ရှမ်းသမိုင်းကို ပထမဆုံးအကြိမ် တဆက်တစပ်တည်းဖြစ်အောင် ရေးသားခဲ့တဲ့ စိုင်းအောင်ထွန်း စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အသက် (၈၈) နှစ်ထိ နေသွားခဲ့တဲ့ စိုင်းအောင်ထွန်းဟာ ရှမ်းပြည်နယ်သားထဲက နိုင်ငံတကာ ဆက်ဆံရေးပညာကို အမေရိကန်မှာ မဟာဝိဇ္ဇာဘွဲ့ ရတဲ့အထိ ပထမဆုံး သင်ကြား နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက် ၁၉၆၂ နောက်ပိုင်း ရှမ်းစာပေ သင်ကြားရေးမှာ တစိုက်မတ်မတ် ဦးဆောင်ခဲ့သူတယောက် ဖြစ်ပြီး ရှမ်းလူမျိုးတွေရဲ့ လေးစားချစ်ခင်မှုကို ခံခဲ့ရတဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။
ကိုလိုနီခေတ် ရှမ်းကုန်းမြင့်ဒေသမှာ ပြည်ပထိသွားပြီး ပညာသင်နိုင်သူတွေက ရိုးရာစော်ဘွား မိသားစုတွေ ဖြစ်ကြပါတယ်။ ပဒေသရာဇ်ရှမ်းပြည်နယ်စုမှာ လွတ်လပ်ရေးမရခင်က သာမန်ပြည်သူတွေအတွက် ဖွင့်လှစ်ပေးတဲ့ အစိုးရကျောင်းတွေ မရှိခဲ့လို့ ခေတ်သစ် ပညာရေးကို လူအများစု လက်လှမ်းမမီခဲ့ကြပါဘူး။ ဒီလိုနောက်ခံအနေအထားတွေ ရှိပေမဲ့ ဆင်းရဲတဲ့ မိသားစုက လာတဲ့ စိုင်းအောင်ထွန်း ပြည်ပမှာ သွားရောက်သင်ယူနိုင်တဲ့အထိ ကြိုးစားခဲ့ပါတယ်။
မြက်ရိတ်ပြီး ကျောင်းနေခဲ့သူ
စိုင်းအောင်ထွန်းကို ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နားက တာပုတ်ရွာမှာ ၁၉၃၂ က မွေးဖွားခဲ့ပါတယ်။ ဖခင်က လက်သမားဆရာဖြစ်ပြီး မိခင်က ခေါပုတ်ရောင်းပါတယ်။ စစ်အတွင်းကာလမှာတော့ မိသားစု ဝမ်းရေးအတွက် စိုင်းအောင်ထွန်း ဖခင်နဲ့အတူ လိုက်ပြီး ထင်းရှာမြက်ရိတ်တာတွေ လုပ်ခဲ့တယ်လို့ ရှမ်းရိုးမစာကြည့်တိုက်ကို တည်ထောင်တဲ့ အရှင်ခေမာစာရက ရေးပါတယ်။
နောက် ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်တက်ဖို့ စရိတ်မရှိတဲ့အတွက် သီပေါမြို့သူမြို့သားတွေ ဝိုင်းထောက်ကြတဲ့ ငွေခြောက်ရာယူကာ ရန်ကုန်ကို ကုန်ကား စပယ်ယာလုပ်ပြီး လိုက်သွားတယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်ရောက်မှ တက္ကသိုလ်ကို ဘယ်နားရှာရမှန်းမသိဖြစ်နေတုန်း ပွဲရုံကို ရောက်လာတဲ့ သီပေါက ကျောင်းသားတွေနဲ့ တွေ့ပြီး လိုက်သွားခဲ့ရတာ ဖြစ်ပါတယ်။
တက္ကသိုလ်မှာ ရှမ်းအစိုးရပညာသင်ဆုနဲ့ ဘွဲ့ရပြီးနောက် ဆရာပြန်လုပ်ရင်း ဆရာဆရာမတွေ အကူအညီနဲ့ အမေရိကန်ပညာသင်ဆု ရခဲ့ပါတယ်။ အမေရိကန်က ပြန်လာချိန်မှာတော့ တောင်ကြီးဥပစာကောလိပ်မှာ သမိုင်းလက်ထောက်ကထိက ဖြစ်လာပါတယ်။
ထောက်လှမ်းရေးခေါ်စစ်
သူလက်ထပ်တဲ့ ၁၉၆၂ မှာပဲ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးလို့ စော်ဘွားတွေကို ဖမ်းထားပြီးပြီ ဖြစ်ပါတယ်။ သူလက်ထပ်နေချိန်မှာ စစ်ထောက်လှမ်းရေးက သူ့ကို စစ်ဆေးဖို့ လာခေါ်တော့ ငါ မင်္ဂလာဆောင်နေတုန်းရှိသေးတယ်၊ သတို့သမီးလက်တောင် မကိုင်ရသေးဘူး လို့ ဆိုတယ်လို့လည်း အရှင်ခေမာစာရက ရေးပါတယ်။ လားရှိုးအမြောက်တပ်မှာ ခေါ်စစ်နေတုန်း သူတို့လင်မယား နွားတင်းကုပ်အဟောင်းထဲမှာ တစ်လလောက် နေခဲ့ရတာပါ။
ဒီလို စစ်ဆေးခံခဲ့ရပေမဲ့ စိုင်းအောင်ထွန်း နောက်တွန့်မသွားဘဲ ရှမ်းစာပေ သင်ကြားရေးကို အားစိုက်ခဲ့ပါတယ်။ အဲဒီခေတ်က ရှမ်းစာသင်ရင် သူပုန်နဲ့ ဆက်တယ်ဆိုပြီး စွပ်စွဲခံနေရချိန်မှာ သူ့ကိုယ်ပိုင်ချိန်ထဲကနေ ရှမ်းစာပေအတွက် စိုင်းအောင်ထွန်း ဆောင်ရွက်ခဲ့တာလို့လည်း လန်ဒန် တက္ကသိုလ် အရှေ့တောင်အာရှ စာကြည့်တိုက်မှူး ဒေါက်တာ ဇောတိကခေးယင်းက ပြောပါတယ်။
နောက် သူစာသင်ပေးခဲ့တဲ့ ရှမ်းကျောင်းသားတွေ တောမခိုခင် သူ့ကို လာနှုတ်ဆက်တဲ့အခါမှာလည်း အင်မတန် စိတ်မကောင်းဖြစ်တတ်ကြောင်း တပည့်ဟောင်း စိုင်းဝမ်စိုင်းက သျှမ်းသံတော်ဆင့်သတင်းမှာ ရေးသားပါတယ်။ ကျောင်းသားတွေ ဆုံးဖြတ်ချက်ကို လေးစားပေမဲ့ သူ့လမ်းသူရွေးပြီးသား ဖြစ်တယ်လို့ စိုင်းအောင်ထွန်းက ပြောတယ်လို့လည်း ဆိုပါတယ်။ သူနဲ့ တက္ကသိုလ်နေဘက် ရှမ်းစော်ဘွားမျိုးနွယ်တွေ နွံစစ်ဟန် လှုပ်ရှားမှုနဲ့ တောခိုကြချိန်မှာ စိုင်းအောင်ထွန်း အမေရိကန် ရောက်နေခဲ့လို့ ပါမသွားတာလို့ ယူဆသူတွေလည်း ရှိပါတယ်။
မဟတိုကို ဦးဆောင်သူ
ရှမ်းစာပေမှာ ၁၉၄ဝ လောက်ကစပြီး လိက်တိုင်းမိုင် ခေါ် စာသစ်တီထွင်ရေး လှုပ်ရှားမှုတွေ စခဲ့ပါတယ်။ သီပေါက ဒေါက်တာဘဉာဏ်နဲ့ တခြားပညာရှင်တွေ၊ ဆရာတော်တွေ ပူးပေါင်းတီထွင်ကြတဲ့ ဒီစာသစ်ဟာ လိက်တိုင်းကော်ဝ် စာဟောင်း ရေးနည်းထက် ပိုပြီး တိကျတဲ့ အသံထွက်နိုင်အောင်နဲ့ ရှမ်းပြည်အပြင်ဘက်က ရှမ်းမျိုးနွယ်တွေအားလုံး သုံးလို့ရအောင် ကြိုးစားတီထွင်တဲ့ စာသစ်ရေးနည်း ဖြစ်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရလက်အောက်ခံ ရှမ်းအစိုးရက စာဟောင်းရေးနည်းကို အားပေးပြီး သူပုန်သုံးတဲ့ စာသစ်သင်တဲ့ ဆရာတွေကို ဖမ်းဆီးခဲ့တယ်၊ ဒါကြောင့် ရန်ကုန်ထိ သွားပြီး ကောလိပ်ကျောင်းသားတွေနဲ့ လမ်းစဉ်ပါတီအာဏာပိုင်တွေ ဆွေးနွေးခဲ့ရတယ်လို့ စိုင်းဝမ်စိုင်းက ရေးပါတယ်။
တောင်ကြီးကောလိပ်မှာ သူဆရာလုပ်နေရင်း ကျောင်းသား (၁၅) ယောက်လောက် အမြဲ သူ့အိမ်မှာ တင်ထားတတ်တယ်လို့လည်း သိရပါတယ်။ သူတို့သမီးခင်ပွန်း လစာ တစ်ထောင်ကျော်လေးနဲ့ ကျောင်းသားတွေအတွက်ပါ ချက်ပြုတ်ကျွေးမွေးနေခဲ့တာ ဖြစ်ပါတယ်။ မဟတိုခေါ် ရေးတတ်၊ဖတ်တတ်၊ တွက်တတ်၊ သင်တတ်၊ တည်ထောင်တတ်ရမယ်ဆိုတဲ့ ရှမ်းစာသင်နည်းစနစ်ကို စိုင်းအောင်ထွန်း ဦးဆောင်ခဲ့တယ် လို့လည်း အရှင်ခေမာစာရက ရေးပါတယ်။
ကောင်စီဝင်နဲ့ ၈၈
တောင်ကြီး၊ မြစ်ကြီးနားနဲ့ ရန်ကုန် နိုင်ငံခြားဘာသာသင်သိပ္ပံကျောင်းအုပ်ကြီးတွေ လုပ်ရင်း စိုင်းအောင်ထွန်း လမ်းစဉ်ပါတီအမတ်နဲ့ နိုင်ငံတော်ကောင်စီဝင်ထိ ဖြစ်ခဲ့ပါတယ်။ တောင်ကြီးကောလိပ်မှာ သူ့လက်အောက်က ဆရာမလုပ်သွားတဲ့ ဒေါ်နီနီမြင့်က ထောက်ခံလို့ ဦးနေဝင်း သူ့ကို ကောင်စီဝင်ခန့်ခဲ့သလား၊ ဒါမှမဟုတ် ကောင်စီမှာ အရပ်သားနဲ့ တိုင်းရင်းသားထဲက လူနည်းနေလို့ ခန့်တာလား မသိဘူးလို့ စိုင်းအောင်ထွန်းက ခေတ်ရနံ့ မဂ္ဂဇင်းနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။
ဒီလို ထိပ်ဆုံးအာဏာပိုင်အဖွဲ့ကို ရောက်ပေမဲ့ ကောင်စီဝင်တွေဟာ ဘာမှ ပြောရဲဆိုရဲကြတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ဦးနေဝင်းကို မပြောနဲ့၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဦးစန်းယုကိုတောင် ပြန်မပြောရဲဘူးလို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံမှာ စီးပွားရေး လူမှုရေး အစစ ယိုယွင်းလာတာကို ဦးနေဝင်းကို အမြန်ပြောဖို့ ကောင်စီဝင် ဒေါက်တာမောင်မောင်ကို သူတိုက်တွန်းခဲ့ပေမဲ့ ဒေါက်တာ မောင်မောင်လည်း ပြောဖို့ခက်နေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါနဲ့ နောက်ဆုံး ၁၉၈၈ မှာ ကျောင်းသားပြည်သူတွေ အစုလိုက် ဆန္ဒပြနေကြတာကို စိုင်းအောင်ထွန်း လွှတ်တော်ဝရန်တာကနေ ထွက်ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နိုင်ငံတော်ကောင်စီမှာ အရပ်သားခွင် တိုင်းရင်းသားခွင်က စစ်တပ်ခွင် ပါတီခွင်ကို မကျော်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
၁၉၈၈ နောက်ပိုင်း အမျိုးသားညီလာခံအထိ စိုင်းအောင်ထွန်းကို နအဖအစိုးရက သဘာပတိခန့်ခဲ့ပါသေးတယ်။
ရှမ်းသမိုင်းနဲ့ ဖက်ဒရယ်မူ
တစ်ဖက်မှာတော့ အစိုးရခန့် မြန်မာသမိုင်းအဖွဲ့မှာ ဒုတိယ ဥက္ကဋ္ဌအဖြစ်ပါဝင်ရင်း သမိုင်းဆိုင်ရာ စာတမ်းတွေ ရေးသားခဲ့ပါတယ်။ ဒီထဲက အထင်ရှားဆုံးကတော့ ရှမ်းပြည်နယ်သမိုင်း အင်္ဂလိပ်စာအုပ်ကြီး ဖြစ်ပါတယ်။ သမိုင်းဦးကနေ ၁၉၆၂ အထိ ရေးထားတဲ့ ဒီရှမ်းသမိုင်းစာအုပ်ဟာ သူ့ရှေ့က စောဆိုင်မွန် အစပျိုးပြီး မလုပ်နိုင်ခဲ့တဲ့ သမိုင်းပြုစုရေးကို သူလက်လှမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ စိုင်းအောင်ထွန်းရဲ့ စာအုပ်လို ရှမ်းပြည် အကြောင်း ပြည့်ပြည့်စုံစုံ ရေးထားတဲ့ တခြား ပညာရပ်စာအုပ် မရှိတဲ့အတွက် သူ့စာအုပ်က လေ့လာရေး နယ်ပယ်မှာ အရေးကြီးကြောင်း ဟားဗတ်တက္ကသိုလ် အာရှစင်တာက ပါရဂူဘွဲ့လွန်သုတေသီ ဒေါက်တာ ဂျွန်ဗျူခန်နန်က ပြောပါတယ်။
ဖက်ဒရယ်မူနဲ့ ပင်လုံအကြောင်းဟာ မြန်မာသမိုင်းမှာ အငြင်းပွားဆုံး သမိုင်းတစ်ကွက် ဖြစ်သလို ခုချိန်ထိ ဆွေးနွေးဆဲ နိုင်ငံရေးအကြောင်းအရာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူရေးလို့ရတဲ့ဘောင်ထဲက စစ်အစိုးရလက်ထက်မှာ စိုင်းအောင်ထွန်း ပြည့်စုံအောင် ရေးသွားတယ်လို့လည်း ဒေးဗစ်စကော့မတ်သီယာဆင်က ဧရာဝတီ သတင်းစာမျက်နှာမှာ ၂ဝဝ၉ ကတည်းက မှတ်ချက်ပေးခဲ့ပါတယ်။
တစ်ခါ စိုင်းအောင်ထွန်းဟာ ကိုယ်တိုင် ရှမ်းလူမျိုး ဖြစ်ပေမဲ့ ဖက်ဒရယ်အရေးမှာ သမာသမတ်ကျအောင် ဝေဖန်သုံးသပ်ခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ပုဒ်မ ထည့်သွင်းတာ လိုအပ်သလား ဆိုတာကနေ လွတ်လပ်ရေးရပြီးနောက် တောင်တန်း ဒေသတွေ ဖွံ့ဖြိုးရေးအတွက် အစိုးရအဆက်ဆက် စီမံကိန်းကြီးချ ဆောင်ရွက်တာ မရှိတဲ့အကြောင်းနဲ့အတူ ၁၉၆၂ ဖက်ဒရယ် နှီးနှောပွဲကြီးမှာ ဦးနုနဲ့ စဝ်ခွန်ချိုတို့ တင်သွင်းမယ့် ဆွေးနွေးချက်တွေ အာဏာသိမ်းပွဲကြောင့် ပျောက်ဆုံး သွားတာမျိုး မဖြစ်သင့်တဲ့အကြောင်းတွေကို သူရေးသားခဲ့ပါတယ်။
ဗဟိုအစိုးရနဲ့ ပြည်နယ်တွေ အာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ၁၉၄၇ အခြေခံဥပဒေမှာ ဖက်ဒရယ်ပုံစံ မပီမသ ဖြစ်ခဲ့ပြီး ဗဟိုအစိုးရ ချုပ်ကိုင်မှု များခဲ့ကြောင်း၊ ဒါကြောင့် ဒီအမှားတွေကို မြန်မြန်ပြင်မှ နောက်ဆက်အမှားတွေ ရပ်မယ် ဆိုပြီးလည်း ၂ဝ၁၇ ထုတ် မြန်မာသမိုင်းသုတေသန စာစောင်ပါ ပင်လုံညီလာခံ စာတမ်းမှာ သူတိုက်တွန်းခဲ့ပါတယ်။
အရေးကြီးတဲ့ နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ခေတ်သစ်မှာ အားလုံးပါဝင် ဆောင်ရွက်မှရမယ်၊ ဒေသတိုင်းနဲ့ လိုအပ်ချက်နဲ့ အညီဖြစ်ရမယ်လို့လည်း စိုင်းအောင်ထွန်းက ရေးခဲ့ပါတယ်။
နိုင်ငံတကာနဲ့ မပြတ်စေလိုသူ
စိုင်းအောင်ထွန်းဟာ တက္ကသိုလ်မှာ အရှေ့တောင်အာရှသမိုင်းသင်ကြားရေးကို နှိုးဆော်ခဲ့တယ်လို့လည်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှူး ပါမောက္ခ ဒေါက်တာမိုမိုသန့်က ပြောပါတယ်။ တက္ကသိုလ် ဘာသာရပ်တွေကို မြန်မာလို ပြောင်းလဲသင်ကြားရေးနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာကို ဖြတ်ထားခဲ့ရင် အာဆီယံ အဆင့်မှာ မြန်မာပြည် ထပ်ပြီး ခေတ်နောက်ကျနေအုန်းမယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို မရရအောင် ကြိုးစားလိုက်စားရမယ်ဆိုပြီး တက္ကသိုလ် သင်ကြားရေး အစည်းအဝေးတစ်ခုမှာ စိုင်းအောင်ထွန်းပြောကြားခဲ့ပါတယ်။
မြန်မာသမိုင်းနဲ့ နိုင်ငံတကာဆက်ဆံရေးပညာကို ပြည်ပမှာ သွားရောက်သင်ယူခဲ့တဲ့ ပညာရှင် လူကြီးမျိုးဆက်မှာ စိုင်းအောင်ထွန်း မရှိတဲ့နောက် ဒေါက်တာခင်မောင်ညွန့်၊ ဦးထွန်းအောင်ချိန်၊ ဦးသော်ကောင်း၊ ဒေါက်တာတိုးလှ၊ ဒေါက်တာ ဒေါ်မြင့်ကြည်နဲ့ ဒေါ်စောခင်ကြီးတို့ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပါတယ်။
Source: BBC News