အဆင့်မြင့် ကျောင်းတစ်ကျောင်းဖြစ်စေမယ့် နည်းလမ်း (၁၀) ချက်

 

သင့်ကျောင်းနဲ့ ကျောင်းသားတွေရဲ့ တိုးတက်မှုကို ဆောင်ရွက်ဖို့ဆိုရင် ကျောင်းမှာ ကျင့်သုံးနေကျ နည်းလမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ကျောင်းတစ်ခုမှာ အပြောင်းအလဲတွေကို အကောင်အထည်ဖော်တော့မယ်ဆိုရင် ဒီပြောင်းလဲမှုကြောင့် တကယ်ပဲ ရလဒ်ကောင်းတွေရနိုင်/မရနိုင်၊ ပေးရမယ့်အချိန်၊ ဒေတာအချက်အလက်စုဆောင်းမှု၊ သုတေသနပြုသုံးသပ်ဖို့တွေ လိုအပ်ပါတယ်။ 

 

ကျောင်းတစ်ကျောင်းမှာ ထပ်ဆင့်တိုးတက်မှုတွေရှိနေဖို့ဆိုရင် ရောက်နေတဲ့နေရာမှာ ရပ်လိုက်တာမျိုးမလုပ်ဘဲ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် တွေးခေါ်နေပြီး လက်တွေ့ကျင့်သုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဆင့်မြင့်ပညာရေးကို တက်လှမ်းချင်တဲ့ ကျောင်းတွေအတွက်ရော၊ ကျောင်းသားဘက်ကို ပညာရေးအတွေ့အကြုံကောင်းတွေ ပေးနိုင်ဖို့အတွက်ပါ ထည့်သွင်းစဉ်းစားနိုင်တဲ့ နည်းလမ်းကောင်းတချို့ကို မျှဝေသွားပါမယ်။ 

 

၁။ နည်းပညာအသုံးပြုမှု

နည်းပညာက ပညာရေးအတွက် အတားအဆီးဖြစ်ပြီး ကျောင်းသားအာရုံစူးစိုက်မှုနှင့် စွမ်းဆောင်ရည်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ တချို့က ထင်ကြေးပေးကြပေမဲ့ တကယ်တမ်းက နည်းပညာဆိုတာ သုံးတတ်ရင် ပညာရေးအတွက် တကယ်လိုအပ်တဲ့ ထောက်တိုင်တစ်ခုပါ။

အခုခေတ် ကျောင်းအများစုမှာ SMART boards, Chromebooks, Video conferencing နဲ့ တခြားနည်းပညာကိရိယာတွေကို သုံးပြီး ကျောင်းသားတွေကို စာသင်ပေးနေကြပါတယ်။ နည်းပညာကို အသုံးပြုခြင်းအားဖြင့် ဆက်သွယ်ပြောဆိုနိုင်မှုတွေမှာ တိုးတက်လာတယ်၊ သုတေတနပြုမှုတွေမှာ အခွင့်အလမ်းတွေ ပိုရလာတယ်၊ စာသင်ကြားရေးမှာ လွယ်ကူမှုရှိလာတယ်၊ ထိရောက်တဲ့ အကဲဖြတ်စစ်ဆေးမှုတွေ လုပ်ဆောင်လာနိုင်တယ်၊ ပိုမိုပွင့်လင်းမြင်သာလာတယ် စသဖြင့် ကျောင်းသားလမ်းညွှန်သင်ကြားမှုအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာပါတယ်။ 

 

၂။ ဆရာဖြစ်သင်တန်း

ကျောင်းတစ်ကျောင်းမှာ အဓိကအခရာကျတာက ကျောင်းသား၊ ကျောင်းသူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရပြီး စာသင်ကြားပေနေတဲ့ ဆရာတွေပါပဲ။ ဆရာတွေအနေနဲ့ နည်းပညာကို ကောင်းစွာအသုံးချတတ်ဖို့၊ သင်ကြားရေးအရင်းအမြစ်တွေကို နည်းလမ်းမှန်မှန် အသုံးပြုဖို့၊ စာသင်ခန်းထဲက ကျောင်းသားတွေကို စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ဆရာတွေဟာ အခြေခံကျတဲ့ ပညာရေးဆိုင်ရာနည်းစနစ်များ လွှမ်းခြုံထားတဲ့ သင်ကြာမှုမျိုးကို ကျွမ်းကျင်တက်မြောက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ မိမိကျောင်းမှာရှိတဲ့ ဆရာ/ဆရာမတွေရဲ့ သင်ကြားမှုပုံစံကို စောင့်ကြည့်ရမှာဖြစ်ပြီး လိုအပ်တဲ့ သင်တန်းမျိုးကို ကျောင်းဘက်က စီစဉ်ပေးသင့်ပါတယ်။ နည်းပညာအသုံးပြုမှုအတွက်ဆိုရင် အချိန်တစ်ခုပေးပြီး လက်တွေ့ထိတွေ့စေတာမျိုး လုပ်ဆောင်စေပြီး နည်းစနစ်ကျတဲ့ လေ့ကျင့်သင်ကြားပေးမှုမျိုးကို စီစဉ်ပေးသင့်ပါတယ်။ 

 

၃။ ကျောင်းပြုပြင်ထိန်းသိမ်းခြင်း

ကျောင်းမှာ ကျင့်သုံးတဲ့ လုပ်ငန်းစဉ်တွေ၊ နည်းလမ်းတွေ၊ သင်ရိုးတွေက ပြန်လန်နေအောင်ကောင်းပေမဲ့ ကျောင်းရဲ့ အဆောက်အဦးက လုံခြုံမှုမရှိ၊ ဘေးကင်းမှုမရှိဘူးဆိုရင် အဆင်မပြေပါဘူး။ ဒါကြောင့် အဆောက်အဦး၊ စက်ပစ္စည်း၊ လျှပ်စစ်နှင့် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေကို စောင့်ကြည့်ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ ကျောင်းအုပ်ချုပ်သူတွေအနေနဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံး စောင့်ရှောက်မှုပေးနိုင်ဖို့ ကျောင်းဝင်းထိန်းသိမ်းမှုဆိုင်ရာ ပြဿနာအားလုံးကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်ရပါမယ်။ 

လက်တွေ့စမ်းသပ်ခန်းထဲက ကျောင်းသားနဲ့ ဆရာတွေ အသုံးပြုရတဲ့ ကိရိယာတန်ဆာပလာတွေကအစ ကြိုတင်စစ်ဆေးထားပြီး ဘေးကင်စေဖို့ ပြုပြင်ဆောင်ရွက်မှုတွေကို ဆောင်ရွက်ရပါမယ်။ အရံမီးစက်၊ မီးချောင်းတွေ၊ ပန်ကာတွေ၊ လေအေးပေးစက်တွေ အမြဲလည်ပတ်နေကြောင်း စစ်ဆေးရပါမယ်။ ဒါ့အပြင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေ မရှိအောင် အချိန်ကုန်၊ ငွေကုန်ကြေးကျခံပြီး ဖယ်ရှားရပါမယ်။ 

 

၅။ မိဘ-ဆရာဆက်သွယ်ရေး

ကျောင်းအုပ်ချူပ်ရေးမှူးတွေ၊ ဆရာတွေနဲ့ ဝန်ထမ်းတွေဟာ ကျောင်းသားမိဘတွေနဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ကျောင်းရဲ့အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ အထွေထွေအချက်အလက်တွေအပေါ် ဝေဖန်မှုနဲ့ အကြံဉာဏ်ကောင်းတွေ ရစေနိုင်ပါတယ်။

အုပ်ချုပ်ရေးယန္တရားမှာ ကျောင်းသားမိဘတွေရဲ့ ပါဝင်ပတ်သက်မှုကို အားပေးဖို့နဲ့ ကျောင်းနဲ့ ကျောင်းသားအခြေအနေကို အသိပေးတဲ့အနေနဲ့ ပုံမှန်အစည်းအဝေးတွေကို ပြုလုပ်သင့်ပါတယ်။ အစည်းအဝေးတွေမှ စုဆောင်းရရှိထားတဲ့ အသိပညာတွေဟာ သင်ကြားရေးလုပ်ငန်းစဉ်နဲ့ ကျောင်းတွင်းလုပ်ထုံးလုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် မိဘ-ဆရာဆက်သွယ်ရေးသာ ကောင်းမယ်ဆိုရင် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပညာရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်လို့ ကျေနပ်မှုရစေပြီး ကျောင်းဘက်ကတော့ ကျောင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီရစေပါတယ်။

 

၃။ ပွဲများကျင်းပခြင်း

ကျောင်းတစ်ကျောင်း တိုးတက်ဖို့ဆိုရင် ကျောင်းသားတွေရဲ့ တိုးတက်မှုကလည်း တစ်စိတ်တစ်ဒေသ ပါဝင်ရပါမယ်။ သီအိုရီတွေချည်းပဲ သင်နေတာထက် ကျောင်းသားတွေကို တကယ့်လက်တွေ့ဘ၀ကနေ သင်ယူနိုင်မယ့် သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ပြောပြပေးနိုင်မယ့် နယ်ပယ်အသီးသီက ကျွမ်းကျင်သူတွေရဲ့ ဟောပြောပွဲတွေ လုပ်ဆောင်ပေးရပါမယ်။

ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားနိုင်လောက်မယ့် ကျောင်းတွင်းပြိုင်ပွဲလေးတွေ၊ ကြိုးစားချင်စိတ်ဖြစ်အောင် ဆုပေးပွဲလေးတွေ၊ ဗဟုသုတရရှိအောင် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်ရက်လေးတွေမှာ ပါဝင်ဆင်နွဲစေတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ ကလေးတွေအနေနဲ့ စိတ်ပျော်ရွှင်တက်ကြွနေမှ သင်ခန်းစာပေါ်မှာ ပိုမိုအာရုံစူးစိုက်နိုင်ပြီး မှတ်သားနိုင်စွမ်းကိုလည်း တိုးမြှင့်လာနိုင်မှာဖြစ်တာကြောင့် သင်ကြားရေးဘက်မှာလည်း အထောက်အကူဖြစ်စေမှာပါ။ 

 

၆။ စာသင်ခန်းပြပ လှုပ်ရှားမှုများ

ကျောင်းသားတွေကို စာရှင်းတဲ့အခါ လက်တွေ့ကမ္ဘာရဲ့ သဘောတရားတွေနဲ့ ချိတ်ဆက်ပေးတဲ့ သင်ယူမှုအတွေ့အကြုံကို  ပေးဆောင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတာ့ စာသင်ခန်းအပြင်ဘက်မှာရှိတဲ့ လှုပ်ရှားမှုတွေကို ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ ဥပမာ - အပင်ကြီးထွားမှုဆိုင်ရာ သင်ခန်းစာကို သင်ကြားပေးတဲ့အခါ ကျောင်းသင်ရိုးညွှန်းတမ်းနဲ့ လက်တွေ့ကမ္ဘာကို ချိတ်ဆက်နိုင်ဖို့ ကျောင်းဝန်းအတွင်း အပင်စိုက်နည်းကို လက်တွေ့ပြသင့်ပါတယ်။ 

ဒီနည်းလမ်းမှာ အမှိုက်ရှင်းခြင်း၊ ပန်းများစိုက်ပျိုးခြင်း၊ ပေါင်းပင်များရှင်းလင်းခြင်း၊ ခြံစည်းရိုးခတ်ခြင်း စတဲ့ ကျောင်းသားကျောင်းသူတွေအတွက် လက်တွေ့စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တဲ့ လှုပ်ရှားမှုတွေပါဝင်သလို ကျောင်းဝင်းရဲ့ အသွင်အပြင်ကိုလည်း စိမ်းစိုလှပစေပါတယ်။ တိရိစ္ဆာန်လေးတွေအကြောင်းလေ့လာတဲ့အခါမှာလည်း တိရိစ္ဆာန်ဥယျာဉ်ခေါ်သွားပြီး သင်ခန်းစာနဲ့ လက်တွေ့ကို နှိုင်းယှဉ်သင်ကြားပေးတာမျိုး၊ လွပ်လပ်စွာတွေးခေါ်စေတာမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်။ 

 

၇။ ဒေသတွင်းကမ်ပိန်းများ

ကျောင်းသားတွေရဲ့ ခေါင်းဆောင်စွမ်းရည်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို လေ့ကျင့်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကမ်ပိန်းတွေကို စီစဉ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် လက်တွေ့ကမ္ဘာအရေးကိစ္စကို ဖြေရှင်းဖို့ အခွင့်အရေးရမယ်၊ ခေါင်းဆောင်စွမ်းရည်ကို တိုးတက်စေမယ်၊ ပြင်ပအတွေ့အကြုံရရှိမယ့်အပြင် ကျောင်းအတွက်ပါ အသုံးဝင်စေမယ့် ကမ်ပိန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ 

ဥပမာ - "စွန့်ပစ်ပစ္စည်းတွေကို လျှော့ချပြီး ပြန်လည်အသုံးပြုခြင်းကို မြှင့်တင်စို့" ဆိုတဲ့ ကမ်ပိန်းမှာဆိုရင် ကမ္ဘာကြီးအတွက်၊ ကျောင်းအတွက်၊ ကျောင်းသားတွေအတွက်၊ လူသားတွေအတွက် အကျိုးများစွာ ဖြစ်ထွန်းစေနိုင်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးနယ်ပယ်မှာ ကျောင်းသားတွေကို စာသင်ခန်းတွင်းသင်ယူမှုကနေ လက်တွေ့ကမ္ဘာထဲသို့ ခေါ်ဆောင်ပေးနိုင်ဖို့ ကျောင်းတွေဘက်က အခွင့်အရေးပေးသင့်ပါတယ်။ 

 

၈။ အားကစား လှုပ်ရှားမှုနှင့် ကလပ်များ

ကျောင်းတစ်ကျောင်းမှာ သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေ ထည့်သွင်းပြုလုပ်တာနည်းတယ်ဆိုရင် ကျောင်းတွင်းမှာပဲ လက်တွေ့လုပ်ဆောင်နိုင်တဲ့ အားကစားနဲ့ လှုပ်ရှားမှုလေးတွေကို ဖော်ဆောင်သင့်ပါတယ်။ ကလေးတွေ ဝါသနာပါတာကို လုပ်ဆောင်ခွင့်ပြုပေးခြင်းဖြင့် ကျောင်းသားနဲ့ ကျောင်းရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါတယ်။ မိမိကျောင်းမှာ စာရင်းသွင်းအပ်နှံထားတဲ့ ကျောင်းသားတွေ မြဲနေဖို့ဆိုတာ သူတို့ဝါသနာပါရာ အားကစားတွေ၊ အနုပညာတွေကို ဖော်ထုတ်ခွင့်ပေးသင့်ပါတယ်။ 

ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုနယ်ပယ်ကို ဆွဲဆောင်နိုင်တဲ့ လှုပ်ရှားမှုမျိုးကို ရွေးချယ်နိုင်တယ်ဆိုရင် ကျောင်းသားတွေဘက်ကလည်း သင်ကြားရေးရည်မှန်းချက်တွေကို ပြီးမြောက်အောင် ပိုမိုကြိုးစားလိုစိတ်ရှိလာမှာဖြစ်ပါတယ်။ ထည့်သွင်းစဉ်းစားနိုင်တဲ့ အချက်တွေကတော့ -

အားကစား (ဘေ့စ်ဘော၊ ဘောလုံး၊ ဘတ်စကတ်ဘော စသဖြင့်)

အနုပညာ (သရုပ်ဆောင်၊ ပုံဆွဲ၊ အက၊ စသဖြင့်)

ဉာဏ်ပညာ (ပဟေဋ္ဌိ၊ စစ်တုရင်၊ ဘုတ်ဂိမ်းစဖြင့်)


၉။ တက်ကြွတဲ့ စာသင်ခန်း

ကျောင်းသားတွေအတွက် စာသင်ခန်းအတွင်း အတွေ့အကြုံသစ်တွေ ပေးဆောင်နိုင်မယ့် ဆန်းသစ်ထားတဲ့ စာသင်ခန်းတစ်ခုအား ဖန်တီးဖို့ ဆရာတွေကို တိုက်တွန်းအပ်ပါတယ်။ ဒီနေရာမှာ ဆိုလိုတာက ပရိဘောဂတွေကို ပြန်လည်စီစဉ်တာ သို့မဟုတ် သင်ကြားမယ့်အကြောင်းအရာတွေကို နက်နက်နဲနဲ နည်းလည်နိုင်မယ့်အပြင် ကျောင်းသားတွေရဲ့ စိတ်ကို လှုံ့ဆော်ပေးနိုင်မယ့် နေရာအသစ်တစ်ခုကို စာသင်ခန်းအတွင်းမှာပဲ ပြုလုပ်ပါ။ 

(ဥပမာ - အသီတွေအကြောင်း သင်မယ်ဆိုရင် အသီးနဲ့ပတ်သက်တဲ့ ရုပ်ပုံတွေ၊ အရုပ်တွေ၊ အသီးအစစ်တွေ ရှိတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ။)

အတွေ့အကြုံသစ်တွေဟာ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုဖြစ်ပေါ်စေပြီး ပျော်ရွှင်မှုကိုပါ ပေါင်းစပ်လိုက်တဲ့အခါ ကျောင်းသားနဲ့ ဆရာ အပြန်အလှန် တုံ့ပြန်မှုရှိပြီး ကျောင်းသားတွေဘက်ကလည်း အကြောင်းအရာကို နားလည်လွယ်မှာဖြစ်ပါတယ်။ 

 

၁၀။ ကျောင်းသားများအတွက် ချီးကျူးစကား

တခါတရံမှာ ကျောင်းသားတစ်ယောက်ရဲ့ဘ၀ကို အထူးခြားဆုံးဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ ရိုးရှင်းတဲ့အရာတွေရှိပါတယ်။ အဲ့တာက ကျောင်းသားတွေကို ချီးကျူးတာပါ။ ချီးကျူးခြင်းဟာ ကျောင်းသားတစ်ဦးချင်းကို တန်ဖိုးထားခံရသကဲ့သို့ ခံစားရစေပြီး မျှော်မှန်းထားတာထက် ကျော်လွန်လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ကျောင်းဘက်မှ တာဝန်ရှိသူတွေနဲ့ ဆရာတွေဟာ ကျောင်းသားတွေရဲ့ အားသာချက်တွေကို ရှာဖွေပြီး သူတို့ရဲ့ အပြုအမူနဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးဂုဏ်ပြုပေးဖို့ လိုအပ်ပါတယ်။ 

 

အနှစ်ချုပ်ပြောရမယ်ဆိုရင် ကျောင်းသားတွေရဲ့ တိုးတက်မှုကို မြှင့်တင်ပေးဖို့ အလေးမထားဘူးဆိုရင် ကျောင်းတွေအနေနဲ့လည်း နာမည်ကောင်းရပြီး တိုးတက်ဖို့ဆိုတာ အလှမ်းဝေးနေပါသေးတယ်။ ဒါကြောင့် ဆန်းသစ်ပြီး နည်းလမ်းကျတဲ့ ပညာရေးလမ်းစဉ်တွေ ဖော်ဆောင်ဖို့၊ ကျောင်းသားမိဘတွေနဲ့ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်မှုတစ်ခုရှိဖို့၊ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့၊ ကျောင်းသားတွေအတွက် အပြင်လောက အတွေ့အကြုံတွေကို ထိတွေ့နိုင်စေဖို့ ထည့်သွင်းစဉ်းစားရမယ့် နည်းလမ်းတွေကို ဥပမာနဲ့တကွ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ 

 

High Pre-school Primary Secondary University / College Read 271 times