Sales Hotline : 09448001653       Download App



အလယ်တန်း အောင်မြင်ပြီးပါက ရွေးချယ် တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်း (၄) ခု

အခြေခံပညာအထက်တန်းအပြင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကိုပါ ရွေးချယ် သင်ယူ လေ့ကျင့်ခွင့် ရရှိနိုင်တော့မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

အလယ်တန်းအဆင့် (Grade 9) ပြီးမြောက် အောင်မြင်သူတိုင်း မည်သူမဆို လျှောက်ထားနိုင်မည် ဖြစ်ပြီး ပညာဆက်လက် သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအနေဖြင့် အဆိုပါ ပညာရေးလမ်းကြောင်း (၄) ခု အကြောင်းကို သိရှိနိုင်ရန် အောက်တွင် ဖတ်ရှု လေ့လာနိုင်သည်။

 

အခြေခံပညာ အထက်တန်းဆင့်

ပုံမှန်ဖွင့်လှစ်လျက်ရှိသော အခြေခံပညာအထက်တန်းကျောင်းများတွင် အခြေခံပညာ အထက်တန်းဆင့် (Grade 10, Grade 11, Grade 12) ပညာသင်ကာလ (၃) နှစ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့သင်ယူသော ဘာသာတွဲများအလိုက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီပါက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ဖြစ်သည့်…

  • ဆေးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ 
  • နည်းပညာတက္ကသိုလ်များ၊ 
  • ကွန်ပျူတာတက္ကသိုလ်၊ 
  • အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ 
  • စိုက်ပျိုးရေးတက္ကသိုလ်၊ 
  • မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ 
  • သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ 
  • မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ 
  • သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ 
  • စီးပွားရေးတက္ကသိုလ်၊ 
  • ပညာရေးတက္ကသိုလ် အစရှိသည့် တက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် သိပ္ပံများသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

 

စက်မှုနည်းပညာ

စက်မှုနည်းပညာလမ်းကြောင်းတွင် အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ်များအပြင် အထူးပြု ဘာသာရပ် (၃) မျိုး ဖြစ်သည့် အဆောက်အဦ နည်းပညာ (Building Technology)၊ လျှပ်စစ်နည်းပညာ (Electrical Technology) နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ (Machining Technology) ဘာသာရပ်များကို ပညာသင်ကာလ (၃)နှစ်တွင် စာတွေ့/ လက်တွေ့ ဖြင့် လုပ်ငန်းခွင်အသင့် ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြား လေ့ကျင့်ပေးမည် ဖြစ်သည်။

စက်မှုနည်းပညာလမ်းကြောင်းတွင် တက်ရောက်သည့် ကျောင်းသားများအနေဖြင့် အထူးအောင် (Credit) ဖြင့် အောင်မြင်သူများသည် ပညာသင်နှစ် (၆) နှစ် တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ (BE) ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့် ပညာသင်နှစ် (၄) နှစ် တက်ရောက်ရပြီး နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော အစိုးရနည်းပညာကောလိပ်များသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် ပညာသင်နှစ် (၃) နှစ် တက်ရောက်ရပြီး အင်ဂျင်နီယာ နည်းပညာဒီပလိုမာ (AGTI Diploma) ပေးအပ်သော အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်မည် ဖြစ်သည်။

အင်ဂျင်နီယာနည်းပညာ ဒီပလိုမာသင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာ ကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်) နှင့် နည်းပညာတက္ကသိုလ်၏ တတိယနှစ် (ပထမနှစ်ဝက်) ကို စတင် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရိုးရိုးအောင်မြင်သူများအနေဖြင့်မူ ပြီးမြောက်ကြောင်း အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ လေ့ကျင့် သင်ကြားပေးထားသဖြင့် ပြင်ပလုပ်ငန်းခွင် များသို့ ဝင်ရောက်ရာတွင် (သို့) ကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ရရှိစေမည် ဖြစ်သည်။

 

Advertisement

Click Here > United

 

စိုက်ပျိုးရေးအတတ်ပညာ

စိုက်ပျိုးရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် စိုက်ပျိုးရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကာလ (၃) နှစ်တွင် စာတွေ့ လက်တွေ့ဖြင့် လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြား လေ့ကျင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

အထူးအောင် (Credit) ဖြင့် အောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) (၅) နှစ်သင်တန်းကို တက်ရောက်နိုင်မည် ဖြစ်သည်။ 

အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ စိုက်ပျိုးရေး ဒီပလိုမာလက်မှတ် (Diploma in Agriculture) (၃) နှစ်သင်တန်းနှင့် အစိုးရစက်မှုလက်မှုသိ ပ္ပံများ၏ အင်ဂျင်နီယာနည်းပညာဒီပလိုမာ (AGTI Diploma – Farm Machinery) (၃) နှစ်သင်တန်းသို့ တက်ရောက်နိုင်မည် ဖြစ်သည်။ 

စိုက်ပျိုးရေး ဒီပလိုမာသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၅) နှစ်သင်တန်း၏ တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ စတင် တက်ရောက်နိုင်ပြီး အင်ဂျင်နီယာနည်းပညာ ဒီပလိုမာသင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာ ကောလိပ်၏ တတိယနှစ် (ပထမနှစ်ဝက်) နှင့် နည်းပညာတက္ကသိုလ်၏ တတိယနှစ် (ပထမနှစ်ဝက်) သို့ စတင် တက်ရောက်နိုင်မည် ဖြစ်သည်။

ရိုးရိုးအောင်မြင်ပါက စိုက်ပျိုးရေးအတတ်ပညာ အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် သက်ဆိုင်သော အခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဟု ဆိုသည်။

 

မွေးမြူရေးအတတ်ပညာ

မွေးမြူရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် မွေးမြူရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကာလ (၃) နှစ်တွင် စာတွေ့ လက်တွေ့ဖြင့် လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြား လေ့ကျင့်ပေးမည် ဖြစ်သည်။

အထူးအောင် (Credit) ဖြင့် အောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့ (Doctor of Veterinary Medicine) (၆) နှစ် သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) (၄) နှစ်သင်တန်းများကို တက်ရောက်နိုင်မည် ဖြစ်သည်။

အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေးသိပ္ပံများ၏ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) (၃) နှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏ ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာ (Diploma in Fisheries and Aquaculture) (၃) နှစ်သင်တန်းသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

မွေးမြူရေးဒီပလိုမာ သင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (၄) နှစ်သင်တန်း၏ တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ စတင် တက်ရောက်နိုင်ပြီး ငါးလုပ်ငန်း သိပ္ပံဒီပလိုမာသင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ စတင် တက်ရောက်နိုင်သည်။ 

ရိုးရိုးအောင်မြင်ပါက မွေးမြူရေးအတတ်ပညာ အောင်လက်မှတ် ရရှိမည် ဖြစ်ပြီး မွေးမြူရေးနှင့် သက်ဆိုင် သော အခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်သည်။

Government School Latest Post Local News Read 2740 times