The International Education and Skill Summit-TIESSကို ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး

India Didactics Association မှ Virtual စနစ်ဖြင့် ယနေ့မွန်းလွဲ ၂:၁၅ နာရီတွင် ကျင်းပသည့် The International Education and Skill Summit-TIESS ၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီးက “How Can We Develop an Ed-tech Culture in Education Encouraging Creativity and Development of New Approaches Within and Beyond Education?” ခေါင်းစဉ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

ဆက်စပ်ဖတ်ရှုရန် >>> ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးမည့် TIESS ကွန်းဖရန့် 

ပြည်ထောင်စုဝန်ကြီးက တိုးတက်လာသည့်နည်းပညာ ပြောင်းလဲခြင်းများနှင့်အတူ စွမ်းဆောင်ရည်မြင့်နည်းပညာသုံးကိရိယာများ အသုံးပြုကာ လေ့လာသင်ယူမှုဝန်းကျင် ကောင်းများကို ပုံဖော်ရန်အတွက် ဒီဂျစ်တယ် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာ ပါကြောင်း၊ ၂၁ ရာစု၏ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များရရှိရန်၊ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတက်မှုပန်းတိုင် (SDGs) ပါ ရည်မှန်းချက် ၁၇ ချက်ကို ပြည့်ဝရန်နှင့် ရာသီဥတုပြောင်းလဲမှု၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် ကျောင်းသား၊‌ ကျောင်းသူများ နှင့် ပညာရေးဝန်ထမ်းများကို ဒီဂျစ်တယ်နည်းပညာများ တတ်မြောက်ရန် လေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် KG+12 စနစ်စတင်ကျင့်သုံးခြင်း၊ စွမ်းဆောင်ရည်များ၊ အသိပညာဗဟုသုတများ၊ ကျွမ်းကျင်မှုများ၊ သဘောထားများနှင့် ပင်မတန်ဖိုးများ ကောင်းမွန် လာစေရေးအတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ဆရာများ၊ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် သင်တန်းပေးခြင်း၊ အခြေခံပညာဆရာ၊ ဆရာမများအားလုံးကို သင်ရိုးသစ်စာအုပ် သင်ကြားနည်းစနစ်များနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာအသုံးပြုနည်း သင်တန်းများပို့ချပေးခြင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်ကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရာတွင် ဖွံ့ဖြိုးမှုအားနည်းသော ဒေသများနှင့် တိုင်းရင်းသားဒေသများကို ဦးစားပေးခြင်း၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ တက္ကသိုလ်များတွင် လုပ်သားဈေးကွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော ဒီဂရီဘွဲ့သင်တန်းများကို တက်ရောက်နိုင်ရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၁ ရာစု၏ ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များရရှိရန်၊ ဘဝတစ်သက်တာပေါင်းစပ်သင်ယူမှုများ ရရှိရန်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတက်မှုပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရန်အတွက်  အရေးကြီးသည့် အခြေခံ လိုအပ်ချက်ဖြစ်သည့် မူလတန်း ကလေးငယ်များ အားလုံးတို့က အရေး၊ အဖတ်၊ အတွက်၊ အခြေခံသိပ္ပံ၊ အိုင်စီတီ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိများကို သင်ယူတတ်မြောက်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ရေးဆွဲလျက်ရှိရာ လူတိုင်းအတွက် ဒီဂျစ်တယ်ပညာရေးကို မဟာဗျူဟာတစ်ခုအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလနှင့် ကိုဗစ်အလွန်ကာလအတွက်လည်း ထည့်သွင်းထားပါကြောင်း၊ အဆိုပါမဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် ၂၀၁၉-၂၀၂၁ ဘဏ္ဍာနှစ်တွင် အထက်တန်းကျောင်းတစ် ကျောင်းလျှင် ကွန်ပျူတာ ၁၀ လုံးစီနှင့် တက္ကသိုလ် တစ်ကျောင်းလျှင် ကွန်ပျူတာ အလုံး၃၀စီ ပံ့ပိုးပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ အခြေခံပညာကျောင်းတစ်ကျောင်းလျှင် Tablet တစ်လုံးစီကိုလည်းကောင်း၊ အခြေခံ၊ နည်းပညာ၊ သက်မွေးပညာနှင့် တက္ကသိုလ် များတွင် Tablets/ Laptops/ Computers များပံ့ပိုးပေးရန်လည်းစီစဉ်ထားပါကြောင်း၊ ဒီဂျစ်တယ်လေ့လာသင်ယူမှုစင်တာများ ဖွင့်ပေးကာ ရေရှည်တွင် အိုင်စီတီဆိုင်ရာလိုအပ် သောပစ္စည်းများကို ဆက်လက်ပံ့ပိုးပေး မည်ဖြစ်ပါကြောင်း၊ 

တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များတွင် အင်တာနက်လိုင်းများနှင့်Wifi ရရှိရေးနှင့် Websitesများ တည်ထောင်ရေးတို့အတွက် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ Learning Management System (LMS) ကို အသုံးပြု၍ အခြေခံပညာကဏ္ဍ၊ အဆင်မြင့်ပညာကဏ္ဍနှင့် နည်းပညာ၊  သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍများရှိ ဆရာ၊ ဆရာမများအတွက် ဒီဂျစ်တယ်နည်းပညာဖြင့် သင်ကြားသင်ယူမှုနည်းစနစ်များကို သင်ကြားပို့ချပေးလျက်ရှိပါ ကြောင်း၊ အထူးဝန်ဆောင်မှုလိုအပ်သောကျောင်းသားများအတွက် ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်းနှင့် တိုင်းရင်းသားဒေသများ၊ ဝေးလံခေါင်ဖျားဒေသ များနှင့် ဖွံ့ဖြိုးမှုအားနည်းသော ဒေသများကို ဦးစားပေး ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှပ်နှံ မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ၂၁ ရာစုတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်ရန်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ရန်နှင့် ဘေးကင်းလုံခြုံ၍  ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိသည့် တစ်သက်တာ သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးတို့မှာ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဟု မှတ်ယူပါကြောင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု၊ စိတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူအားစာနာပေးနိုင်မှုနှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုများရရှိရန် အတူတကွ သင်ယူခြင်း၊ အတူတကွအလုပ်လုပ်ခြင်း၊ အတူတကွနေထိုင်ခြင်းတို့ဖြင့် လူတိုင်းအတွက် တစ်သက်တာသင်ယူမှုအခွင့်အလမ်းများဖန်တီးပေးရန်၊ High-tech Learning၊ High-touch Learning၊ Blended Learning များကို အသုံးပြု၍ ဘေးကင်းလုံခြုံ၍ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ လေ့လာသင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် ပညာရေး ဝန်ထမ်းအားလုံးနှင့် ကျောင်းသားအားလုံးကို ပညာရေးမိသားစုပုံစံဖြင့် ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ သို့မှသာ ပင်မတန်ဖိုးများဖြစ်သည့် ကမ္ဘာ့လူသားကောင်း စိတ်ဓာတ်ရှိမှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဆန်းသစ်တီထွင်မှုတို့နှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်၍ လူတိုင်းအတွက် သာယာဝပြောသည့် အနာဂတ် ဖန်တီးပေးရန်နှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည့်  ကမ္ဘာ့လူသားကောင်း များ ပြုစုပျိုးထောင်ပေး နိုင်မည်ဖြစ်ပါကြောင်း၊

သင်ယူမှုအခွင့်အလမ်းဆုံးရှုံးမှု လျော့ကျရေး  နှင့် လူတိုင်းအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူမှု အခွင့်အလမ်းများမြှင့်တင်ပေးရန် အတွက် ပညာရေးရုပ်မြင်သံကြား အစီအစဉ်မှ တစ်နေ့လျှင် ရုပ်မြင်သံကြားသင်ခန်းစာ ၈ နာရီ ပို့ချပေးလျက်ရှိပါကြောင်း၊ MRTV ရုပ်သံလိုင်းနှင့် FM Radio တို့မှလည်းကျောင်းသင်ခန်းစာ များပို့ချပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်များမှာလည်း မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့ သင်တန်းများ၊ ဒီပလိုမာသင်တန်းများကို အွန်လိုင်းမှတစ်ဆင့်ပို့ချရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်းမှတစ်ဆင့် Website ပေါ်တွင် တင်ထား သည့် အခြေခံပညာ ကျောင်းသင်ခန်းစာများ၊ နည်းပညာနှင့်သက်မွေးပညာရပ်များကို မည်သူမဆိုမှတ်ပုံတင်စရာမလိုပဲ အင်တာနက်အခမဲ့ဖြင့်သုံးစွဲနိုင်ပါကြောင်း၊ လွန်ခဲ့သည့် ၃ လ ခန့်က သင်တန်းသား ၂၀၀၀ ကျော်ကို LMS, Digitization နှင့် Video Editing သင်တန်း ပို့ချပေးနိုင်ခဲ့ပါကြောင်း၊ အင်တာနက်လိုင်းများမရရှိသည့် ဝေးလံခေါင်ဖျားဒေသများ နှင့် ဖွံ့ဖြိုမှုနည်းပါးသည့်ဒေသများသို့ DBE Boxes နှင့် DBE Sticks များ အခမဲ့ဖြန့်ဝေပေးခဲ့ ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးနှင့်နည်းပညာများကသာ ပိုမိုဆိုးရွားသည့် မညီမျှမှုများကို ကာကွယ်တားဆီးခြင်းနှင့် လူတိုင်းအတွက် သာယာဝပြောသည့် အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မျက်မှောက်ကမ္ဘာကြီးတွင် ကျောင်းသားများအားလုံး စဉ်ဆက်မပြတ်လေ့လာသင်ယူမှု အခွင့်အလမ်းများ ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စုပေါင်းအင်အားများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ Secretary General of Education and Research, Estonia ၊ Lead, International Cloud Innovation Porgrammes & International Education Strategy၊ Amazon Web Services နှင့် Director General, British Educaitonal Suppliers Association တို့နှင့်အတူ Panel Discussion ဆက်လက်ဆွေးနွေး မေးမြန်းဖြေကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

Source : Ministry of Education 

Local News Read 604 times