Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းအားလုံး ပြန်ဖွင့်ပါက ကျောင်းအလိုက်သတ်မှတ်မည့် ကျောင်းတက်ချိန်ကို စီစဉ်ထားရန် ညွှန်ကြား

အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း အတန်းအားလုံး ပြန်ဖွင့်ပါက ကျောင်းတက်ချိန် ပုံစံလေးမျိုးအနက် ကျောင်းအလိုက် သတ်မှတ်မည့် ကျောင်းတက်ချိန်ကို စီစဉ်ထားရန် ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသည်။

အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာဦးရေ၊ ကျောင်းသားဦးရေ၊ စာသင်ခန်း၊ စာသင်ခုံအခြေအနေ အပေါ်မူတည်ပြီး ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်တက်၊ တစ်ပတ်ခြား နှစ်သုတ်သုံးရက်တက် စသည့် ကျောင်းတက်ချိန် များ သတ်မှတ်ထားသည့်အတိုင်း စီစဉ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက အခြေခံပညာဦးစီး ဌာနမှတစ်ဆင့် အခြေခံပညာကျောင်းများသို့ ဇူလိုင် ၂၇ ရက် က ညွှန်ကြားထားသည်။

မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်းနှင့် စာသင်ခန်း စုစုပေါင်းတို့ တွက်ချက်၍ စာသင်ခန်း၊ ကျောင်းသား အချိုးအရ ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြား နှစ်သုတ်၊ တစ်ပတ် ခြား နှစ်သုတ်သုံးရက်တက်သည့် ကျောင်းများအဖြစ် ဆရာဦးရေ၊ စာသင်ခုံအခြေအနေအရ ပြန် လည်ပြင်ဆင် သတ်မှတ်ရန်နှင့် ကျောင်းတက်ချိန်၊ ကျောင်းဆင်း ချိန်ကိုလည်း စာသင်ချိန် တစ်ချိန်သာခြား၍ လူအုပ်စုမဖြစ်ပေါ်ရေး အလေးထားစီစဉ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကနေ ပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဇူလိုင် ၂၉ ရက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ပညာရေးမှူးတစ်ဦးက  ‘‘အတန်း အားလုံးဖွင့်ရင် ကိုယ့်ကျောင်းက  ကျောင်းချိန် ဘယ်လိုဖွင့်မလဲဆိုတဲ့ စီမံချက်ပေါ့။ လောလောဆယ်က အထက်တန်းကျောင်းဆိုလည်း အထက်တန်းအဆင့် နှစ်တန်းပဲဖွင့်တာ။ အလယ်တန်းဖွင့်ရင် အဲဒီအတန်းတွေအတွက်ပါ ထည့်တွက်ရမှာပေါ့။ ကျောင်း သားဦးရေ၊ ဆရာဦးရေပေါ် မူတည်ပြီး ကျောင်းချိန် ဘယ်အမျိုးအစား
သတ်မှတ်မလဲဆိုတာပေါ့’’ ဟု ရှင်းပြသည်။

အထက်တန်းအဆင့် အတန်းများ ဖွင့်လှစ်ရာတွင် တွေ့ ကြုံရသည့် လိုအပ်ချက်၊ အားနည်းချက်များကို အနည်းဆုံး တစ်လကြာပြင်ဆင်ပြီးမှသာ အလယ်တန်း၊ မူလတန်းများအား တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်နိုင်ရေး စီမံဆောင်ရွက်ရန် COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

အသေးစိတ်သိရှိလိုပါက >>>Click Here <<< ဝင်ရောက်ကြည့်ရှုနိုင်သည်။

Government School Government School News News Read 34161 times