တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကျောင်းသား (၂) သိန်းကျော် စာရင်းပေးထား

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသား၊ ကျောင်းသူ (၂၂၀,၀၀၀) ခန့် စာရင်းပေးသွင်းထားကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ဒီဇင်ဘာ (၉) ရက်၌ ဖော်ပြခဲ့သည်။  

 

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ရောင်းချပေးခဲ့ရာ လက်ရှိအချိန်ထိ ကျောင်းသား၊ ကျောင်းသူ (၂၂၀,၀၀၀) ခန့် စာရင်းသွင်းထားပြီး နောက်ဆုံးရ စာရင်းကို ဇန်နဝါရီလမှ သိရမည်ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ဖြေဆိုခွင့် စာရင်းသွင်းထားသူဦးရေ ပိုမို များပြားလာကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လတွင် တစ်ကြိမ်၊ ဧပြီနှင့် မေလတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် တစ်ကြိမ် ကျင်းပခဲ့ရာ စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း (၁၂၈,၈၂၀) ဦးရှိခဲ့ပြီး (၇၄,၅၉၂) ဦး အောင်မြင်ခဲ့သည်။ 

 

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲကို လာမည့် မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၂) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဆက်တိုက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုမည့်အပြင် စနစ်ဟောင်း န၀မတန်း အောင်မြင်ပြီးထားသူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများလည်း ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုမည်ဖြစ်သည်။

 

Latest Post Local News Read 14 times