ပညာသင်ဆုလျှောက်ထားရာတွင် ကမ္ဘာ့ဘဏ်အတွက် ပညာသင်ဆုနှင့် မိမိတက်ရောက်လိုသော တက္ကသိုလ်ဝင်ခွင့် ၂ မျိုးစလုံးကို လျှောက်ထားရမည်ဖြစ်ပါသည်။
ထိုပညာသင်ဆုကို ဆင်းရဲမွဲတေမှုလျော့ချရေး အစီအစဉ်တစ်ရပ်အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံမှ လူငယ် ၊ လူလတ်ပိုင်းများအတွက် ပြည်ပပညာသင်ဆုများကို နှစ်စဉ်ချီးမြှင့်လျက်ရှိပါသည်။
ပညာသင်ဆုပေးသည့် ဘာသာရပ်များမှာ ပညာရေး ၊ ကျန်းမာရေး ၊ အင်ဂျင်နီယာ ၊ ပြည်သူ့ရေးရာ ၊ ဘောဂဗေဒ ၊ နိုင်ငံတကာ ဆက်ဆံရေး စသည်ဖြင့် ဘာသာရပ်အားလုံးကို တက္ကသိုလ်အလိုက် ရွေးချယ်လျှောက်ထားနိုင်ပါသည်။
JJ/WBGS Program မှာ Preferred Program နှင့် Partnership Program အတွက် တက္ကသိုလ် ၃၀ ကျော် သတ်မှတ်ထားသောကြောင့် မိမိလေ့လာလိုသည့် ဘာသာရပ်ကို ခွင့်ပြုထားသော တက္ကသိုလ်တွင် ရှာဖွေလျှောက်ထားရမည် ဖြစ်သည်။
Partner Program အတွက် ခွင့်ပြုထားသည့် ကျောင်းများနှင့် Master Program အသီးသီးကို လျှောက်ထားမည်ဆိုပါက တက္ကသိုလ်ဝင်ခွင့်ကို ပထမဆုံး လျှောက်ထားရမည် ဖြစ်သည်။
Preferred Program ကို လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်နှင့် ပညာသင်ဆု လျှောက်လွှာကို အပြိုင်လျှောက်ထားနိုင်မည် ဖြစ်သည်။
လျှောက်ထားလိုသူများ
- အသက် ၄၅ နှစ်အောက် ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံ ၃ နှစ်နှင့် အထက် ရှိရမည်။
- အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက်အနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကွဲပြားမည်။
- ပညာသင်ဆု လျှောက်ထားသည့်အခါတွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး အလုပ်ရှင် ထောက်ခံစာ ၂စောင်အတွက် ထောက်ခံမည့်သူနှစ်ယောက်၏ email ပေးပို့ရမည်ဖြစ်သည်။
- တက္ကသိုလ်မှ လက်ခံစာ (Letter of Acceptance) အတွက် တက္ကသိုလ်၏ ၀င်ခွင့်လမ်းညွှန်များအတိုင်း လျှောက်ထားရမည်ဖြစ်သည်။
- တက္ကသိုလ်အလိုက် လမ်းညွှန်များကို အင်တာနက်မှတစ်ဆင့် ရှာဖွေလေ့လာနိုင်မည်ဖြစ်ပြီး ပညာသင်ဆုအနေဖြင့် အချက်လေးချက်ပေါ် အခြေခံပြီး အမှတ်ပေး ရွေးချယ်သွားမည် ဖြစ်သည်။
ရာခိုင်နှုန်းသတ်မှတ်ချက်များ
- လုပ်ငန်းအတွေ့အကြုံ ၃၀ ရာခိုင်နှုန်း
- လုပ်ငန်းဆိုင်ရာ အကြီးအကဲနှစ်ယောက်ထောက်ခံချက်အနေဖြင့် ၃၀ ရာခိုင်နှုန်း
- မိမိတိုင်းပြည်ပြန်မည့် ခံဝန်ကတိ ၃၀ ရာခိုင်နှုန်း
- ပညာအရည်အချင်း မှတ်တမ်း ၁၀ ရာခိုင်နှုန်း
Preferred Program နှင့် Partnership Program အရ ခွင့်ပြုတက္ကသိုလ်များနှင့် ဘာသာရပ်နယ်ပယ်များကို ကမ္ဘာ့ဘဏ်၏ Scholarship web page (http://web.worldbank.org) တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။
Source: internet journal