တက္ကသိုလ်ဝင်ခွင့်ဆိုတာ ပြိုင်ဆိုင်မှုများတာကြောင့် ကျောင်းသားတွေအတွက် မိမိတက်ရောက်လိုတဲ့ အိမ်မက်တက္ကသိုလ်မှာ ပညာသင်ကြားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားမှုက အရေးကြီးပါတယ်။ အဆင့်မြင့်တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ရဖို့ ပညာရေး ထူးချွန်မှု၊ ဗဟုသုတနဲ့ စွမ်းရည်တွေ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ လိုအပ်တဲ့အပြင် တက္ကသိုလ်ဝင်ခွင့် လိုအပ်ချက်တွေအကြောင်းကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။
အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် ကြိုတင်ပြင်ဆင်တဲ့အခါ အဓိက အာရုံစိုက်ရမယ့် အပိုင်းတွေကို မျှဝေသွားမှာဖြစ်ပါတယ်။
၁။ Academic Performance
အထက်တန်းမှာတည်းက သင်တက်ရောက်လိုတဲ့ ပညာရပ်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို သင်ကြားထားရမှာဖြစ်သလို အမှတ်တွေကောင်းအောင်လည်း ကြိုးစားရမှာပါ။ နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်တွေက ကောင်းမွန်တဲ့ ပညာရေးမှတ်တမ်း ရှိထားတဲ့ ကျောင်းသားတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အထက်တန်းမှာ A-Level၊ IB Diploma တို့လို အဆင့်မြင့် ပညာရေးပရိုဂရမ်တွေကို တက်ရောက်ပြီး သင့်အရည်အချင်းကို ပြသနိုင်ပါတယ်။ လိုအပ်ရင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ဖြေဆိုနိုင်အောင် စမ်းသပ်ဖြေဆိုမှုတွေ လုပ်ပြီး ပြင်ဆင်ထားပါ။
၂။ Extracurricular Activities
သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းက သင့်ရဲ့ စိတ်အားထက်သန်းမှု၊ တက်ကြွမှု၊ ဘက်စုံဖွံ့ဖြိုးမှုတို့ကို ပြသနိုင်ပါတယ်။ စေတနာ့ဝန်ထမ်းအလုပ်တွေမှာ လုပ်အားပေးခြင်း၊ အားကစားပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ကလပ်တွေမှာ ပါဝင်လှုပ်ရှားခြင်း၊ ပွဲတစ်ခုကို ဦးစီးစီစဉ်ခြင်းတို့က သင့်အောင်မြင်မှုတွေကို သိသားထင်ရှားစေတဲ့ သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။
တက္ကသိုလ်များစွာက စေတနာ့ဝန်ထမ်း (သို့မဟုတ်) အလုပ်သင်လုပ်ခြင်းမှတဆင့် ရပ်ရွာအကျိုးမှာ ပါဝင်ကူညီတဲ့သူတွေကို တက္ကသိုလ်တွေက ပိုတန်ဖိုးထားပါတယ်။ ဂီတ၊ စာရေးခြင်း၊ ကုဒ်ရေးခြင်း စတဲ့ ကိုယ်ဝါသနာပါတာမျိုးရှိရင် တစ်စိုက်မတ်မတ်လုပ်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမှာလည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။
၃။ Soft Skills
တက္ကသိုလ်တက်မှ မဟုတ်ဘဲ ဘ၀တိုးတက်မှုအတွက်ပါ လိုအပ်တဲ့ စွမ်းရည်တွေက ကျောင်းသားတိုင်းမှာ လေ့ကျင့် မွေးမြူထားသင့်ပါတယ်။ ဝေဖန်ပိုင်းခြား တွေးခေါ်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်မှု စွမ်းရည်၊ အကျိုးအကြောင်း ဆက်စပ် တွေးခေါ်နိုင်ပြီး ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်၊ ပညာရေးနဲ့ သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေမှာ ဟန်ချက်ညီဖို့ အချိန်စီမံခန့်ခွဲမှုစွမ်းရည်၊ ဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်အောင် စကားပြောစွမ်းရည် စတဲ့ အရည်အချင်းတွေ ရှိထားဖို့ လိုအပ်ပါတယ်။
၄။ Emotional Intelligence
ငြင်းပယ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ ကျောင်းသားတွေအနေနဲ့ မိမိစိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်ရပါမယ်။ ကျောင်းသားတွေအနေနဲ့ စဉ်ဆက်မပြတ် တိုးတက်မှုဆိုတာ ခံနိုင်ရည်ရှိခြင်း၊ လိုက်လျောညီထွေဖြစ်ခြင်း၊ အမှားတွေကနေ သင်ခန်းစာယူတတ်ခြင်းတို့ကနေ လာကြောင်း သိရပါမယ်။ နိုင်ငံခြားမှာ တက္ကသိုလ်တက်ရင် ကိုယ်တစ်ယောက်တည်း ဖြတ်သန်းရတော့မှာဖြစ်တဲ့အတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့ကလည်း အရေးကြီးပါတယ်။
၅။ Application Documents
တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အခါ ပြင်ဆင်ရမယ့် လိုအပ်ချက်တွေကို သိရှိထားရပါမယ်။ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု ဝင်ခွင့် လိုအပ်ချက်တွေက မတူညီပါဘူး။ ဝင်ခွင့်လျှောက်လွှာတင်တဲ့အခါ၊ စာရွက်စာတမ်းတွေ စုစည်းရတဲ့အခါ သိထားရမယ့် အဆင့်ဆင့် လမ်းညွှန်ချက်တွေကို ပညာရေးပြပွဲတွေကနေတဆင့် ရင်းနှီးအောင် ပြုလုပ်ပါ။
ဒါ့အပြင် သင့်ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေ၊ အိမ်မက်တွေကို ထင်ဟပ်စေပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရေးကိုယ်တာ ဖော်ပြချက်နဲ့ အက်ဆေးတွေ ရေးသားနိုင်ဖို့ ကြိုတင်လေ့ကျင့်ပါ။ တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့အခါ နောက်ထပ်အရေးကြီးတဲ့ Recommendation Letter ကို ထိထိမိမိ ရေးပေးနိုင်ဖို့ သင့်အားသားချက်ကို ကောင်းကောင်းသိတဲ့ ဆရာတွေကိုလည်း ရှာဖွေပါ။
ကိုယ်ဖြေဆိုထားရတဲ့ လစဉ်အမှတ်စာရင်းတွေရော၊ နောက်ဆုံးစာမေးပွဲအမှတ်တွေ၊ သင်တန်းအောင်လက်မှတ်တွေ၊ အမှတ်စာရင်းတွေကို တစ်စုတစ်စည်းတည်း သေချာ သိမ်းဆည်းပါ။
၆။ Research Universities
ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်တွေရဲ့ အသေးစိတ်အကြောင်းအရာကို လေ့လာပါ။ အကြံပြုချင်တာက တက္ကသိုလ်တွေကို မရွေးချယ်ခင်မှာ ကိုယ်တက်ရောက်ချင်တဲ့ မေဂျာကို အရင်ဆုံး ဆုံးဖြတ်ပါ။ နောက်တစ်ဆင့်မှ ကိုယ်တက်ချင်တဲ့ မေဂျာသင်ကြားတဲ့ တက္ကသိုလ်တွေကို စာရင်းလုပ်ပါ။ ဒီတက္ကသိုလ်တွေထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံးတက္ကသိုလ်ကို ရွေးချယ်ရပါမယ်။
တက္ကသိုလ်ရွေးချယ်တဲ့အခါမှာလည်း သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ဝင်ခွင့်လိုအပ်ချက်တွေကို သေချာ နားလည်ထားသင့်ပါတယ်။ ဘယ်အထက်တန်းအောင်လက်မှတ်ကို လက်ခံတာလဲ၊ IELTS လိုတာလား၊ TOEFL လိုတာလား၊ ဘယ်လိုအရည်အချင်းသတ်မှတ်ချက်တွေ ရှိရမှာလဲ၊ ပညာသင်ဆုပေးလား စတာတွေကို လိုက်ဖတ်ကြည့်ရမှာ ဖြစ်ပါတယ်။
နောက်ပြီး ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်တွေရဲ့ Open House ပွဲတွေကို တက်ရောက်လေ့လာပါ။ ဒီပွဲတွေကနေတဆင့် တက္ကသိုလ်အကြောင်းကို ပိုမိုသိရှိနိုင်ပြီး ကျောင်းကိုယ်စားလှယ်တွေကို တိုက်ရိုက်မေးခွန်းတွေ မေးဖို့ အခွင့်အရေး ရရှိမှာပါ။
၇။ Senior Advice
ကျောင်းသားတွေအတွက် သင့်လျော်တဲ့ တက္ကသိုလ်တွေနဲ့ ပရိုဂရမ်တွေကို ရွေးချယ်ရာမှာ လမ်းညွှန်ပေးတဲ့ College Counselors တွေ ရှိလာပြီဖြစ်တဲ့အတွက် သူတို့နဲ့ မဖြစ်မနေ တိုင်ပင်သင့်ပါတယ်။ ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်နဲ့ ပတ်သက်ပြီး မေးမြန်းချင်တာရှိရင် ကိုယ်သွားမယ့် နိုင်ငံမှာ လက်ရှိတက်ရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ်၊ တက်ရောက်ပြီးစီးခဲ့တဲ့ စီနီယာတွေကိုပဲဖြစ်ဖြစ် Social Media Page တွေ၊ Group တွေမှာ မေးမြန်းနိုင်ပါတယ်။ စီနီယာအကိုအမတွေရဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုလုပ်ငန်းစဉ်ကို သိရအောင် သူတို့လုပ်တဲ့ Free Workshop တွေကိုလည်း တက်ရောက် နားထောင်သင့်ပါတယ်။
၈။ Using Technology
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမှာ အသုံးပြုရတဲ့ အွန်လိုင်းပလပ်ဖောင်းတွေဖြစ်တဲ့ Common App၊ UCAS တို့ကို သုံးတတ်အောင် လေ့ကျင့်ထားပါ။ နောက်ပြီး တက္ကသိုလ်လျှောက်တဲ့အခါ လူတွေ့ အင်တာဗျူးစစ်ဆေးမှုလည်း ပါဝင်လာနိုင်တာဖြစ်တဲ့အတွက် Zoom နဲ့ Google Meet တို့လို Conferencing Tools တွေ၊ ပညာရေးအတွက် အသုံးဝင်တဲ့ AI tools တွေကိုလည်း လိုအပ်သလို အသုံးပြုတတ်ရပါမယ်။ အပေါ်မှာ ပြောခဲ့သလို ကိုယ်တက်ရောက်မယ့် တက္ကသိုလ်တွေကို လေ့လာဖို့ Website တွေ၊ Email တွေကိုလည်း ထိထိရောက်ရောက် အသုံးပြုတတ်ရပါမယ်။ Coursea ၊ Edx တို့လို နာမည်ကြီး အွန်လိုင်းသင်ကြားရေးပလပ်ဖောင်းတွေနဲ့လည်း ရင်းနှီးထားရပါမယ်။
ဖော်ပြခဲ့တဲ့ အချက်တွေကို အာရုံစိုက်ပြီး ကြိတင်ပြင်ဆင်ထားမယ်ဆိုရင် သင်ဟာ တက္ကသိုလ်ဝင်ခွင့်အတွက် တော်တော်လေး အဆင်သင့်ဖြစ်နေပြီလို့ ယူဆနိုင်ပြီး သင်တက်ရောက်လိုတဲ့ တက္ကသိုလ်မှာ တကယ်တက်ရောက်ခွင့်ရနိုင်မယ့် အခွင့်အရေးကိုလည်း ရရှိစေနိုင်ပါတယ်။