တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်ပြီးပါက အမှတ်စာရင်းထုတ်မပေးဘဲ ဆိုင်းငံ့ထားမည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိပြီးပါက အမှတ်စာရင်းများကို ထုတ်ပေးနိုင်ဦးမည်မဟုတ်ဘဲ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြေကြားသည်။

အမှတ်စာရင်းများအပြင် အောင်လက်မှတ်ထုတ်ပေးခြင်း၊ အဖြေလွှာပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်းကိစ္စများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်တင်ပြပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ပြီး နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကြေညာအပြီး တစ်ပတ်ခန့်အကြာတွင် အမှတ်စာရင်းများကို ထုတ်ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် ကပ်ရောဂါအခြေအနေကြောင့် အမှတ်စာရင်းထုတ်ပေးခြင်း ဆိုင်းငံ့ထားရခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ယခင်နှစ်များက အောင်စာရင်းထွက်ရှိပြီးသည်နှင့် ရန်ကုန်၊ နေပြည်တော်တို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ Mobile Team များဖြင့် လှည့်လည်ကာ ထုတ်ပေးခဲ့သည်။

ယခုအခါ ကပ်ရောဂါအခြေအနေနှင့် လူစုလူဝေးမပြုလုပ်ရသည့်အခြေအနေများကြောင့် ယင်းကဲ့သို့ Mobile Team များဖြင့် လှည့်လည်ထုတ်ပေးခြင်းကိုလည်း ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း ဦးမျိုးညွန့်က ထပ်လောင်းပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်နှင့် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနဝက်ဘ်ဆိုက်တို့တွင် ကြေညာမည်ဖြစ်ပြီး ဝေးလံဒေသများနှင့် အင်တာနက်မရရှိသည့်ဒေသများအတွက် မြန်မာ့ရေဒီယိုအစီအစဉ်၊ Sky Net ပညာရေးရုပ်သံလိုင်းတို့က ကြေညာပေးမည်ဖြစ်သည်။

Source: The Voice

Latest Post News Read 24484 times