ဂျပန်ဘက်က ကမ်းလှမ်းပြီး ပညာသင်ဆုပေးမယ်ဆိုပြီး သံရုံးကတစ်ဆင့် အကြောင်းကြားလာပါသည်။
ဂျပန်အစိုးရ ခေါ်ယူနေတဲ့ Teacher Training Students Program (2017) အတွက် ခေါ်ယူတာဖြစ်ပြီး အခြေခံပညာကျောင်းများနဲ့ ပညာရေးကောလိပ်များက ဆရာ ၊ ဆရာမများ လျှောက်ထားနိုင်ပါသည်။
ဆရာ ၊ ဆရာမများအတွက် အတွေ့အကြုံ ၊ ဗဟုသုတ ၊ နည်းစနစ်တွေပါ ရနိုင်တယ်ဆိုတော့ ပညာရေးအတွက် အများကြီး အထောက်အကူပြုမှာ ဖြစ်ပါသည်။
ပညာတော်သင်ကာလမှာ ၁ နှစ်ခွဲ ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် ၊ မတ်လ အထိ ကြာမြင့်မည်ဖြစ်ပါသည်။
အင်္ဂလိပ်စာဘာသာရပ်နဲ့ ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတကို ရေးဖြေ ၊ နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပါသည်။
ပဏာမရွေးချယ်ခံရသူတွေအနေနဲ့ အင်္ဂလိပ်ဘာသာရပ်နဲ့ ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲ နှစ်နာရီစာ မေးခွန်းကို ဖြေဆိုရမည် ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကို လူတွေ့စစ်ဆေးမည် ဖြစ်ပါသည်။
အရည်အချင်းစစ် စာမေးပွဲ ၀င်ရောက်ဖြေဆိုလိုသူများသည် ပြည့်စုံအောင် ဖြည့်စွက်ထားတဲ့ အချက် ၃၆ နဲ့ ၁၇ ချက်ပါ ၀င်တဲ့ ကိုယ်ရေးရာဇ၀င်သုံးစုံကို ယူဆောင်လာရမည်ဖြစ်ပါသည်။
ပညာတော်သင်ကာလ ပြီးဆုံးပါက မြန်မာနိုင်ငံကို ပြန်လည်လာရောက်မယ့်အကြောင်းနဲ့ ဇနီး ၊ ခင်ပွန်းသည်တွေက နိုင်ငံခြားမှာ ရောက်ရှိနေခြင်း မရှိကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတေါက တာဝန်ခံပေးတဲ့ စာနဲ့အတူ လာရောက်ဖြေဆိုရမည် ဖြစ်ပါသည်။
လိုအပ်ချက်များ
- အသက် ၃၅ နှစ်အောက် ဆရာ ၊ ဆရာမများ လျှောက်ထားနိုင်ပြီး စုစုပေါင်း လူဦးရေ ၂၀ ဦး ရွေးချယ်မည် ဖြစ်ပါသည်။
- လာမည့် ၂၀၁၇ ခုနှစ် ၊ ဧပြီလ ၁ ရက်နေ့မှာ အသက် ၃၅ နှစ် မပြည့်သေးသူများနဲ့ ၁၉၈၂ ခုနှစ် ၊ ဧပြီလ ၂ ရက်နေ့နောက်ပိုင်း မွေးဖွားသူ ဖြစ်ရမည်။
- အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ လိုပြီး ဂျပန်ဘာသာစကားကို လေ့လာသင်ယူလိုသူနဲ့ ဘွဲ့ရရှိပြီး အခြေခံပညာကျောင်းတွေနဲ့ လေ့ကျင့်ရေးကျောင်းတွေမှာ မူလတန်းပြ ၊ အလယ်တန်းပြနဲ့ အထက်တန်းပြတာဝန် ထမ်းဆောင်နေသူတွေ ဖြစ်ဖို့ လိုအပ်ပါသည်။
လျှောက်ထားလိုသူများသည် ပညာသင်ဆုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် http://www.ynu.ac.jp/english/international/accept/jp_gov_scholarship.html#teacher တွင် ၀င်ရောက်ကြည့်နိုင်ပါသည်။