပညာရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ ပြည်တွင်း/ပြည်ပသတင်းတွေ၊ ပြောင်းလဲနေတဲ့ ပညာရေးမူဝါဒတွေ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းအချက်အလက်တွေ၊ အစိုးရနဲ့ နိုင်ငံတကာကျောင်းတွေ၊ သက်မွေးသင်တန်းတွေ၊ ပညာသင်ဆုတွေ၊ ပွဲတွေနဲ့ ပညာရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာ အစုံအလင်ကို စဉ်ဆက်မပြတ် တင်ဆက်ပေးနေတဲ့ လမ်းညွှန်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ပတ်တစ်ကြိမ် ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို အနှစ်ချုပ်ပြီး "Bi-Weekly Education Bulletin" ဆိုတဲ့ ခေါင်းစဉ်နဲ့ Newsletter ပို့ပေးပါသေးတယ်။

ဒါကြောင့် သင်က ပညာရေးနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူတွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသားတွေဆိုရင် ပညာရေးသတင်းအချက်အလက်တွေနဲ့ အမြဲနီးစပ်နေဖို့ "Myanmar Education Guide" ဝက်ဘ်ဆိုက်ဒ်ကို Subscribe လုပ်ထားဖို့တော့ လိုပါမယ်နော်။

 

။ The Learning Network 

The New York Times ကနေ "The Learning Network" လို့ခေါ်တဲ့ ပညာရေးဆိုင်ရာ Newsletter တွေကို အီးမေးလ်ကနေတဆင့် တစ်ပတ်နှစ်ကြိမ် ပေးပို့ပေးပါတယ်။ သူ့ဆီမှာ သင်ကြားရေးနယ်ပယ်က ဆရာ/ဆရာမတွေအတွက် လိုအပ်တဲ့ Teaching Resources တွေနဲ့ နိုင်ငံတကာက ပညာရေး Events တွေအကြောင်း အဓိက ပါဝင်ပါတယ်။ The New York Times ကနေ ထုတ်ဝေထားတဲ့ ဆောင်းပါးတွေထဲက သင်ခန်းစာကြိုတင်ပြင်ဆင်မှုတွေ၊ ဉာဏ်စမ်းမေးခွန်းတွေ၊ ကျောင်းသားပြိုင်ပွဲတွေကို ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ 

 

၃။ Politico 

Politico ကတော့ ပညာရေးဆိုင်ရာ သတင်းတွေကို တင်ဆက်ပေးနေတဲ့ နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်ပါတယ်။ Politico မှာ ‘Morning Education’ ဆိုတဲ့ Newsletter ကို နေ့စဉ်ပေးပို့ပြီး ‘Weekly Education’ ဆိုတဲ့ ခေါင်းစဉ်နဲ့ Newsletter ကိုတော့ တစ်ပတ်တစ်ခါ ပေးပို့ပါတယ်။ သူ့ Newsletter မှာ မူကြိုကနေ တက္ကသိုလ်ပညာရေးအထိ ပါဝင်တဲ့ နောက်ဆုံးရ ပညာရေးသတင်းတွေနဲ့ ပြောင်းလဲနေတဲ့ ပညာရေးဆိုင်ရာ စည်းမျဉ်းနဲ့ မူဝါဒတွေရဲ့ ဆွေးနွေးတင်ပြချက်တွေ ပါဝင်ပါတယ်။  

 

၄။ Education World 

The Education World ဝက်ဘ်ဆိုက်ဒ်မှာ ပညာရေးဆိုင်ရာ Newsletter တွေဖြစ်တဲ့ Education World Weekly Newsletter နဲ့ Education World Headlines Newsletter တွေကို အပတ်စဉ် တင်ဆက်ပေးလျက်ရှိပါတယ်။ သူ့ရဲ့ Newsletter တွေမှာ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ပညာရေးဆိုင်ရာ အရင်းအမြစ်သစ်တွေ၊ အဓိက အရေးကြီးတဲ့ ပညာရေးသတင်းတွေကို အကျဉ်းချုပ်ပြီး ဖော်ပြပေးနေကျဖြစ်ပါတယ်။ 

 

၅။ Education Dive 

Education Dive ကတော့ တက္ကသိုလ်ပညာရေးနဲ့ မူလတန်းမှအထက်တန်းအထိပညာရေး (K12) ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ Education Dive မှာ နောက်ဆုံးရ ပညာရေးသတင်းအချက်လက်တွေ၊ ပညာရေးစနစ်၊ မူဝါဒနဲ့ နည်းပညာအကြောင်းတွေအပြင် အွန်လိုင်းသင်ခန်းစာတွေ (MOOCs)၊ သင်ရိုးတွေ၊ ကျောင်းသားတွေကို စီမံခန့်ခွဲပုံနဲ့ ကျောင်းဝင်ခွင့် စတဲ့ပညာရေးဆိုင်ရာအကြောင်းအရာတွေကို နေ့စဉ်အခမဲ့ဖတ်ရှုနိုင်ပါတယ်။  

 

၆။ Tes Magazine

Tes Magazine ဆိုတဲ့ ဝက်ဘ်ဆိုက်ဒ်မှာလည်း ပညာရေးနဲ့ သက်ဆိုင်တဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေ၊ သုတေသနနဲ့ သုံးသပ်ချက်တွေ၊ သင်ကြားရေးနယ်ပယ်မှ တာဝန်ရှိသူတွေအတွက် အကြံပေးအချက်အလက်တွေ၊ ဗဟုသုတအကြောင်းအရာတွေ စတဲ့ ပညာရေးကဏ္ဍအစုံကို ရေးသားဖော်ပြလျက်ရှိပါတယ်။ ဒါကြောင့် ကိုယ်ဖတ်ရှုလေ့လာချင်တဲ့ နေ့စဉ် (သို့) အပတ်စဉ် Newsletter တွေကို စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။

 

၇။ Education Week 

Education Week ကတော့ K-12 ပညာရေးဆိုင်ရာ သတင်းတွေနဲ့ အချက်အလက်တွေကို စုံစုံလင်လင်ဖတ်ရှုလို့ရမယ့် သတင်းအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ Education Week မှာ ပညာရေးဆိုင်ရာ သတင်းတွေ၊ ဆောင်းပါးတွေ၊ မူဝါဒတွေ၊ သုတေသနပြုချက်တွေ၊ ယူဆချက်တွေ၊ နည်းပညာနဲ့ သင်ကြားရေးအတတ်ပညာဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို နေ့စဉ် (သို့) အပတ်စဉ် ဝင်ရောက်ဖတ်ရှုနိုင်တဲ့ Newsletter တွေများစွာ ရှိပါတယ်။ 

 

၈။ eSchools News 

eSchools News မှာ လစဉ်ထုတ်ဝေတဲ့ ပုံနှိပ်သတင်းစာနဲ့ ဒစ်ဂျစ်တယ်သတင်းစာဆိုပြီး (၂) မျိုးရှိပါတယ်။ eSchools News ဟာဆိုရင် ပညာရေးအတွက် နည်းပညာရဲ့ အရေးပါပုံတွေကို အဓိကထား တင်ဆက်ပေးနေတဲ့ သတင်းဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်ပါတယ်။

eSchools News မှာ နောက်ဆုံးရ သတင်းတွေ၊ သင်ကြားရေး အရင်းအမြစ်တွေ၊ အစီရင်ခံစာတွေကို ပံ့ပိုးပေးမယ့်အပြင် ပြောင်းလဲလာတဲ့ ပညာရေးစနစ်တွေ၊ နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေ၊ ဒစ်ဂျစ်တယ်ပြသနာတွေ၊ နည်းပညာကို အသုံးချတတ်ဖို့နဲ့ အကြံဉာဏ်တွေ၊ အကောင်းဆုံး အလေ့အကျင့်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။  

 

၉။ Education and Career News 

Education and Career News ကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ပညာရေးဆိုင်ရာ နည်းပညာ၊ ပညာရေးအနုပညာမှာ ရင်းနှီးမြှပ်နှံခြင်း၊ အမျိုးသမီးတွေနဲ့ STEM နယ်ပယ်၊ ပညာရေးရဲ့ အနာဂတ်အလားအလာတွေကို နေ့စဉ်တင်ဆက်ပေးမယ့် Newsletter အစီအစဉ်ရှိပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ပညာရေးနယ်ပယ်မှ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကိုလည်း တင်ဆက်ပေးလျက်ရှိပါတယ်။ 

 

၁၀။ U.S. Department of Education Newsletter 

အမေရိကန်ပညာရေးဌာနမှလည်း နေ့စဉ်၊ အပတ်စဉ်နဲ့ လစဉ် ပညာရေးဆိုင်ရာ သတင်းတွေကို ရရှိနိုင်ပါတယ်။ Newsletter တွေမှာ ပညာရေးသတင်း၊ ပညာရေးလှုပ်ရှားမှုဆိုင်ရာ နောက်ဆုံးရ အချက်အလက်တွေ၊ ပညာရေး သုတေသနသတင်းတွေ၊ မူဝါဒဆိုင်ရာစည်းမျဉ်းအသစ်တွေ၊ သုတေသနပြချက်တွေ၊ ကျောင်းသားထောက်ပံ့ကြေးအစီအစဉ်တွေ ပါဝင်ပါတယ်။   

 

 

International News Read 146 times