International School မှာ စာသင်ရတာက ယဉ်ကျေးမှုပေါင်းစုံ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံကိုလည်း ရရှိစေတဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးစနစ်သစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရတာကြောင့် စိန်ခေါ်မှုများသလို ပရော်ဖက်ရှင်နယ် တိုးတက်မှုရှိပြီး လစာလည်း ကောင်းပါတယ်။
သင်ဟာ ရည်မှန်းချက်ကြီးကြီးထားပြီး International School မှာ ဆရာတစ်ယောက်ဖြစ်လိုတယ်ဆိုရင် အခုဖော်ပြပေးမယ့် အရည်အချင်းတွေကို မဖြစ်မနေ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။
သင်ကြားရေး အသိအမှတ်ပြုလက်မှတ်များ
သင်ကြားရေးအလုပ်ကို ဝါသနာပါတယ်ဆိုရင် သင်ကြားရေးနဲ့ပတ်သက်တဲ့ ဘွဲ့တစ်ခုတော့ ရှိထားရပါမယ်။ Bachelor’s degree in Education (B.Ed.) အပြင် CLIL၊ Lesson Planning၊ Teaching Strategies၊ TESOL တို့လို သင်ကြားရေးနဲ့ဆိုင်တဲ့ သက်ဆိုင်ရာ သင်တန်းတွေကို တက်ရောက်ထားသင့်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြု ထုတ်ပေးထားတဲ့ သင်ကြားရေးလိုင်စင်လည်း လုပ်ထားသင့်ပါတယ်။ နိုင်ငံတကာကျောင်းတော်တော်များများက Master ဘွဲ့နဲ့အထက် လျှောက်ထားသူတွေကို ပိုနှစ်သက်ကြပါတယ်။
သင်ကြားရေးအတွေ့အကြုံ
ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို အလုပ်ရှင်က အတွေ့အကြုံရှိပြီးသားလူကိုသာ ပိုလိုချင်ကြတာဖြစ်တဲ့အတွက် နိုင်ငံတကကျောင်းတွေမှာလည်း အတွေ့အကြုံရှိတဲ့ ဆရာကိုသာ အလုပ်ခန့်လိုပါတယ်။ ဒီလိုအပ်ချက်ရဲ့ နောက်ကွယ်ကအကြောင်းကတော့ သင်ကြားရေးဆိုတာ အသိပညာ မျှဝေပေးရုံသာ မဟုတ်ဘဲ စာသင်ခန်းစီမံခန့်ခွဲမှုစွမ်းရည်၊ ကျောင်းသားတွေကို ဆွဲဆောင်နိုင်တဲ့စွမ်းရည်နဲ့ ရှုပ်ထွေးတဲ့သဘောတရားတွေကို နားလည်လွယ်အောင် ရှင်းပြနိုင်တဲ့စွမ်းရည်တွေလည်း လိုအပ်ပါတယ်။ ဒီလို စွမ်းရည်တွေ ရဖို့ဆိုတာ ကျောင်းသားတွေနဲ့ လက်တွေ့ ထိတွေ့သင်ကြားဖူးမှ ဖြစ်မှာပါ။
ဘာသာစကား ကျွမ်းကျင်မှု
မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတွေဟာ သင်ကြားရေးကြားခံ ဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားကိုပဲ အသုံးပြုတာကြောင့် ဆရာတွေအနေနဲ့ အင်္ဂလိပ်စကားအတွက် အကြား၊ အဖတ်၊ အပြော၊ အရေး စွမ်းရည် (၄) ခုလုံး ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။
ဆရာတွေက ကျောင်းသားတွေကို သင်ခန်းစာ သဘောတရားတွေ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ဖို့၊ လမ်းညွှန်ချက်တွေနဲ့ မှတ်ချက်တွေ ပေးနိုင်ဖို့ ဘာသာစကားကျွမ်းကျင်မှုက လိုအပ်ပါတယ်။ ကိုယ်အလုပ်လုပ်ချင်တဲ့ International School က Multi-Language သင်ကြားတဲ့ ကျောင်းဖြစ်တယ်ဆိုရင် အင်္ဂလိပ်ဘာသာစကားအပြင် နောက်ထပ် ဘာသာစကားတစ်မျိုးလောက်ကိုလည်း ထပ်ပြီး တတ်ထားရင် အခွင့်အရေး ပိုရနိုင်ပါတယ်။
နိုင်ငံကတာသင်ရိုးညွှန်းတမ်းများအား နားလည်ခြင်း
အစိုးရကျောင်းတွေနဲ့ မတူတာက နိုင်ငံတကာကျောင်းတွေဟာ IB၊ British၊ Cambridge နဲ့ American စတဲ့ နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွေကို အသုံးပြု သင်ကြားနေတာပါ။ ဒါကြောင့် ဒီသင်ရိုးညွှန်းတမ်းတွေကို သိပြီး ကိုယ်သင်ကြားလိုတဲ့ အတန်းအလိုက် ပရိုဂရမ်တွေအကြောင်း၊ ဘာသာရပ်တွေအကြောင်း၊ စာမေးပွဲတွေအကြောင်းကိုလည်း နားလည်သဘောပေါက်ထားခြင်းက နိုင်ငံတကာကျောင်းတွေမှာ အလုပ်အကိုင် ရှာဖွေနေတဲ့ ဆရာတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ သိမြင်မှု
နိုင်ငံတကာကျောင်းမှာ နိုင်ငံတကာပေါင်းစုံက ကျောင်းသားတွေ တက်ရောက်နေတာကြောင့် ဆရာတစ်ယောက်အနေနဲ့ ယဉ်ကျေးမှု အသိပညာ ကြွယ်၀ဖို့ အထူးလိုအပ်ပါတယ်။ ဆရာတွေက မတူကွဲပြားတဲ့ နောက်ခံကလာတဲ့ ကျောင်းသားတွေရဲ့ ယဉ်ကျေးမှုပြယုဂ်တိုင်းကို တန်းဖိုးထား လေးစားတတ်ရပါမယ်။ ယဉ်ကျေးမှုဆိုင်ရာ ကွဲလွဲမှုတွေကို သတိပြုပြီး ကျောင်းသားတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပုံသေအစဉ်အလာတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒီလို ယဉ်ကျေးမှု အသိအမြင်နဲ့အတူ မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကနေ မြင်တတ်ဖို့ Global Mindset ရှိဖို့ကလည်း အရေးကြီးပါတယ်။
စဉ်ဆက်မပြတ်လေ့လာမှု
ပညာရေးဆိုတာ အမြဲတိုးတက်ပြောင်းလဲနေတဲ့ ကဏ္ဍတစ်ခုဖြစ်တာနဲ့အညီ သင်ကြားနည်းအသစ်တွေ၊ နည်းပညာအသစ်တွေ ပုံမှန် ထွက်ပေါ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာကျောင်းဆရာတွေအတွက် မိမိကျွမ်းကျင်မှုကို ဖွံ့ဖြိုးတိုးတက်စေဖို့ စဉ်ဆက်မပြတ်လေ့လာမှုတွေကို လုပ်ဆောင်နေရပါမယ်။ ဆရာတွေက သူတို့ သင်ကြားရေး အတွေ့အကြုံတွေကို မြှင့်တင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ခြင်း၊ သက်ဆိုင်ရာ သင်တန်းတွေ တက်ခြင်း၊ သုတေသနလုပ်ငန်းစဉ်တွေမှာ ပါဝင်ရပါမယ်။
နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု
ယနေ့ခေတ် ပညာရေးကဏ္ဍမှာ နည်းပညာပါဝင်မှု တိုးတက်လာတာကြောင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဟာ ဆရာတွေအတွက် မဖြစ်မနေ လိုအပ်လာပါတယ်။ ဒစ်ဂျစ်တယ်သင်ပုန်း (သို့မဟုတ်) သင်ကြားရေးစီမံခန့်ခွဲမှုစနစ်တွေဖြစ်စေ စာသင်ခန်းအတွင်းရှိ နည်းပညာတိုင်းကို ဆရာတွေက သက်တောင့်သက်သာ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အွန်လိုင်းသင်ယူမှု တိုးတက်လာတာနဲ့အမျှ ဆရာ၊ ဆရာမတွေက အွန်လိုင်းမှတဆင့် သင်ခန်းစာတွေ ပို့ချခြင်းနဲ့ အွန်လိုင်းကို စီမံခန့်ခွဲရာမှာ ကျွမ်းကျင်မှု ရှိပြီး သင်ကြားရေးအတွက် အသုံးဝင်တဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေကို အသုံးပြုတတ်ရပါမယ်။
ကိုယ်ပိုင်အရည်အသွေးများ
နိုင်ငံကတာကျောင်းဆရာတွေမှာ ရှိရမယ့် ကိုယ်ပိုင်အရည်အသွေးလို့ပြောရင် ခေါင်းဆာင်မှု၊ စိတ်ရှည်ခြင်း၊ တီထွင်ဖန်တီးနိုင်မှု၊ လိုက်လျောညီထွေရှိမှုနှင့် သင်ကြားမှုအပေါ် စိတ်အားထက်သန်မှုတို့ ပါဝင်ပါတယ်။ ဒီလိုအရည်အချင်းတွေရှိမှ ကျောင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆာက်နိုင်မယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာတွေကို ဖန်တီးနိုင်မယ်၊ တိုးတက်ပြောင်းလဲနေတဲ့ သင်ကြားရေးနယ်ပယ်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မှုစွမ်းရည်ရှိမှ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျောင်းတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီခြင်း၊ တာဝန်ယူတတ်ခြင်းတို့ကို လုပ်နိုင်မှာပါ။