ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် အများဆုံးကူးစက်ခံရသည်ဟုသိရသည်။ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းရင်း COVID-19 ရောဂါကူးစက်ခံရသည့် ဆရာ၊ ဆရာမဦးရေ ၁၀၀ကျော်အထိ တိုးလာပြီး ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးကူးစက်ခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်(MTF) အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။ မဲရုံတာဝန်ထမ်းရင်း C0VID-19 ရောဂါ ကူးစက်ခံရသည့် ဆရာ၊ ဆရာမစာရင်းကို MTF က နိုဝင်ဘာ ၂၃ ရက်က စတင်ကောက်ယူခဲ့ပြီး စာရင်းစတင် ကောက်ယူစဉ်က ရောဂါကူးစက် ခံရသူ ၁၀ ဦးခန့်သာ ရှိသည်။
နိုဝင်ဘာ ၂၉ ရက် နေ့လယ်အထိ MTF က ရရှိသည့်စာရင်း အရ မဲရုံတာဝန်ထမ်းဆောင်ရင်း COVID-19 ရောဂါ ကူးစက်ခံရသည့် ဆရာ၊ ဆရာမ ၁၀၀ ဦးကျော် ရှိနေပြီး ရန်ကုန်တိုင်းဒေသ ကြီးတွင် အများဆုံးကူးစက်ခံထား ရသည်။ ပဲခူးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ကူးစက်ခံထား ရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် တတိယအများဆုံး ကူးစက်ခံထား ရသည်။ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် လည်း ကူးစက်ခံထားရသူများ ရှိသည်။
‘‘အခုစာရင်းရတာတော့ ၈၀ ကျော်သွားပြီ။ ICU (အရေး ပေါ်ခန်း) ရောက်တာအထိ ဖြစ်သူ တော့မရှိဘူး။ တော်တော်များများ လည်း ဆေးရုံဆင်းနေကြပြီ။ ဆရာ၊ ဆရာမအများစုကတော့ ရောဂါဒဏ်ကို တွန်းလှန်နိုင်တယ်။ ခံနိုင်ရည်ရှိကြပါတယ်’’ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။
မဲရုံတာဝန်ထမ်းရင်း C0VID-19 ရောဂါ ကူးစက်ခံရသည့် ဆရာ၊ ဆရာမများအနက် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ ဆရာမတစ်ဦး၊ ဗိုလ်တထောင်မြို့ နယ်မှ ဆရာမတစ်ဦးသည် COVID-19 ရောဂါဖြင့် သေဆုံးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ ဆရာမတစ်ဦးသည် ကြိုတင်မဲကောက်ယူသည့် ကာလတွင် သေဆုံးခဲ့ပြီး ဗိုလ်တထောင်မြို့နယ်မှ ဆရာမတစ်ဦး သည် ရွေးကောက်ပွဲအပြီးတွင် COVID-19 ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
မဲရုံတာဝန်ထမ်းဆောင်စဉ် COVID-19 ရောဂါကူးစက်ခံရ သည့် ဆရာ၊ ဆရာမများ၊ ပညာ ရေးဝန်ထမ်းများကို တစ်ဦးလျှင် ကျပ် ငါးသောင်းနှုန်းဖြင့် MTF က ထောက်ပံ့ကူညီပေးနေသည်။ ထိုပညာရေး ဝန်ထမ်းများကို ထောက်ပံ့ကူညီလိုသည့် အလှူ ရှင်များရှိပါကလည်း MTF နှင့် ဆက်သွယ်နိုင်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။
မဲရုံတာဝန်ထမ်းဆောင်စဉ် COVID-19 ရောဂါကူးစက်ခံရ သော ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများစာရင်းကို ဒေါက်တာဇော်မျိုးလှိုင် (ဖုန်း-၀၉-၇၈၁၉၀၇၀၆၁)၊ ဒေါ်သီတာ (ဖုန်း-၀၉-၄၂၀၁၁၀၇၁၄)၊ ဒေါ်နီလာဝင်း (ဖုန်း-၀၉-၄၄၄၀၃၉၄၄၀)၊ ဦးအေးမင်းထိုက်(ဖုန်း-၀၉-၂၅၀၄၂၇၀၀၈)တို့သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း MTF က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပညာရေးဝန်ကြီး ဌာနမှ ဆရာ၊ ဆရာမ၊ ပညာရေး ဝန်ထမ်း တစ်သိန်းခွဲခန့်က မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Source: 7day.news