ထိုင်းတွင် မြန်မာစာသင်ကျောင်း (၆) ကျောင်း ပိတ်သိမ်းခံရ

 

ထိုင်းပညာရေးဝန်ကြီးဌာနသည် စူရတ်ဌာနီပြည်နယ်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် မြန်မာစာသင်ကျောင်း (၆) ကျောင်းကို စုံစမ်းသိရှိရပြီးနောက် အခြားပြည်နယ်များတွင် နောက်ထပ် တရားမဝင် ‌မြန်မာစာသင်ကျောင်းများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ဒေသဆိုင်ရာ အာဏာပိုင်များကို အမိန့်ထုတ်ခဲ့သည်။ 

 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ "မေတ္တာရိပ်" မြန်မာစာသင်ကျောင်းတွင် ကျောင်းတက်ချိန် မနက်ပိုင်း ကျောင်းသားများ စုဝေးစဉ် ထိုင်းနှင့် မြန်မာ နိုင်ငံတော်သီချင်း သီဆိုမှု ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီးနောက် ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားစာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။  

 

အဆိုပါကျောင်းသည် စူရတ်ဌာနီပြည်နယ်၊ မူအန်ခရိုင်၊ ဘန်ကွန်းဒေသတွင် တည်ရှိသော Bang Kung Technological College ပိုင်ဆိုင်ခဲ့သည့် မြေနေရာတွင် တရားမဝင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ တိုင်ကြားစာ လက်ခံရရှိပြီးနောက် ပညာရေးဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့သည် ပြည်နယ်အားလုံးရှိ အာဏာပိုင်များအား တရားမဝင် ကျောင်းများကို ရှာဖွေဖော်ထုတ်ရန် အမိန့်ပေးခဲ့သည်။

 

စူရတ်ဌာနီပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး Sukont Noopakdee ၏ ပြောကြားချက်အရ အဆိုပါကျောင်းသည် စူရတ်ဌာနီပြည်နယ် ပညာရေးမှူးရုံးမှ ၂၀၂၂ ခုနှစ်တည်းက ပိတ်သိမ်းရန် အမိန့်ပေးထားသည်ကို ဆက်လက်ဖွင့်လှစ်နေသော ကျောင်းဖြစ်ကြောင်း သိရသည်။

 

ထိုကျောင်းသည် အစိုးရ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည်မှာ ကြာပြီဖြစ်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူ ၁,၂၅၀ ဦး စာသင်ကြားနေကြကြောင်းလည်း ပြောကြားခဲ့သည်။ 

 

ထို့နောက် စူရတ်ဌာနီပြည်နယ်တွင် "မေတ္တာရိပ်" စာသင်ကျောင်းအပါအဝင် မြန်မာစကားပြော စာသင်ကျောင်း (၆) ကျောင်းသည် တရားမဝင် ဖွင့်လှစ်ထားသည်ကို စက်တင်ဘာလ ပထမပတ်တွင် တွေ့ရှိခဲ့ရသောကြောင့်  ကျောင်း (၆) ကျောင်းစလုံးကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

 

အစိုးရဘက်မှ အဆိုပါကျောင်းများနှင့် ဆက်စပ်နေသည့် ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၏ အလုပ်ပါမစ်နှင့် နေထိုင်ခွင့် အခြေအနေများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အလုပ်သမား အကာအကွယ်ပေးရေးကွန်ရက် (LPN) ဒါရိုက်တာ Sompong Srakaew သည် ပညာရေးဝန်ကြီးဌာန၏ သင်ကြားရေးစင်တာများ ပိတ်သိမ်းရေး လှုပ်ရှားမှုကို ဆန့်ကျင်ပြီး အစိုးရက ပြည်တွင်းပဋိပက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းကလေးငယ်များအား နေထိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက် ပေးသင့်သည်ဟု ပြောကြားခဲ့သည်။ 

 

Source - Bangkok Post 

Local News Read 24 times